Showing posts with label ဆောင်းပါး. Show all posts
Showing posts with label ဆောင်းပါး. Show all posts

6/13/2017

♪ ''ဖေ့စ်ဘွတ်ခ်အသက် နှစ်ရက်နဲ့တစ်မနက်'' ဆောင်းပါးရှင် - ကိုညီညီ (တောင်ကြီး) ♫


ဒီဆောင်းပါးကိုရေးဖို့ အားသွင်းထားတာကြာပြီတော်တော်နဲ့ မရေးဖြစ်ခဲ့ဘူး။ ရေးပြီးတိုင်းလည်း အသက်ငွေ့ငွေ့သာရှိတဲ့ ဖေ့စ်ဘွတ်ခ်ပေါ်က အများသူငါရေးတဲ့ Status တွေရဲ့သက်တမ်းကိုသိနေတော့ တခြားအကျိုးပြုစာတွေ ဘက်ကိုသာ ရောက်ရောက်သွားခဲ့တယ်။

တလောက ကုန်သည်ဘဝတုန်းက ကျေးဇူးရှိတဲ့ အစ်ကိုတစ်ယောက်က အလည်ရောက် လာတော့ နှင်းတောင် လိုက်ပို့ဖြစ်တယ်။ ကားမောင်းနေတုန်း သူကမေးတယ် ''မင်း ဘယ်လိုစာရေးဖြစ်သွားတာလဲ'' တဲ့။၂ဝ၁၂ ခုနှစ်မှာ မြန်မာနိုင်ငံတစ်ခေါက်ပြန်တယ်။ ကိုယ်သိတဲ့ပညာ ရှာရာနည်းလမ်းတွေ၊ ကျောင်းတွေကောလိပ် အကြောင်းတွေ၊ သားသမီး ပျိုးထောင်ပုံ ပျိုးထောင်နည်းတွေ နဲ့ နေ့စဉ်ပြောစကားမတူတဲ့နယ်မြေရပ် ဝေးမှာ ငွေထုတ်ထမ်းပြီးသွားတာတောင် ဘယ်လိုရုန်းကန်ပြီး ဘဝရပ်တည်ရတယ် ဆိုတာကို (သိသလောက်တတ်သလောက် မတောက်တစ်ခေါက်) ပြောပြဖို့ကို ဘယ်သူမှ နားမထောင်ချင်ဘူး။

ဘယ်မေးခွန်းမှ မေး မယ့်သူမရှိဘူး။ သူတို့ရဲ့သားက နယူးယောက်ကတက္ကသိုလ်မှာ ဆရာဝန်လိုင်းတက်နေတာဆိုတာနဲ့ ငါ့သမီးလည်း နောက်လအမေရိကားသွား တော့မှာဆိုတာတွေပဲ နားထောင်ပြီး ပြန်လာခဲ့ရတယ်။ ဒါနဲ့ ဒီဘက်မြေ ပြန်ရောက်ပြီး နောက်တစ်နှစ်လောက်နေတော့ ကိုယ်သိထားတာတွေကို အသိပညာဖြန့်ဝေဖို့ စာရေးပြီးပြောရတာပါပဲလို့ ရှည်ရှည်ဝေးဝေး ရှင်းပြတော့ သူက ''အော် ... သိပြီ၊ ပြောချင်တာကို နားထောင်မယ့်သူမရှိလို့ စာရေးဆရာ ဖြစ်လာတာကိုး'' လို့ သုံးသပ်သွားပါတယ်။ အမှန်က ကျွန်တော်က စာရေးဆရာ မဖြစ်သေးပါဘူး။ စာတိုမုတ်စရေးတဲ့ စာရေး သားသူ တစ်ယောက်သာသာပါလို့ ပြန်ရှင်းပြမိတယ်။

မှန်ပါတယ်။ ကျွန်တော်ဟာ အဟောအပြော ကောင်းဖို့ဝေးစွ၊ စကားတစ်ခွန်းတောင် မှလေသံချောအောင် ပြောတတ်သူတစ်ယောက် မဟုတ်ပါဘူး။ ပြောတဲ့စကားတစ်ခွန်းတစ်ခွန်းကလည်း ''ကုလား ၅ ယောက် ထမ်း လာတာကမှ သူ့ထက်ပေါ့ဦးမယ်'' လို့ သုံးသပ်သူလည်း ရှိခဲ့ပါတယ်။ ဒါ့အပြင် ကုန်သည်ဘဝက ငွေရှင်ကြေး ရှင်ဆိုတော့ ဆက်ဆံရေးက ပိုဆိုးတယ်။ အပေါက်ကလည်း ကြမ်းတယ်။ ငွေလည်း ပေးဝယ်ရသေးတယ်။ ဟောက်လည်းဟောက်ငမ်းသေးတယ်လို့ ပြောသူလည်းရှိသပ။ ဒါပေမဲ့ အရောင်းအဝယ်သမားပေမို့ ဝယ်သူရဲ့ အလိုလောဘနဲ့ ဈေးကွက်ရဲ့ရနိုင်ခြေကို ဘယ်တုန်းကမှ ကျွန်တော် မျက်ခြေအပြတ်မခံခဲ့ပါဘူး။ ကဲပါလေ ... စာရေးဖြစ်လာရခြင်းဘက်ကို ပြန်သွားရအောင် ...။

ဒါနဲ့ ကျွန်တော် စာပေဟောပြောပွဲတွေကို ပြန်လွှင့်ပေးတဲ့စာမျက်နှာ တစ်ခုနဲ့ တရားလွှင့်ပေးတဲ့ စာမျက်နှာတို့ကို စလုပ်ဖြစ်တယ်။ ဒီကနေဖေ့စ် ဘွတ်ခ်ကို သင်ရတာ ၆ လလောက်ကြာ တယ်။ နောက်မှ Google မှာ Blog ဆိုတာကို စလုပ်ဖြစ်တဲ့အချိန် မြန်မာလိုရေးတဲ့ဘလော့ဂ်ပေါ်မှာ စာဖတ်သူ မှေးမှိန်ချိန်နဲ့ တည့်တည့်တိုးနေ တယ်။ ဒါကိုလည်း လေ့လာရတာ ၂ လ လောက် အကြာမှာ မှတ်မှတ်ရရ ၂ဝ၁၃ သင်္ကြန်ပြီးချိန် The Hot News Weekly က ပထမဦးဆုံးစာမူကို ဖော်ပြခံရတယ်။ ကျွန်တော် ရင်ခုန်လိုက်ရတာ။ ဇနီးကိုပြ၊ သမီးကိုပြ၊ သားကိုပါ ဖတ်ခိုင်းနဲ့ တစ်သက်လုံး ကိုယ်ရေးတဲ့စာကို ဘယ်ပုံနှိပ်ပေါ်မှာမှ မပါဖူးဘူးပဲကိုး။

ပထမဦးဆုံး အွန်လိုင်းပေါ်ကနေ ဂျာနယ်တွေဖတ်ရာက အင်တာ နက်ဂျာနယ်ကို မိတ်ဆက်တယ်။ ရက် ၂ဝ လောက်ကြာလည်း အကြောင်း ပြန်စာမလာဘူး။ ဒါနဲ့ အီးမေးလ်ပို့ ထပ်မေးတော့ စကားပြော 'တယ်' နဲ့ ရေးလို့ မထည့်ပေးနိုင်ပါဘူး၊ သတင်းစာမှာလို 'သည်' နဲ့ရေးမှ ဖော်ပြပေး နိုင်ပါမယ်တဲ့။ ဒါပေမဲ့ သူတို့ရဲ့ နောက်တိုက်ခွဲတစ်ခုကထုတ်တဲ့ ဂျာနယ်ကို ပြပေးကြည့်မယ်လို့ပြောတာ ပျောက်သွားပြန်တယ်။ ဒါနဲ့ရှိတဲ့ ဂျာနယ် အီးမေးလိပ်စာတွေ အကုန်ရှာ၊ အီးမေးလ်ပို့ပေမယ့် စာမူရောက်ရှိကြောင်း အကြောင်းပြန်တာတစ်ခါမှ မကြုံခဲ့ရဘူး။ နောက်တော့ Auto World က ကားအကြောင်း တစ်ပုဒ်ယူသုံးတယ်။ ဈေးကွက်ဂျာနယ်က ၅ ပုဒ်၊ ကုမုဒြာက ၁ ပုဒ် ယူသုံးကြတယ်။

သူတို့ဂျာနယ်မှာ ပါတယ်သာပြောတာ (က) ပါမယ်မှန်း ပယ်မယ်မှန်း ကြိုမသိရဘူး၊ (ခ) မသုံးဘူးလားလို့မေးရင် အီးမေးလ် မပြန်တော့ဘူး၊ (ဂ) ယူသုံး၊ မသုံး အတည်ပြုချင်ပေမယ့် ဘယ်လိုမှမေးလို့မရဘူး။ သူတို့ ဖြေတာက စာမူတိုက်ရဲ့ပေါ်လစီအရ ပါမယ်၊ မပါဘူးဆိုတာ ကြိုပြောလို့ မရပါဘူးတဲ့။ စာမူခ ထုတ်လို့ရမလားလို့မေးတော့ တိုက်မှာလာထုတ်ခိုင်း လိုက်ပါလို့ပြောတယ်။ စဉ်းစားကြည့်ပါဦးဗျာ။ ကိုယ့်ဆောင်းပါးတစ်ပုဒ် အရွေး ခံထားရတဲ့ စာမူတိုက်ကိုရေးခငွေ ၇,ဝဝဝ ကျပ်ရဖို့ ဘယ်သူ့ကို တက္ကစီငှားပြီး သွားယူခိုင်းရမှာလဲဆိုတာ ကျွန်တော် ရှာမရခဲ့ဘူး။

နောက်တော့ The Hot News မှာ အကြီးတန်းအယ်ဒီတာ ဖြစ်လာတဲ့ (ကွယ်လွန်သူ- နိုင်/ကျဉ်းသား) ကိုဂျော်လီထွန်းကို ဆောင်းပါး (၁၄) ပုဒ် စာငွေထုတ်ခိုင်းပြီး ရုပ်ရှင်မင်းသားဦးကျော်သူ နာမှုကူညီရေးအသင်းကို အကုန်သွားလှူခိုင်းလိုက်ပါတယ်။ နည်းနည်းစီ ယူသုံးထားတဲ့ စာမူတိုက်တွေဟာ ကျွန်တော့်ဆီ စာမူလည်း ဆက်မတောင်းသလို ကျွန်တော်လည်း မပို့ဖြစ်တော့ဘူး။ တစ်နည်းအားဖြင့် ငွေအကြောင်း ကျွန်တော်မပြောသလို သူတို့လည်း ကျွန်တော့်ကို ငွေပေးဖို့ သတိမရကြဘူး။

NetGuide ကို စာမူတိုက်နဲ့ ဆက်သွယ်ရခက်ခဲတဲ့ မကြိုက်နှစ်သက်တာတွေကို ဆွေးနွေးဖြစ်တယ်။ သူ့ဘက်ကလိုက်လျောပြီး အဲဒီကနေ ကျွန်တော့် ဆောင်းပါးတွေ ဆက်တိုက်ပါလာတယ်။ နောက်ပိုင်းမှာ ကိုမိုးသန်းချစ်က ဆက်သွယ်လာလို့ သူငယ်ချင်းတစ်ယောက်ရဲ့ဘဝမှန် ပြောပြသမျှကိုရေးထားတဲ့ 'တိုးနီရဲ့ အမေရိကန် အိပ်မက်' ကို Real Lives and Real Stories မှာ ပေးသုံးဖြစ်တယ်။ သူက မဂ္ဂဇင်းထုတ်တာ ၂ လ တစ်ခါဆိုတော့ ဆက်တိုက် ဖတ်နေသူနဲ့ အချိတ်အဆက်လိုတယ်။ ဒါကြောင့် ဖေ့စ်ဘွတ်ခ်ပေါ်တက်ပြီး ကိုးယိုးကားယား မင်းသားတက်လုပ်ရင်း အခု ဒီဘဝရောက်လာတာပါပဲ။

ကျွန်တော် ဒီအကြောင်းတွေကို မချွင်းမချန်ပြောနေရတဲ့အကြောင်းက အချက် ၂ ချက်ရှိပါတယ်။ ပထမတစ်ချက်က နိုင်ငံတကာကနေ စာရေးတယ်ဆိုတာ ငွေရဖို့ အဓိကမဟုတ်ဘူးဆိုတဲ့အချက်ပါ။ ဒါကိုဆက်ရှင်း ရရင် ကြီးကျယ်တယ်လို့ မထင်လိုက်ပါနဲ့။ စာမူတစ်ပုဒ်ရေးခရဖို့ အမေရိကားမှာ ဘယ်နှစ်နာရီမှ အလုပ်လုပ်ဖို့ မလိုပါဘူး။ ဒါပေမဲ့ ဒီစာတစ်ပုဒ်ကို လက်ပေါ်တင်ဖတ်ဖို့ အဆင့်ရောက်အောင် ရက်ပေါင်းများစွာ စဉ်းစားရ ပါတယ်။

ကျွန်တော်ပြောချင်တဲ့ ဒုတိယအချက်ကဒါပါပဲ။ စာရေးဖူးသူတိုင်း သိကြမယ်။ စာရေးတာထက် စဉ်းစားရတာ ပိုခက်တယ်ဆိုတာ။ အဲဒီလို တောင်ရောက်မြောက်ရောက် အတွေးတွေကို လက်ချောင်းလေးတွေနဲ့ မတင်ပြီး ဆောင်းပါးတစ်ပုဒ်အဖြစ် ပုံဖော်ရတာက လက်အဝင်ဆုံးပါပဲ။ ကလက်တက်တက်လည်း မဖြစ်ရဘူး၊ ရမ်းသန်း မှန်းသန်း ရေးထားတာလည်းမဖြစ်ရဘူး၊ ကြီးကျယ်ခမ်းနားပြီး အသုံးမကျတဲ့စာစုလည်း မဖြစ်ရဘူး၊ ပြောသာ ပြောလိုက်တယ် ဖတ်သူရင်မှာဘာတစ်ခုမှ အသိပညာမရသွားဘူး ဆိုတာလည်း မဖြစ်ရဘူးဆိုတဲ့ ကိုယ်ချထား တဲ့ဘောင် ကိုယ်တိုင်ဝင်ဖို့ လုပ်ရတာက စာတစ်တန်ပေတစ်တန်ပြောရရင် ''စာရေးတာဟာ အနုပညာ တစ်ခု ထက်မနိမ့်တဲ့ အားထုတ်မှုကို ပေးရပါတယ်'' လို့ ညွှန်းဆိုပါရစေ။

မည်သို့ပင်ဖြစ်စေကာမူ 'သတင်းအသက်တစ်မနက်' လို့ကြားဖူးတာကိုလည်း မေ့မရနိုင်ဘူး။ မျက်မြင်စာအုပ် - Hard Copy ဆိုလည်း မြန်မာလူငယ်တွေက ဝယ်မဖတ်ကြတော့ဘူး။ မဂ္ဂဇင်းနဲ့ ဂျာနယ်တွေက ကြော်ငြာ တွေချည်းဆိုတော့ ဖေ့စ်ဘွတ်ခ်မှာ လွတ်လပ်စွာမျှဝေရင်း ပိုက်ဆံမရတဲ့ “ Like ” များစွာကို မျှော်မှန်းမိခဲ့တယ်။ တစ်ဆက်တည်းမှာ ဖတ်သူနဲ့ရေးသူတို့ကြား ဆွေးနွေးမှုလေးတွေ ကို ဖြေကြားမိတယ်။ မသိလိုက်ဘာသာနဲ့ ကိုယ့်စာကို လူပိုဖတ်လာရေးကို ပရိုမိုးရှင်း လုပ်လာမိတယ်ပေါ့ဗျာ။ ပြီးခဲ့တဲ့ ၂ နှစ်လောက်က ပြောတာပါ။

အခုမှာတော့ ဖေ့စ်ဘွတ်ခ်ဟာ လူငယ်၊ လူကြီးအရွယ်မျိုးစုံရဲ့ 'ရင်ဖွင့် ကွင်းပြင်ကြီး' ဖြစ်လာရုံမက မနုဿပေါက် ကွဲသံတွေကို အဆုံးထိဆက် ဖတ်လို့ မရနိုင်လောက်အောင် မြင်တွေ့လာရတယ်။ အဆူအဆဲ ခံရလို့ စိတ် မညစ်နဲ့ ကိုယ့်ထက်အဖြစ်ဆိုးတဲ့ ကိစ္စတစ်ခုခုပေါ်လာရင် 'ပြီးသွား ပြန်ပြီ တစ်ကွက်'။ ကျွန်တော်ပြောချင်တာက ဒါပါပဲ။ အခုကျွန်တော့်စာကို အင်တာနက်ဖိုး အကုန်ခံပြီး မိနစ် (၂ဝ) လောက် ဖတ်ပေးနေရင်ကို ကျေးဇူးတင်လွန်းလှပြီ။ ဖေ့စ်ဘွတ်ခ်ရဲ့ အသက် ၂ ရက်နဲ့ ၁ မနက်ပဲ ရှိတာကို ကျွန်တော် သိနေမိတာကိုး။

တကယ်တော့ အမေရိကားမှာ ရုပ်ရှင်မင်းသား ရောက်လာလည်း ဒါပဲ။ အဆိုတော် ရောက်လာလည်းဒါပဲ။ တီးဝိုင်းအဖွဲ့ပညာရှင် ရောက်လာလည်း ဒါပဲ။ ဆရာဝန်ရောက်လာလည်း ထိုင်စားလို့မရပြန်ဘူး။ စာရေးဆရာ မို့လို့လည်း နာရီစားအလုပ်လုပ်ရတာပါပဲ။ ဘယ်သူ့ကိုမှ ကြီးမြတ်အောင် ချီးမြှောက်မနေကြဘူး။ ဘယ်သူကမှ ထူးခြားပြီး အထင်ကြီး နေတာမျိုး ရှိမနေကြပါဘူး။



NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal







<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>

 
 
 
 
 
 
 
 
www.pyaephyo.com
Read More ...

6/03/2015

တရုတ်မှ tech CEO များအကြောင်းတစေ့တစောင်း



Jack Ma, Alibaba
တရုတ်မှာ လူတိုင်းသိတဲ့ ကြားဖူးတဲ့လူတစ်ယောက်ကို ပြပါဆိုရင်တော့ Jack Ma ကို ပဲပြရပါမယ်။ တရုတ်ရဲ့ အကြီးမားဆုံး အအောင်မြင်ဆုံး e-commerce ကုမ္ပဏီကြီးကို ထူထောင်သူပေါ့။ တရုတ်က လူတွေက သူတို့ ရှေ့ရေးကြိုမြင်တတ်သူ Forward-thinking visionary လို့သမုတ်ကြတယ်။ ရေရှည်အကျိုးမျှော်ကိုးတတ်သူအဖြစ်မြင်ကြတယ်။ တစ်ခြားသူတွေမြင်တွေ့ နိုင်စွမ်းမရှိတဲ့ အခွင့်အလမ်း အလားအလာတွေကို သူမြင်တတ်တယ်။ တစ်ခြားသူတွေ မလျှောက်ရဲတဲ့လမ်း သူလျှောက်ရဲတယ်။ လက်တွန့်နေတာ မျိုးမရှိဘူး။ သူမှာစွဲဆောင်နိုင်စွမ်းနဲ့ ထိန်းကျောင်းကိုင်တွယ်နိုင်စွမ်းလည်း အပြည့်ရှိတယ်။ Alibaba ကို ဘာသာရေးခေါင်းဆောင်တစ်ဦးလိုပဲ ဦးဆောင် ခဲ့တယ်။ သူရဲ့အရောင်းအ၀ယ်ကျွမ်းကျင်မှုဟာ လက်ဖျားခါလောက်တယ်။ ကုန်ကုန်ပြောရရင် ဒီလောကကြီးမှာ တကယ်မရှိသေးတဲ့ ပစ္စည်းတစ်ခုကို အရောင်းအ၀ယ်တည့်အောင် လုပ်ပေးနိုင်တယ်။ တကယ်လို့ အဲဒီပစ္စည်း ရှိတယ်ဆိုရင် ကမ္ဘာပေါ်မှာအကောင်းဆုံး ပစ္စည်းတစ်ခုလို့ ညွှန်းပြီးရောင်း တယ်။ သူ့ထက်ကောင်းတာတောင် သူထက်မကောင်းနိုင်ဘူးဆိုတဲ့ အပြောမျိုးနဲ့ပေါ့။ Jack Ma ရဲ့ပုံစံကလည်း အများနဲ့မတူတစ်မူကွဲထွက်နေ တယ်။ လူအများကသူ့ကို လူထူးလူဆန်း အူကြောင်ကျားငနဲ (weirdo) ဒါမှမဟုတ် အင်္ဂါဂြိုဟ်က သတ္တ၀ါဆန်း၊ (alien from Mars) လို့ ချစ်စနိုး တင်စားထားကြပါတယ်။ မြန်မာအနေနဲ့ ချစ်စနိုးတင်စားရရင်တော့ တရုတ် ဗေလုဝပေါ့။
Lei Jun, Xiaomi
အများအမြင်မှာတော့ LeiJun ကို အောက်သက်ကျေတဲ့ စီးပွားရေးသမား down-to-Earth business man လို့လက်ခံထားကြပါတယ်။ Jack Ma လိုပဲ သူဟာ ထူးချွန်တဲ့အရောင်းသမားတစ်ယောက်ပါ။ နာမည်ကြီး စီးပွားရေးလုပ် ငန်းရှင်တွေထဲမှာတော့ သူဟာ အလယ်အလတ်အဆင့်မှာရှိနေပါတယ်။ Xiaomi မကိုင်ခင် LeiJun ကို လူတွေသိပ်သတိမထားမိကြပါဘူး။ Kingsoft ရဲ့ CEO လည်း ဖြစ်ခဲ့သေးတယ်။ အသက်ကြီးမှ အောင်မြင်တဲ့စွန့်ဦးတီထွင် စီးပွားရေးလုပ်ငန်းရှင်တွေထဲမှာ သူပါတယ်။ သူ့အသက် ၄၀ အရွယ်ထဲချဉ်း နင်း ၀င်ရောက်လာမှ Xiaomi ကို တည်ထောင်ခဲ့ရတာ။ သူ့အကြောင်းထဲ ထဲဝင်ဝင်သိသူတွေကတော့ သူဟာ တရုတ်ပြည်မှာအတော်ဆုံး စီးပွားရေး သမားလို့ လက်ခံထားကြပါတယ်။ Steve Jobs နဲ့တော့ မနှိုင်းကြပါဘူး။ သူဟာ innovator တစ်ယောက်သာမကပဲ ပြုပြင်ပြောင်းလဲရေးသမား (reformer) တစ်ယောက်လည်းဖြစ်တယ်။ ချီးမွမ်းသူတွေ က သူ့ကိုပါရမီရှင် (genius) လို့ ထင်ထားပေမယ့် ကဲ့ရဲ့သူတွေကတော့ အရှက်မရှိသူလို့ စွပ်စွဲ နေကြလေရဲ့။
Pony Ma, Tencent
Tencent ကို ဒီကနေ့ခေတ်လူတိုင်း သိကြတယ်ဆိုပေမယ့် CEO ဘယ်သူလဲဆိုတာ အမှတ်တမဲ့ဖြစ်နေကြတယ်။ Pony Ma က အဲဒီလိုမျိုး။ ခပ်လျှိုလျှိုနေတတ်ပြီး အတွက်အချက်ကောင်းသူပါ။ သူ့ရဲ့ public-status ကို ခပ်လျှိုလျှိုပဲထားတယ်။ လူတွေသတိထားမိလာအောင်မလုပ်ဘူး။ လူ တွေအထင်သေးတာကြီးတာအပေါ် သူဂရုမစိုက်ဘူး။ သူဟာလက်တွေ့ကျ တဲ့ product guy တစ်ယောက်ဖြစ်ပြီး ဗျူဟာပိုင်းမှာလည်း ကျွမ်းကျင်သူတစ် ဦးပါ။ စိတ်ရှည်ရှည်စောင့်စားတတ်တယ်။ ဘယ်တော့မှတဇွတ်ထိုးမလုပ်ဘူး။ product type အသစ်အသစ်တွေကို သူများလက်ဦးအောင်ထုတ်တာကို ထိုင်ကြည့်နေတယ်။ အဲဒီ product ထက်ပိုကောင်းတဲ့ product ကို သူထုတ် လိုက်တယ်။ အဲဒီလိုအလုပ်ကောင်းလွန်းလို့ သူ့ကိုပုံတူကူးဆရာကြီး copycat လို့ ဘွဲ့ပေးရတဲ့အထိပဲ။
Robin Li, Baidu
အမေရိကန်မှာ ပညာသင်ကြားတတ်မြောက်လာခဲ့သူ ဖြစ်ပေမယ့် တရုတ် ကွန်မြူနစ်ပါတီရဲ့ လက်ရုံးတပည့်ကြီးလို့ နာမည်ကြီးသူပေါ့။ ထင်ပေါ်အောင် လည်းမနေတတ်ဘူး။ တက်တက်ကြွကြွရှိပုံလည်းမပြဘူး။ စီးပွားရေးသမား တစ်ဦးပုံစံထက် ပညာတတ်ဟန်ပန်ကိုပိုပေါက်တယ်။ တရုတ်သိုင်းဝတ္ထုထဲက အသုံးအနှုန်းနဲ့ဆိုရင်တော့ ကဗျာသမားတစ်ဦးဟန်ပန်ပေါ့။ ဒါပေမယ့် နည်းပညာပိုင်းကိုတော့ ကျွမ်းကျွမ်းကျင်ကျင် တတ်မြောက်တယ်။ Tencent က social နဲ့ Alibaba က business ပိုင်းဦးစားပေးချိန်မှာ သူက technology ပိုင်းကို ဦးစားပေးတယ်။ တရုတ်မှာလူအတော်များများသိတဲ့ အချက် Robin Li ဟာ မယားကြောက်ရသူတစ်ဦးဆိုတာပဲ။ မ.ယ.က ဥက္ကဌ မဟုတ်တောင် အဖွဲ့ဝင်အဆင့်တော့ရှိမှာအမှန်ပဲ။ သူ့ရဲ့ပင်ကိုယ် ပျော်မွေ့မှု က ကော်ပိုရိတ်ဝန်ထမ်းလုပ်၊ အားလပ်ရက်မှာ အိမ်ထဲကပန်းခြံမှာပေါင်းသင်၊ ရေလောင်း၊ သစ်ပင်စိုက်ပေါ့။ သူ့မိန်းမက ရှင်အဲဒီလိုမျိုး လုပ်နေလို့ကတော့ ရှင်နဲ့မပေါင်းနိုင်ဘူး ခြိမ်းခြောက်လိုက်လို့ Baidu က ကုမ္ပဏီကြီးကို ထူထောင်ဖြစ်ခဲ့တာဆိုပဲ။ ဒါလည်း ဟုတ်လောက်တယ်။ ကုမ္ပဏီမှာ သူ့မိန်းမ သြဇာချည်းပဲ။
Zhou Hongyi, Qihoo
အနောက်နိုင်ငံတွေမှာတော့ သူ့ကိုတရားစွဲမှုတွေနဲ့ ပတ်ချာလည်လိုက်နေသူ (Litigious bully) ၊တရုတ်မှာတော့ စည်းမထားတဲ့ ဖိုက်တာကြီးလို့ တင်စား ကြတယ်။ အခွင့်အရေးရဖို့ဆိုရင် မတရားတဲ့နည်းလမ်းတွေသုံးဖို့ လုံး၀၀န်မ လေးဘူး။ သူဒီလိုလုပ်တတ်တယ်ဆိုတာလည်း ပြောင်ပြောင်တင်းတင်း ၀န်ခံတယ်။ လောဘအလွန်ကြီးတယ်။ တတ်ကြွမှုကလည်းကမ်းကုန်ပဲ။ စိတ်ကလည်းလက်တစ်ဆစ်။ ဒါပေမယ့်အကွက်ကျတော့ အလွန်မြင်တတ် တယ်။ ဘယ်နှစ်ကောင်စားရင် ကင်းပေါက်မလဲကြိုတွက်နိုင်တဲ့လူမျိုး။ သူ့ကို အလွန်ညစ်စုတ် သူကြီးလို့တင်စားကြတယ်။ ဒါပေမယ့် ပြဿနာကိုကိုင် တွယ်တတ်တဲ့ ခေါင်းကတော့အလွန်ကောင်း။ သူဟာငါးပွက်ရာငါးစာချတဲ့ အလုပ်တွေကိုပဲလုပ်တယ်။ ရေတိုအကျိုးစီးပွား (short-term gains) တွေကို ပဲ စိတ်ဝင်စားတယ်။ တချို့ဆိုရင် သူ့ကိုတကယ့် အောက်တန်းစားလို့ သတ် မှတ်ကြတယ်။ good product manager တစ်ဦးဖြစ်သလို အလွန်ဥာဏ်နီ ဥာဏ်နက်များတဲ့ ဗျူဟာချမှတ်သူတစ်ဦးလည်းဖြစ်တယ်။ မီဒီယာတွေသုံးပြီး စားသုံးသူတွေကိုစွဲဆောင် ဖြားယောင်းရာမှာလည်း နံပါတ်တစ်ပဲ။
Charles Chao, Sina
Sian ရဲ့ CEO အကြောင်းကို သိသူအင်မတန်ရှားပါတယ်။ ဒီ နေရာကို ရောက်လာတာလည်း သိပ်မကြာသေးတော့ သူ့ရဲ့ထင်ရှား ဂုဏ်သတင်း မွှေးအောင်လုပ်ဖို့ အချိန်မရသေးတာလည်းဖြစ်နိုင်တယ်။ သူ့အကြောင်းသိသူ တွေအပြောအရတော့ သူဟာစာရင်းစစ်၊ (accountant) ဖြစ်သလို စာရင်း ကိုင် (bookeeper) တစ်ဦးဖြစ်တယ် ဆိုတာလောက်ပဲ။ ဗျူဟာနဲ့ ဦးစီးဦး ဆောင်မှုမှာတော့ သိပ်ကျွမ်းကျင်လှသူမဟုတ်ဘူးလို့ဆိုတယ်။ အနေအေးဆေးတယ်။ ပရိုဖက်ရှင်နယ်တယ်။ လက်တွေ့ကျတယ်။ ပြီးတော့ အစိုးရနဲ့နီးစပ်သူတစ်ဦးလို့ပဲ သိထားပါတယ်။
Willian Diany, Netease
သူ့အမည်လိုပဲ သူဟာခပ်လျှိုလျှိုနေတတ်သူပါ။ ရေဒါစက်ကွင်း လွတ်အောင် ပျံတတ်တဲ့သူပေါ့။ သူလည်းရေတို အကျိုးစီးပွားပဲစိတ်ဝင်စားတဲ့သူ။ တရုတ် ပြည်တွင်းဈေးကွက်အပေါ်ဘယ်လိုလွှမ်းရမလဲဆိုတာပဲ ပစ်မှတ်ထားတယ်။ လက်တွေ့ဆန်ဆန်၊ စီးပွားရေးဆန် ဆန်လုပ်ဆောင်မှု တစ်ခုတည်းနဲ့ CEO ဖြစ်လာသူပါ။ နှလုံးသားနဲ့ အကြင်နာတရားရှိသူလို့တော့ အသိအမှတ်ပြုခံရ ပါတယ်။ ၂၀၀၃ ခုနှစ် လောက်မှာ တရုတ်ရဲ့အချမ်းသာဆုံး စာရင်းဝင်ဖြစ် လာတယ်။ တစ်လောကတော့ မထင်မှတ်တဲ့ ရွှေ့ကွက်တစ်ခုကစားလိုက် တယ်။ သူ့ရဲ့ Internet media and gaming business တစ်ခုလုံးဖြုတ်ပြီး ၀က်မွေးမြူရေးဖက်ကို ကူးပြောင်းလိုက်တယ်ဆိုတာပဲ။
Charles Zhang, Sohu
တရုတ်က tech CEO တွေထဲမှာတော့ စွယ်စုံရပုဂ်္ဂိုလ်ပေါ့။ ပေါ်ရာစားတဲ့သူ၊ သူဘ၀တစ်လျှောက်လုံး လူပြိန်းကြိုက်မဂ္ဂဇင်းတွေပဲထုတ်ခဲ့တယ်။ model တစ်ဦးအဖြစ် ဘ၀စတင်ခဲ့ပြီး တရုတ်ရဲ့ဦးဦးဖျားဖျား internet celebrity တွေထဲမှာသူပါတယ်။ တရုတ်ကအသက် ကြီးကြီးတွေအကြိုက် အကျော် အမော်တွေရဲ့အညှီအဟောက်သတင်းတွေကို လှိုင်လှိုင်ထည့်ပေးတယ်။ တရုတ်မှာဒီလိုလုပ်နိုင်တာက သူတစ်ဦတည်းပဲ။ တရုတ်ရဲ့ အာဏာသြဇာရှိ တဲ့ အသိုင်းအ၀ိုင်းနောက်ခံကိုအပိုင်ကပ်ထားပြီး ရုပ်ရှင်နယ်ကအနုပညာရှင် တွေနဲ့လည်း ရင်းနှီးကျွမ်းဝင်တယ်။ တစ်ခါတုန်းကတော့ သူ့မှာစိတ်ကျရောဂါ ပြင်းပြင်းထန်ထန်ဖြစ်လာပြီး Sohu ရဲ့ CEO နေရာကို တခြားအမှုဆောင် အရာ ရှိတစ်ယောက်ဆီလွှဲပေးခဲ့တယ်။ အခုတော့သူပဲ CEO ပြန်လုပ်နေပါပြီ။

Credit >>> http://www.myanmardigitallife.com/


<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 






**  Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ

**  Step-2. "5sec". လောက်စောင့်ပေးပါ။

**  Step-3. "  << SKIP AD >>   ".ကိုနှိပ်ပေးပါ။

**  Step-4. Download Link ကျလာပါလိမ့်မယ်။

**  အဆင်ပြေပါစေဗျာ။

   Download

Read More ...