ဟက်ကာတစ်ဦးသည် T-Mobile ၏ credit application သုံးစွဲသူ ၁၅ သန်း၏ အချက်အလက်များကို ရယူခဲ့ကြောင်း ကုမ္ပဏီက ပြောကြားခဲ့သည်။
အဆိုပါ လုံခြုံရေးစနစ် ပေါက်ကြားမှုသည် T-Mobile ၏ credit application လုပ်ဆောင်ချက်များကို စစ်ဆေးဆောင်ရွက်သည့် Experian ကုမ္ပဏီတွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း T-Mobile အမှုဆောင် အရာရှိချုပ် ဂျွန်လက်ဂရီက ပြောကြားခဲ့သည်။
Experian North America ကမူ ကုမ္ပဏီ၏ လုပ်ငန်းခွဲတစ်ခုမှာ ထိန်းချုပ်ခံခဲ့ရသော်လည်း လုပ်ငန်းတစ်ခု လုံးကို ထိခိုက်ခဲ့ခြင်း မရှိကြောင်း ဆိုခဲ့သည်။
Experian North America ၏ မိခင်ကုမ္ပဏီဖြစ်သော Experian သည် အိုင်ယာလန်နိုင်ငံ ဒဗ္ဗလင်မြို့တွင် အခြေစိုက်သည်။
“ယခုဖြစ်စဉ်အတွက် စုံစမ်းစစ်ဆေးမှု ပြုလုပ်နေပါတယ်။ ဒါပေမဲ့ ဟက်ကာက သုံးစွဲသူ ၁၅ သန်းရဲ့ မှတ်တမ်းတွေကို ရယူသွားခဲ့ပါတယ်။ အဲ့ဒီမှတ်တမ်းတွေမှာ ၂၀၁၃ ခုနှစ် စက်တင်ဘာ ၁ ရက်ကနေ ၂၀၁၅ ခုနှစ် စက်တင်ဘာ ၁၆ ရက်အထိ ဝန်ဆောင်မှုအသုံးပြုခွင့် လျှောက်ထူးသူတွေရဲ့ အကြွေးဝယ်စနစ် စစ်ဆေးမှုအတွက် လိုအပ်တဲ့ အချက်အလက်တွေ ပါဝင်ပါတယ်” ဟု လက်ဂရီက ပြောကြားခဲ့သည်။
Experian မှ ပြောရေးဆိုခွင့်ရှိသူ ဆူဆန်ဟန်ဆန်က “ဒီအချက်အလက်တွေဟာ လွန်ခဲ့တဲ့ နှစ်နှစ်အတွင်းက ဝန်ဆောင်မှုကို လျှောက်ထားတဲ့ T-Mobile သုံးစွဲသူတွေရဲ့ အချက်အလက်တွေ ဖြစ်ပါတယ်” ဟု ဆိုခဲ့သည်။
ထိန်းချုပ်ခံရသော အချက်အလက်များတွင် သုံးစွဲသူများ၏ အမည်များ၊ လိပ်စာများ၊ မွေးနေ့များနှင့် encyrpt လုပ်ထားသော Social Security နံပါတ်နှင့် ID နံပါတ်တို့ ပါဝင်ကြောင်း သိရသည်။
USAToday