Toshiba
သည် touchscreen tablet များ နည်းပညာလောကသို့ ဝင်ရောက်ချိန် ၁၉၉၃
ခုနှစ်တွင် ပထမဦးဆုံး DynaPad ကို မိတ်ဆက်ပေးခဲ့သည်။ ယခုအခါတွင် အဆိုပါ
ဂျပန်ကုမ္ပဏီက Windows 10 two-in-one ထုတ်ကုန်ဖြစ်သော DynaPad သစ်ကို
မိတ်ဆက်ကြေညာခဲ့သည်။
ပြီးခဲ့သည့်လက ကျင်းပခဲ့သော IFA 2015 တွင် ရှေ့ပြေးပုံစံအဖြစ် ပြသခဲ့သည့် DynaPad သည် Microsoft Surface နှင့် အလွန်တူညီပြီး ပါးလွှာသော ဒီဇိုင်း၊ keyboard dock နှင့် ၁၂ လက်မ display တို့ ပါဝင်သည်။ Toshiba ကမူ DynaPad တွင် တစ်မူထူးခြားသော feature အချို့ ပါဝင်ကြောင်း ဆိုသည်။
Toshiba DynaPad တွင် Wacom Active Electrostatics TruPen တစ်ခုပါဝင်ပြီး ၎င်းကို Microsoft Office နှင့် Edge အပြင် Toshiba ၏ business app များဖြင့် အသုံးပြုနိုင်သည်။ Wacom stylus pen နှင့် tablet ကို အသုံးပြုရာတွင် စာရွက်ပေါ်၌ တကယ့်ဘောပင်ဖြင့် ရေးသားသည့် ခံစားမှုအတိုင်း ရရှိစေနိုင်ရန် ပြုလုပ်ထားကြောင်း Toshiba မှ ပြောကြားသည်။
DynaPad တွင် 1920 x 1280 IPS display အပြင် 1.44 GHz Atome processor နှင့် 4GB memory ကို အသုံးပြုထားသည်။ ၎င်းသည် Surface Pro 4 ၏ စွမ်းဆောင်ရည်ကို ယှဉ်ပြိုင်နိုင်မည် မဟုတ်သော်လည်း DynaPad သည် ကမ္ဘာပေါ်တွင် အပါးလွှာဆုံးနှင့် အပေါ့ပါးဆုံး ၁၂ လက်မ two-in-one tablet ဖြစ်ကြောင်း Toshiba မှ ပြောကြားသည်။ Keyboard ကို ဖြုတ်ထားလျှင် DynaPad ၏ အလေးချိန်မှာ ၅၆၉ ဂရမ်သာ ရှိသည်။ Keyboard ပါဝင်သည့်အခါ အလေးချိန် ၉၉၆ ဂရမ်ရှိကြောင်း ဆိုသည်။
DynaPad ကို ဂျပန်နိုင်ငံတွင် ကြိုတင်မှာယူမှု ပြုလုပ်နိုင်ပြီ ဖြစ်သည်။ တန်ဖိုးကို ကြေညာထားခြင်း မရှိသေးသော်လည်း ဂျပန်နိုင်ငံတွင် ဒီဇင်ဘာလ၌ ရောင်းချသည့်အခါ ယန်း ၁၃၀,၀၀၀ (ဒေါ်လာ ၁,၀၈၀ ခန့်) ကျသင့်ဖွယ်ရှိသည်။ အမေရိကန်နှင့် ဥရောပတို့တွင်မူ ၂၀၁၆ ခုနှစ် အစောပိုင်း၌ ရောင်းချမည်ဟု သိရသည်။
Ref: TheVerge

Credit to ==> Internet Journal