10/20/2015

♪ Meizu m2 Note ဟန်းဆက်အကြောင်း ♫


အားသာချက်
ဖုန်းတွင်ပါဝင်သော CPU, GPU, Screen, Camera အစရှိသော Hardware ပိုင်းများတွင် ကောင်းမွန်သည်။ မြင်တွေ့နေကျ Android ဖုန်းမြင်ကွင်းများနှင့် ကွဲပြားခြားနား နေမည်ဖြစ်ပြီး ကင်မရာ၏ စွမ်းဆောင်ရည်မှာလည်း ကောင်းမွန်သည်။ ပေါ့ပါးသော ဖုန်းအမျိုးအစား ဖြစ်ခြင်းကြောင့် ကိုင်တွယ်အသုံးပြုချိန်တွင် သက်သောင့်သက်သာရှိစေပြီး တန်ဖိုးသင့်တင့်သော ဖုန်းအမျိုးအစား ဖြစ်သည်။
အားနည်းချက်
ဖုန်းတွင်အသုံးပြုထားသော Screen Lock ပြုလုပ်သည့် Gesture စနစ်မှာ ရွေ့လျားနိုင်သော Icon တစ်ခုအဖြစ် Screen ပေါ်တွင် အမြဲတမ်းရှိနေသောကြောင့် မြင်ကွင်းအတွက် အနည်းငယ် အနှောင့်အယှက် ဖြစ်စေမည်ဖြစ်ပြီး Screen Lock စနစ်တွင်လည်း iPhone များကဲ့သို့ပင် Passcode စနစ်တစ်ခုသာ ပါဝင်ပြီး အခြား Pattern ကဲ့သို့ Lock စနစ်များ ပါဝင်မည်မဟုတ်ပါ။
ဒီဇီုင်း
ရိုးရှင်းသောပုံစံဒီဇိုင်း ဖွဲ့စည်းမှုမျိုးရှိနေပြီး ထောင့်အနားလေးဘက် အနည်းငယ်ဝိုင်းပြီး နောက်ကျောဘက် ကာဗာမှာလည်း အနားလေးဘက် လုံးထားသော အခုံးပုံစံမျိုးဖြစ်သည်။ ဖုန်းတစ်ခုလုံးအား ပလတ်စတစ် ကိုယ်ထည်ဖြင့် ဖွဲ့စည်းတည်ဆောက်ထားပြီး နောက်ကာဗာ အသေဖြစ်သည်။ ဖုန်းတစ်ခုလုံး၏ အရွယ်အစားမှာ အထက်အောက်အမြင့် ၁၅.၀၉ စင်တီမီတာ၊ ဘေးတိုက်အကျယ် ၇.၅၂ စင်တီမီတာနှင့် ထုထည်မှာ ၀.၈၇ စင်တီမီတာ ဖြစ်သော်လည်း အနည်းငယ် ထူသယောင်ရှိသော ဖုန်းဖြစ်သည်။ အလေးချိန်မှာ ၁၄၉ ဂရမ်ဖြစ်သော်လည်း ကိုင်တွယ်အသုံးပြုချိန်တွင် ပေါ့ပါးခြင်းကို ခံစားနိုင်မည်ဖြစ်သည်။
မြင်ကွင်း
ရှေ့မျက်နှာပြင်မှာ ၅.၅ လက်မ အရွယ်အစားရှိသော IGZO Capacitive Screen အမျိုးအစားဖြစ်ပြီး 1080x1920 Pixels (~403 ppi pixel density) ထိရရှိ နိုင်မည်ဖြစ်သည်။
နည်းပညာ
နည်းပညာပိုင်းတွင် Gesture Sensor စနစ်ပိုင်းများတွင် အများအပြား မြင်တွေ့နိုင်မည် ဖြစ်သည်။ Gesture Wakeup စနစ်အတွင်းတွင် Lock Screen ဖွင့်ခြင်းအတွက် အသုံးပြုနိုင်သော စနစ်များ အများအပြားရှိနေပြီး SmartTouch စနစ်တွင်လည်း အသုံးပြုနိုင်သော Gesture စနစ်များကို အများအပြား မြင်တွေ့နိုင်မည် ဖြစ်သည်။ Screen Off ပြုလုပ်သည့် Double Tap စနစ်မှာ Touch Icon တစ်ခုအနေဖြင့်သာ ပါဝင်လာမည်ဖြစ်ပြီး Screen တစ်ခုလုံးပေါ်တွင် Double Tap ပြုလုပ်နိုင်သော ပုံစံမျိုးမဟုတ်ဘဲ Icon ပေါ်တွင်သာ ပြုလုပ်ရမည့် ပုံစံမျိုးဖြစ်သည်။ ကင်မရာ နည်းပညာပိုင်းတွင် အများအပြား ထည့်သွင်းထားခြင်းမျိုး မရှိသော်လည်း ကောင်းမွန်သော ဓာတ်ပုံနည်းပညာများကို မြင်တွေ့နိုင်မည် ဖြစ်သည်။ Home Key တစ်ခုတည်းတွင်သာ Home နှင့် Back စနစ်နှစ်မျိုးစလုံးကို အသုံးပြုနိုင်အောင် ပြုလုပ်ထားပြီး Home Key အား Touch Pad တစ်ခုကဲ့သို့ အသုံးပြုရမည် ဖြစ်သည်။
အသေးစိတ်ဖော်ပြချက်
GSM စနစ်သုံးဖုန်းဖြစ်ပြီး 2G/ 3G ကွန်ရက်စနစ်များတွင် အသုံးပြုနိုင်မည်ဖြစ်သည်။ Nano Sim နှစ်ကတ် အသုံးပြုရမည်ဖြစ်ပြီး Sim Slot တစ်ခုမှာ SD Card နှင့်အတူ အတွဲလိုက်ရှိနေမည်ဖြစ်သည်။ Octa-core 1.3 GHz Cortex-A53 CPU ကို အသုံးပြုထားပြီး ဂရပ်ဖစ်အတွက်လည်း Mali-T720MP3 GPU ကို ထည့်သွင်းပေးထားသည်။ မှတ်ဉာဏ်မှာ 16GB နှင့် 32GB နှစ်မျိုးထွက်ရှိပြီး RAM 2GB ပါဝင်မည် ဖြစ်သည့်အပြင် ထပ်တိုးအသုံးပြု နိုင်ရန်အတွက် Micro SD Card 128GB ထိထပ်တိုးနိုင်မည် ဖြစ်သည်။ 13 Mega Pixel နောက်ကင်မရာ၊ 5 Mega Pixel ရှေ့ကင်မရာ၊ v4.0, A2DP LE, USB 2.0 နှင့် 3100 mAh ဘက်ထရီတို့ ပါဝင်မည်ဖြစ်သည်။
သုံးသပ်ချက်
ဖုန်းတစ်ခုလုံးအား ခြုံငုံသုံးသပ် ကြည့်မည်ဆိုပါက MEIZU m2 note သည် ဖုန်းတွင်အသုံးပြုထားသော CPU, GPU, Camera အစရှိသော Hardware ပိုင်းများတွင် ကောင်းမွန်သော ဖုန်းဖြစ်သည်။ OS ၏မြင်ကွင်း Interface မှာအနည်းငယ်ထူးခြားပြီး ပြည်တွင်းရှိ အခြားသော Android ဖုန်းများနှင့် Setting အသုံးပြုပုံစံချင်း အနည်းငယ် ကွဲပြားခြားနားလျက် ရှိခြင်းကြောင့် မြင်ကွင်းအသစ်အဆန်း တစ်ခု ဖြစ်မည်ဖြစ်သည်။ Android ကီးစနစ်ဖြစ်သည့် Back, Menu ကီးစနစ်နှစ်ခု မပါဝင်ဘဲ Home Key ပေါ်တွင် Laptop ကွန်ပျူတာများ၏ Mouse Pad ကဲ့သို့ အသုံးပြုရခြင်းမှာလည်း ထူးခြားမှုတစ်ခု ဖြစ်သည်။

Credit to ==> Internet Journal

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 




www.pyaephyo.com