10/20/2015

♪ နည်းပညာဝေါဟာရ အသုံးအနှုန်းနဲ့ သိမြင်နားလည်မှုများ ♫


၂၀ ရာစုနှစ်အတွင်း သိပ္ပံနှင့် နည်းပညာ တိုးတက်မှုနှုန်းထား မြင့်မားလှသလို ၂၁ ရာစုနှစ်ရဲ့ ပထမဆယ်စုနှစ်တွေမှာလည်း ဆန်းသစ် တီထွင်မှု ပိုမိုများပြားလာတာကို
တွေ့ခဲ့ကြရတယ်။ သိပ္ပံနဲ့ နည်းပညာ နယ်ပယ်မှာ ခေါ်ဝေါ်သုံးစွဲတဲ့ ဝေါဟာရတွေကလည်း တစ်ချိန်တည်းမှာပင် တစ်နှစ်ထက် တစ်နှစ်ပိုမို များပြားလာတာကို တွေ့ကြရတယ်။ အသုံးပြုကြရတဲ့ နည်းပညာ အပေါ် မူလအခြေခံကုတ်များနဲ့ ပြောဆို သုံးနှုန်းကြတဲ့ ဝေါဟာရများရှိသလို အမှန်တကယ် လက်တွေ့ အသုံးချခွင့်ရတဲ့ အချိန်မှာ သတ်မှတ် ပြောဆိုလိုက်တဲ့  ဝေါဟာရနဲ့ အမည်များလည်း ရှိနေကြတယ်။ တီထွင်ဖန်တီးကြတဲ့ သိပ္ပံပညာရှင်တွေ၊ သုတေသနပညာရှင်တွေ၊ အင်ဂျင်နီယာနဲ့ နည်းပညာရှင်တွေ အနေနဲ့
ခေါ်ဝေါ်သုံးစွဲကြတဲ့ ဝေါဟာရများအပေါ် အဓိပ္ပာယ် ဖွင့်ဆိုချက် အထိ နားလည် အသိအမှတ်ပြုပြီး ဖြစ်ကြပေမယ့်၊ နည်းပညာ အသုံးချကိရိယာ ပစ္စည်းကို ဝယ်ယူအသုံးပြုကြသူတွေ အနေနဲ့ အဓိပ္ပာယ်ပြည့်စုံစွာ  သိရှိနိုင်ဖို့ ခက်ခဲကြတယ်။ စိတ်ဝင်တစား လေ့လာသူများသာ သိရှိကြမှာ ဖြစ်တယ်။ ဘယ်လိုပင် ဖြစ်ဖြစ် အသေးစိတ် အဓိပ္ပာယ်ဖွင့်ဆိုချက်
တွေ နားမလည်တဲ့တိုင် ဝယ်ယူ သုံးစွဲသူတွေအနေနဲ့ ဝယ်ယူ အသုံးပြုကြမယ့် ပစ္စည်းကိရိယာနဲ့ ပတ်သက်တဲ့ သိမြင်နားလည်မှု (awareness) များသိရှိဖို့ လိုအပ်ပါလိမ့်မယ်။
ဒီလို ကိစ္စရပ်တွေအတွက် အမေရိကန်နိုင်ငံနဲ့ ဗြိတိန်နိုင်ငံအပါ အဝင် နည်းပညာ ပစ္စည်းများ ထုတ်မှုပြုလုပ်နေတဲ့ နိုင်ငံတွေမှာပင် သိမြင်နားလည်မှုအတွက် ပထမ
ဆုံး အလေးပေး ဆောင်ရွက်ကြလေ့ ရှိတယ်။ နောင် နယ်မြေဒေသ ဆိုင်ရာ နည်းပညာ သိမြင်နားလည်မှုနေ့ (Technology Awareness Day) များပင် ကျင်းပလေ့ရှိကြ တယ်။ ဥပမာ အမေရိကန်နိုင်ငံမှာ Regional Technology Awareness Day ကျင်းပပြီးစီးခဲ့တာ ၂၆ ကြိမ် ရှိခဲ့ပါပြီ။ လာမယ့် ဒီဇင်ဘာ လမှာ ၂၇ ကြိမ်မြောက် ကျင်းပကြမယ်လို့လည်း သိကြရတယ်။ အထူးသဖြင့် ကျောင်းတွေနဲ့ ပညာသင် ဌာနကြီးတွေမှာ စုရုံးကျင်းပကြတယ်။
သတင်းနဲ့ ဆက်သွယ်ရေး နည်းပညာ (ICT) ခေတ်အနေနဲ့ သတင်းနည်းပညာ အတွက် အသုံးချတဲ့ ဟာ့ဒ်ဝဲ၊ ဆော့ဖ်ဝဲအပါအဝင် ပစ္စည်း ကွန်ပျူတာစနစ်သုံး ကိရိယာတွေနဲ့ ဆက်သွယ်ရေးနည်းပညာကို အခြေခံထားတဲ့ မိုဘိုင်း ကွန်ပျူတာ စနစ်သုံး ကိရိယာတွေ အပြင် ဆက်နွှယ်နေတဲ့ ပစ္စည်းကိရိယာများအတွက် သိမြင်နားလည်ဖို့ လိုအပ်တယ်။ ခေါ်ဝေါ်
သုံးနှုန်းကြတဲ့ ဝေါဟာရတွေ သိထားရတယ်။ နည်းပညာတွေအကြောင်းကို နိုင်ငံအများစုက မိမိတို့ဘာသာ စကားနဲ့ ပြန်ဆိုကြပေမယ့် အများစုက မွေးစားစကားလုံးဖြစ်တဲ့ အ သံထွက်ကိုယူကာ ပြောဆိုခေါ်ဝေါ် သတ်မှတ်မှုတွေ ပြုကြတယ်။
အခေါ်အဝေါ်တွေ အမည်နာမတွေကို ဘယ်လိုပင် ခေါ်ဆိုကြပေမယ့် ကိုယ်အသုံးပြုနေတဲ့ နည်းပညာ ဒါမှမဟုတ် နည်းပညာသုံး ပစ္စည်းများနဲ့ ပတ်သက်တဲ့ သိမြင်
နားလည်မှု (Awareness) တော့ ရှိမှ ဖြစ်ပါမယ်။ ထိပ်တန်း စာရင်းဝင် ထုတ်လုပ်ရေး ကုမ္ပဏီအများစုကတော့ မိမိတို့ ထုတ်လုပ်ရောင်းချတဲ့ ပစ္စည်းနဲ့ ပတ်သက်ပြီး ဝယ်
ယူ အသုံးပြုသူတွေ အတွက် လမ်းညွှန်တွေ၊ အသေးစိတ် အညွှန်းတွေ ဖော်ပြလေ့ရှိတယ်။ ဝယ်ယူအသုံးပြုသူများ အနေနဲ့ ဒီလို အညွှန်းတွေ မိတ်ဆက် ပြောကြားချက်တွေ ဖတ်ရှုလေ့လာပါက လုံလောက်တဲ့ သိမြင်နားလည်မှုတွေ ရရှိသွားနိုင်တယ်။
မြန်မာနိုင်ငံမှာ နှစ်ပေါင်း ၅၀ လောက် အမှောင်ချထားတဲ့ လိုက်ကာတွေ၊ အကန့်အသတ်အတား အဆီးတွေနဲ့ နေလာခဲ့ရတဲ့အတွက် ပညာရေးဆိုင်ရာမှာ ဖြစ်ဖြစ်၊ အတတ်ပညာပိုင်း ဆိုင်ရာမှာ ဖြစ်ဖြစ် ကမ္ဘာ့နိုင်ငံများနဲ့ ရင်ပေါင်တန်းဖို့ အခက်အခဲတွေ ရှိခဲ့ရသလို ပတ်ဝန်းကျင်နိုင်ငံများရဲ့ နောက်က လိုက်နေရတဲ့ အခြေအနေတွေ ရှိ ခဲ့တယ်။
၂၁ ရာစုနှစ်ရဲ့ ဆယ်စုနှစ် တစ်ခုအလွန်မှာတော့ အတော်အ သင့်သိမြင်နားလည်မှုအတွက် အခွင့်အလမ်းတွေ ရှိလာတယ်။ ဒါပေမဲ့လည်း ပီပီပြင်ပြင် သိကြ ရတဲ့ အဖြစ်မျိုး မရှိကြသေးပေ။
လွန်ခဲ့တဲ့ ၁၅ နှစ်က ပညာသင်ကြားဆဲ ကျောင်းသား၊ ကျောင်းသူတွေကို ကွန်ပျူတာ သင်ဖို့ ကြိုးစား တိုက်တွန်းတဲ့မိဘတွေ ရှိတယ်။ ကလေးဘယ်သွားလဲလို့ မေးတဲ့
အခါ ကွန်ပျူတာသွား သင်နေတယ်လို့ ပြန်ဖြေလေ့ ရှိကြတယ်။ တကယ်တော့ အဲဒီကလေးတွေက ကွန်ပျူတာကို ဘယ်လိုဖွင့်ပိတ်ရတယ်။ စာစီစာရိုက် ဘယ်လို လုပ်ရမယ် ဆိုတာကို သင်တာဖြစ်တယ်။ ကွန်ပျူတာ ပညာသင်ကြားကြတာ မဟုတ်ပေ။ နောက် ၅ နှစ်လောက်ကြာတော့ ဒီလို သင်တန်းမျိုးကို အခြေခံကွန်ပျူတာသင်တန်း (Computer Basic Training) လို့ ခေါ်ဝေါ်ကြတယ်။
အင်တာနက် ချိတ်ဆက်ပြီး ကြည့်လို့ရဖို့နဲ့ အီးမေးလ် အပို့အယူကိုပင် သင်တန်းခပေးပြီး တက်ယူကြတဲ့ အခြေအနေတွေ ရှိခဲ့တယ်။ အစိုးရ အထက်တန်းကျောင်းတွေမှာ  မာလ်ဒီမီဒီ
ယာအခန်းတွေ ဖွင့်တယ်ဆိုတဲ့ ခေတ်ကာလလေးတွေလည်း လွန်ခဲ့တဲ့ ၁၂ နှစ်လောက်က ရှိခဲ့တယ်။
ဒီနေရာမှာ ဝေါဟာရ အခေါ် အဝေါ်နည်းနည်း သိသူတွေက လုံးဝမသိသူတွေ အပေါ် ခွာစား ညှစ်စားကြတာလို့ ရှုမြင်မယ်ဆိုရင်ပင် အပြစ်ပြောဖို့ ခက်ပါလိမ့်မယ်။ ဒါပေမဲ့ မြန်မာနိုင်ငံ ကို ၁၉၇၃ ခုနှစ်ကတည်းက မိန်းဖရိန်အဆင့်ဝင် ကွန်ပျူတာကြီး လှိုင်တက္ကသိုလ် ပရ​ဝဏ်အတွင်းရောက်ရှိခဲ့ပြီး ၁၉၇၃ ခုနှစ်ကတည်းက ကွန်ပျူတာ သိပ္ပံဘွဲ့၊ မဟာသိပ္ပံဘွဲ့နဲ့ ဒီပလိုမာ သင်တန်းတွေ ပို့ချတဲ့ ပညာသင်ဌာနကြီး ရှိလာခဲ့တယ်။ ဒါကို Universities's Computer Centre (UCC) လို့ ခေါ်တွင်စေတယ်။ ၁၉၈၃ ခုနှစ်မှာ မီနီကွန်ပျူ တာတွေ ထပ်မံရောက် ရှိလာခဲ့ပြီး ၁၉၉၀ ခုနှစ်မှာ တစ်ကိုယ်ရေသုံး အဆင့်ဝင် မိုက်ကရိုကွန်ပျူတာတွေ ပါရှိလာခဲ့ကာ ပီပြင်တဲ့ ကွန်ပျူ တာ ပညာသင်ဌာနကြီး အဖြစ် ရပ်တည်နိုင်ခဲ့တယ်။ ၁၉၈၈ ခုနှစ်
ရောက်တဲ့ အခါ Institute of Computer Science and Technology (ICST) ဆိုတဲ့ အမည် ပြောင်းခဲ့တယ်။ နောက်တစ်ခါ ၁၉၉၇ ခုနှစ်မှာတော့ University of Computer Studies (Yangon) လို့ ထပ်ပြီး အမည်ပြောင်းသွားတယ်။ ဒီလို ဖွင့်လှစ်သင်ကြားတဲ့ ကျောင်းဆင်းတွေက ဆရာအနေနဲ့ သီးခြား ပုဂ္ဂလိက ကွန်ပျူတာ ကျောင်းတွေ ပေါ်ပေါက်လာခဲ့တာ ဖြစ်တယ်။
 ကွန်ပျူတာပညာသင်ကြား တတ်မြောက်သူတွေ အနေနဲ့ ကွန် ပျူတာတွေကို အသုံးချဖို့အခွင့်အ လမ်းတွေ ရှိလာတယ်။ နောက်ဆုံး ကွန်ပျူတာစနစ်သုံး ကိရိယာပစ္စည်းများကို အသုံးချခွင့်ရကြတယ်။ ဒါပေမဲ့ ခေတ်စနစ်တွေရဲ့ မပီပြင်မှုကြောင့် ကွန်ပျူတာပညာ သင်ကြားခွင့်ရပြီး ရာနှုန်းပြည့် သိရှိနားလည်ခွင့်ရကြသူ အတော်နည်းပါးခဲ့တယ်။ ရာနှုန်းပြည့်သိရှိ နား
လည်ဖို့ ကိုယ့်နည်းကိုယ့်ဟန် ကြိုးစားကြသူတွေ အခုအခါ လုပ်ငန်းရှင်၊ ပညာရှင်အဆင့်တွေကိုရခဲ့ကြတယ်။ တက်ရောက် သင်ကြားခွင့်ရခဲ့ကြတဲ့ အရေအတွက်နဲ့ နှိုင်းစာရင် အလွန်နည်းပါးတဲ့ ရာခိုင် နှုန်းအဆင့်သာ ရှိခဲ့တယ်။
ဒီနေ့အချိန်အထိ ကွန်ပျူတာ ဝယ်ယူ အသုံးပြုမယ်လို့ ဆုံးဖြတ် ထားသူ တော်တော်များများက ကွန်ပျူတာစနစ်နဲ့ ပတ်သက်တဲ့ awareness တွေမရှိကြတာ တွေ့နေကြရဆဲ ဖြစ်တယ်။ ဘယ်လုပ်ငန်းမှာ အသုံးချဖို့ ဘယ်လို အသေးစိတ် စာရင်းရှိတဲ့ ကွန်ပျူတာ ကို ဝယ်ရမယ်ဆိုတာ နားမလည် သေးတဲ့သူတွေ ရှိနေကြသေးတယ်။
ကွန်ပျူတာ ဝယ်ယူသူအတွက် ရနိုင်တဲ့ အခွင့်အလမ်းတစ်ခုဖြစ်တဲ့ Warranty ရဲ့ တန်ဖိုးကို နားလည်နိုင်ကြသေးသလို ဆော့ဖ်ဝဲနဲ့ ပတ်သက်ပြီး genuine ရဲ့ တန်ဖိုး ကို မသိရှိကြသေးပေ။
ဝယ်ယူတဲ့ အခါ ဈေးနှုန်းချိုသာတာ တစ်ခုကိုသာ ဦးစားပေးနေကြဆဲ ဖြစ်တယ်။ နည်းပညာနဲ့ ပတ်သက်သမျှ သိမြင်နားလည်မှုရှိမယ်ဆိုရင် နည်း ပညာသုံး ပစ္စည်းများရဲ့ အသုံးဝင်
ပုံနဲ့ မိမိ အတွက် ဘယ်လို အရည် အသွေးအဆင့်က အရေးပါတယ် ဆိုတာကိုလည်း နားလည် သိရှိပြီး ဖြစ်နေကြပါလိမ့်မယ်။
တကယ်နည်းပညာ ထွန်းကားတဲ့ နိုင်ငံကြီးတွေမှာပင် Technology awareness ကို အလေးထားပြီး ကျောင်းတွေ၊ ရုံးတွေ တက္ကသိုလ်တွေမှာ ပညာပေး  မျှဝေ မှုတွေ၊ နှိုးဆော် အသိပေးမှုတွေ လုပ်နေသေးရင် မြန်မာနိုင်ငံလို စမ်းတဝါးဝါး လှုပ်ရှားနေကြတဲ့ နိုင်ငံတွေမှာလည်း စည်းရုံးမှုတွေ ရှိသင့်ပါတယ်။ Awareness မျှဝေမှုအ တွက် သင်ကြားမျှဝေသူတို့က
လည်း လာရောက် သင်ကြား လေ့လာမှုများကို သိလွယ်မြင်လွယ်တဲ့ နည်းလမ်းများကို အသုံးချသင့်ပါတယ်။ လာရောက်သင်ကြား လေ့လာသူတွေ နားမလည် လောက်တဲ့
စကားလုံးကြီးတွေနဲ့ ဟိတ်ဟန်လုပ်ပြောကြားနေတဲ့ အကျင့်မျိုးကိုလည်း စွန့်လွှတ်ရမှာ ဖြစ်ကြောင်း တင်ပြပေးလိုက်ရပါတယ်။

Credit to ==> Internet Journal

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 




www.pyaephyo.com