Microsoft
သည် ကုမ္ပဏီ၏ အရည်အသွေးမြင့်မားသည့် စမတ်ဖုန်းသစ် နှစ်မျိုးဖြစ်သော Lumia
950 နှင့် 950 XL တို့ကို အင်္ဂါနေ့က ပွဲထုတ်မိတ်ဆက်ပေးခဲ့သည်။
Microsoft သည် ၂၀၁၄ ခုနှစ် ဧပြီလက Nokia ၏ ထုတ်ကုန်လုပ်ငန်းကို ဝယ်ယူခဲ့ပြီးနောက် အရည်အသွေးမြင့်မားသည့် စမတ်ဖုန်းကို မိတ်ဆက်ခဲ့ခြင်း မရှိဘဲ ဈေးသက်သာသည့် ထုတ်ကုန်များကို သာ ဖြန့်ချိခဲ့သည်။
“ကျွန်တော်တို့က သင့်ရဲ့ အိတ်ကပ်ထဲမှာ Windows ကို ထည့်ထားဖို့ ဆန္ဒရှိပါတယ်။ ဒီဖုန်းတွေဟာ ကွန်ပျူတာတစ်လုံးလိုမျိုး လုပ်ဆောင်နိုင်ပါတယ်” ဟု အရည်အသွေးမြင့် Windows ထုတ်ကုန်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဦးဆောင်သူ ပါနော့စ်ပန်နေးက နယူးယောက်တွင် ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။
၅.၂ လက်မ display ပါဝင်သော Lumia 950 တွင် hexa-core Qualcomm processor ပါဝင်ပြီး ၅.၇ လက်မ Lumia 950 XL တွင် octa-core Qualcomm processor ကို အသုံးပြုထားသည်။ အဆိုပါ ထုတ်ကုန်နှစ်မျိုးစလုံးတွင် 20-megapixel ကင်မရာ ပါဝင်ပြီး ၎င်းသည် အလင်းနည်းသည့် နေရာတွင် ဓာတ်ပုံများကို အံ့အားသင့်ဖွယ်ရာ အရည်အသွေးဖြင့် ရိုက်ကူးပေးနိုင်ကြောင်းနှင့် စမတ်ဖုန်းနှစ်မျိုးစလုံးတွင် optical image stabilization နည်းပညာ ပါဝင်ကြောင်း ပန်နေးက ပြောကြားခဲ့သည်။
Lumia 950 ၏ တန်ဖိုးမှာ ၅၄၉ ဒေါ်လာ (၃၆၀ ပေါင်) ဖြစ်ပြီး 950 XL မှာ ၆၄၉ ဒေါ်လာ (၄၂၅ ပေါင်) ဖြစ် သည်။ ၎င်းစမတ်ဖုန်း နှစ်မျိုးစလုံးကို နိုဝင်ဘာလတွင် အမေရိကန်၌ စတင်ရောင်းချမည် ဖြစ်သည်။ သြစတြေးလျတွင် ရောင်းချမည့် ဈေးကို မကြေညာသေးသော်လည်း ၎င်းတို့ကို ခရစ္စမတ်မတိုင်မီ တွင် ရောင်းချမည်ဟု သိရသည်။
Ref: CNET