10/19/2015

♪ “စီးပွားရေးလုပ်ငန်းများအတွက် အကျိုးရှိစေမည့် အခမဲ့အိုင်တီစနစ်များ” ♫



အခမဲ့သုံးစွဲနိုင်သည်ဆိုသော်လည်း တကယ့်ကို အရေးပါလှပြီး မိမိတို့ရဲ့ စီးပွားရေးလုပ်ငန်းတွေအတွက် အလွန် တရာအရေးကြီးလှသော အရာ တစ်ခုက ဘာဖြစ်မယ်ထင်ပါသလဲ။အဲဒါကတော့ ကိုယ့်ရဲ့ လုပ်ငန်းတွေ၊ ကိုယ်ရောင်းချနေတဲ့ ထုတ်ကုန်တွေ၊ ၀န်ဆောင်မှုတွေ၊ ဖွင့်လှစ်နေတဲ့ သင်တန်း တွေ စတာတွေကို လူပေါင်းစုံသိရှိနိုင်စေဖို့ အွန်လိုင်းနဲ့ မိုဘိုင်း ချိတ်ဆက်မှုများမှတစ်ဆင့် ဖြန့်ဝေအသိပေးနေဖို့ပါ။ ထင်သာ မြင်သာရှိတဲ့ ဥပမာကိုပြရမယ်ဆိုလျှင် ယနေ့မှဖြစ်တဲ့ စိတ်ဝင်စားဖွယ်ရာသတင်းတစ်ပုဒ် ကို လူတွေက နေ့ချင်းဆိုသလိုသိရှိကြ ပါတယ်။ အဓိက,ကတော့ Facebook ကပဲဖြစ်ပြီး အထူးသဖြင့် နာမည်ကျော်သတင်းဂျာနယ်များက တင်ပေးနေတဲ့ အတွက်ပဲဖြစ် ပါတယ်။ အင်္ဂလိပ်စာတတ်ရင်တော့ တစ်ကမ္ဘာ့လုံးမှာ ဘာတွေ ဖြစ်နေသလဲ ချက်ချင်းသိနိုင်မှာဖြစ်ပါတယ်။တကယ်တော့ ကျွန်တော်တို့က လူတွေထဲကို ပြန့်နှံ့ရောက်ရှိဖို့ကို လူမှုကွန်ရက်တွေအသုံးပြုရာမှာ facebook ကို အဓိက သုံးစွဲကြပါတယ်။ Page တွေထောင်ပြီးတော့ပေါ့။ ကျွန်တော်တို့ အနေနဲ့ Page တစ်ခုလုပ်ရတာက အခမဲ့ပါ။ အလားတူစွာပဲ Twitter, Youtube, LinkedIn, Tumblr, Pintrest, Google Plus စတာတွေများစွာ ရှိပါတယ်။ အားလုံးက အခမဲ့ပါ။ Blog တွေ ဘာတွေဆိုရင်လည်း အခမဲ့ပါပဲ။ ပြီးတော့ လွယ်လင့်တကူအသုံးပြုနိုင်ပါတယ်။
ကျွန်တော်တို့အနေနဲ့ လုပ်ငန်းတစ်ခုကိုပိုင်ဆိုင် ထားတယ်ဆိုပါတော့။ ဥပမာ မိုဘိုင်းနဲ့ အိုင်တီပစ္စည်း အရောင်းဆိုင်ဆိုလျှင် မိမိတို့ဆိုင်နဲ့ ပတ်သက်တဲ့ Facebook Page တစ်ခု သာမက ဆိုခဲ့သောအခြားနေရာများမှာလည်း Account လုပ်ကာ တစ်ပြေးညီတင်ပေးနေသင့်ပါတယ်။ ဖြစ်နိုင်လျှင်တော့ မိမိလုပ်ငန်းအတွက် ၀က်ဘ်ဆိုက်တစ်ခုနှင့် Android, iOS, Windows စတဲ့ Platform ပေါင်းစုံအတွက် Apps လေးတွေ လုပ်ထားသင့်ပါတယ်။
အများစုကတော့ Website တွေလုပ်ထားပေမယ့် Apps တွေလုပ်ထားတဲ့ လုပ်ငန်းတွေက တော်တော်လေးကိုရှားပါး သေးတယ်လို့ ထင်ပါတယ်။ ကျွန်တော်က Sony ဖုန်းလေးတစ်လုံးကိုင်ပါတယ်။ ဒါနဲ့ Sony နှင့် ပတ်သက် တဲ့ Apps လေးတွေတင်ထားရာမှာ တစ်ခုကတော့ တော်တော်လေး သဘောကျစရာပါ။ အဲဒါကတော့ သူ့ရဲ့ Products ပေါင်းစုံဖြစ်တဲ့ TV, စမတ်ဖုန်း၊ တက်ဘလက်၊ Recorder စသဖြင့်ကို အမျိုးအစားအလိုက် စုစည်းပေးထားပါတယ်။ ကျွန်တော်က တက်ဘလက်ကို စိတ်ဝင်စားတယ် ဆိုလျှင် တက်ဘလက်ကို ၀င်ကြည့်နိုင်မှာဖြစ်ပြီး မိမိကြည့်ရှုချင်တဲ့ မော်ဒယ် တစ်ခုကိုဝင်ကြည့်တဲ့အခါ Specification အပြည့်အစုံ၊ ဈေးနှုန်းနဲ့ သုံးသပ်ချက်များကို ဖော်ပြပေးထားပြီး ဘယ်နေရာတွေမှာ ၀ယ်နိုင်မလဲ ဆိုတာကို ဖော်ပြပေးထားပါတယ်။ ဖုန်းဆက်ချင်လျှင်လည်း ဆက်လို့ရပါ တယ်။ အသစ်ဝင်လာတဲ့ ပစ္စည်းဆိုရင် New ဆိုပြီးဖော်ပြပေးထားသလို Promotion အစီအစဉ်တွေရှိပါကလည်း ဘယ်လောက် Discount နဲ့ရနိုင် ကြောင်း၊ ဘယ်လိုလက်ဆောင်တွေရနိုင်ကြောင်း ဖော်ပြပေးထားပါတယ်။ ဒါပေမယ့် ဒီ Apps က နိုင်ငံတကာအတွက်ဖြစ်ပါတယ်။
ကျွန်တော်တို့နိုင်ငံမှာဆိုလျှင်တော့ မိုဘိုင်းဖုန်းကွန်ပျူတာဆိုင်ကြီးတွေက ဒီလို Facebook မှာ Page ထောင်ပြီး တင်နေ ရုံမျှမက ဒီလိုမျိုး Apps လေး တွေလုပ်ထားမယ်ဆိုလျှင် သုံးစွဲသူတွေကလွယ်လင့်တကူပိုမို သုံးစွဲနိုင် မှာဖြစ်ပါတယ်။ ဥပမာ Samsung, Huawei, Sony, LG, HTC စသဖြင့် မိုဘိုင်းဖုန်းကုမ္ပဏီကြီးတွေက သူတို့ရဲ့ Products တွေကို ဖော်ပြပေးထားတဲ့ Apps လေးထုတ်ထားမယ်ဆိုလျှင် သုံးစွဲသူတွေအတွက် လွယ်ကူအဆင်ပြေ စေမှာဖြစ်ပါတယ်။ ဒါဆိုလျှင် ဘာ Products အသစ်တွေ ထွက်သလဲ၊ ဘယ်ဈေးရှိလဲ၊ ဘယ်မှာဝယ်ရမလဲသိရှိနိုင်သလို ပရိုမိုးရှင်း အစီအစဉ်ကပိုမို အောင်မြင်နိုင်မှာဖြစ်ပါတယ်။ အဆိုပါ Apps ကို မိမိတို့ ထုတ်လုပ်ရောင်းချတဲ့ ဖုန်းတွေထဲမှာ အသင့်ထည့်သွင်းပေးထားခြင်းအားဖြင့် လူတွေက တမင် တကာ Download ချသုံးစွဲစရာမလိုတော့ဘဲ သုံးစွဲဖြစ်ကြမှာဖြစ်ပါတယ်။ တစ်နှစ်အတွင်း ဖုန်းအလုံးရေတစ်သိန်းရောင်းရတယ်ဆိုပါစို့။ လူအယောက် တစ်သိန်းကို မိမိတို့ပေးချင်တဲ့ သတင်းအချက်အလက်တွေကို အဆိုပါ Apps ကနေပေးနိုင်မှာဖြစ်ပါတယ်။လတ်တလောအနေအထားအရဆိုလျှင်တော့ လူတွေက ဂျာနယ်တွေ၊ သတင်းစာတွေကနေ သိရင်သိမယ်။ ရေဒီယို၊ တီဗီ တွေကနေသိရင် သိမယ်၊ Facebook ကသိရင်သိမယ်ပေါ့။ ဒီနေရာမှာ မသိလိုက်လို့ တကယ်ဝယ်ယူမယ့် Customer တွေ ဘယ်လောက်ဆုံးရှုံး သွားနိုင်သလဲ ဆိုတာကလည်း မေးခွန်းထုတ်စရာပါပဲ။ ကျွန်တော့်အထင် တော့ မနည်းလှဘူးထင်ပါတယ်။ ဒီတော့ ကျွန်တော်တို့အနေနဲ့ တတ်နိုင်သမျှ လူထုကြားကိုပြန့်နှံစေမယ့် နည်းလမ်းပေါင်းစုံကို အသုံးပြုကြရမှာ ဖြစ်ပါ တယ်။
ယခုနောက်ပိုင်းတော့ လုပ်ငန်းတွေမှာ Facebook Page တွေလုပ်လာကြ ပါတယ်။ လုပ်ငန်းတွေက အများကြီးဖြစ်တဲ့ အတွက် လူတွေက အကုန်လုံးကို သိချင်မှသိမှာဖြစ်ပါတယ်။ ဒီတော့ Page အောင်မြင်အောင်၊ လူသိများ အောင်လုပ်ဆောင်ဖို့ ကလည်း အင်မတန်အရေးကြီးပါတယ်။ လူတွေ စိတ်ဝင်စားမယ့် စာတွေရေးတင်တတ်ဖို့ လိုအပ်ပါတယ်။ မိမိတို့ ရောင်းချမယ့် ကုန်ပစ္စည်းအကြောင်းကို လူတွေနားလည်အောင်၊ ဖတ်ချင်စဖွယ်ဖြစ်အောင် ရေးသားတင်ဆက်တတ်ဖို့လည်း လိုအပ်ပြီး အမြဲတမ်းလည်း Update တင်ပေးသင့်ပါတယ်။ Products အသစ်တစ်ခုထွက်တိုင်း တင်ပေးနေသင့် ပါတယ်။ ထို့ပြင် မိမိလုပ်ငန်းနှင့်သက်ဆိုင်သော ဗဟုသုတရဖွယ်ရာ အကြောင်းအရာများ၊ သတင်းများကိုလည်း အမြဲတစေ တင်ပေးနေမယ်၊ လူစိတ်ဝင်စားဖွယ်ရာ အစီအစဉ်လေးတွေလုပ်ပေးနေမယ်ဆိုလျှင် လူတွေက ပိုမိုအာရုံစိုက်လာမှာဖြစ်ပါတယ်။ အလွယ်ပြောရရင် တော့ Like တွေ တက်လာမှာဖြစ်ပါတယ်။ မိုဘိုင်းဖုန်းနဲ့ ကွန်ပျူတာဆိုင်များအဖို့ သုံးစွဲသူတွေ အသုံးတည့်စေမယ့် သင်ခန်းစာလေးတွေ၊ Error ဖြေရှင်းပုံနည်းလမ်းလေး တွေ၊ နည်းပညာပိုင်းနဲ့ ပတ်သက်တဲ့ ဗဟုသုတရဖွယ်တွေ၊ အသစ်ထွက် ပစ္စည်း သတင်းတွေ စသဖြင့် အများသူငါစိတ်ဝင်စားမယ့် အကြောင်းအရာ တွေတင်ပေးနေမယ်ဆိုလျှင် သူတို့ Page ကို လူပိုစိတ်ဝင်စားမှာ ဖြစ်တဲ့ အတွက် ပရိသတ်အရေအတွက် ပိုမိုတိုးတက်လာမှာဖြစ်ပါတယ်။
ပရိသတ်အရေအတွက်များလာခြင်းက မိမိတို့ရဲ့ စီးပွားရေးလုပ်ငန်း ကြော်ငြာ တွေအတွက် တကယ့်ကို အခွင့်အလမ်းကြီးပါပဲ။ အဲဒီအတွက် ကျွန်တော်တို့ ကြော်ငြာခတစ်ပြားမှ မကုန်ဘဲ ကြော်ငြာနိုင်တဲ့သဘောပါပဲ။Facebook Page တစ်ခုတည်းနဲ့လည်း အဆင်မပြေနိုင်သေးဘဲ အထက်ကဖော်ပြခဲ့သည့် အတိုင်း Twitter, LinkedIn, Youtube, Google Plus စတာတွေမှာလည်း လုပ်ဆောင်ထားသင့်ပါတယ်။ ထို့အပြင် Website နဲ့ Apps များကိုလည်း လုပ်ဆောင်ထားသင့်ပါတယ်။ ဒါက ဘာမှအပန်းမကြီးသလို အခကြေးငွေ လည်းကုန်တာမဟုတ်ပါဘူး။ Website နဲ့ Apps တွေအတွက်ကတော့ အခကြေးငွေပေးပြီး လုပ်ဆောင်ရမှာပေါ့လေ။ Website ကမရေးနိုင်သေး လျှင်လည်း အခမဲ့ သုံးစွဲနိုင်သည့် Blog တွေကို အသုံးပြုနိုင်ကာ Domain Name တစ်ခု ၀ယ်ယူချိတ်ဆက်အသုံးပြုနိုင်မှာလည်းဖြစ်ပါတယ်။ဒီနေ့ ခေတ်မှာ Facebook ကနေပဲ အရောင်းအ၀ယ်တွေလုပ်နေကြတာ အောင်မြင်တဲ့သူတွေလည်း တော်တော်အောင်မြင်ကြပါတယ်။ သူ့အတွက် ဆိုင်ခန်းနေရာတွေဘာတွေမလိုအပ်ဘဲ လုပ်ငန်းတစ်ခုကိုလည်ပတ် နိုင်တဲ့ သဘောပါပဲ။ ကုန်ပစ္စည်းတွေအများကြီးရောင်းချနေတဲ့ ဆိုင်ကြီးတွေ၊ စီးပွားရေးလုပ်ငန်းများအတွက်ကတော့ မလွဲမသွေလိုအပ်ပြီး အဲဒီအပိုင်း အတွက် ၀န်ထမ်းများကို ခေါ်ယူခန့်ထားသင့်ပါတယ်။ နောက်တစ်ခုက မိမိတို့ ရောင်းချနေတဲ့ ကုန်ပစ္စည်းများအကြောင်းကို ရေးသားပြီးပုံများနှင့်တကွ သတင်းစာဂျာနယ်များသို့ E-mail ပေးပို့ခြင်းဖြင့်လည်း သတင်းစာဂျာနယ် များမှာ ထည့်သွင်းဖော်ပြခံရနိုင်ပါတယ်။
မိမိတို့ကသာ စနစ်တကျနဲ့ ကျကျနနရေးသားပေးပို့မည်ဆိုပါက အယ်ဒီတာ များအနေဖြင့် ကြိုက်နှစ်သက်သည်များကို ရွေးချယ်ဖော်ပြမှာဖြစ်ပြီး အဲဒါ ကလည်း အခမဲ့သဘောဖြစ်တဲ့အတွက် များစွာအကျိုးသက်ရောက်မှုရှိမှာ ဖြစ်ပါတယ်။ မိမိတို့က ဖုန်းတွေ၊ အီလက်ထရောနစ်ပစ္စည်းတွေရောင်းချပါက အဆိုပါထုတ်ကုန်များကိုဖော်ပြပေးလျက်ရှိသော သတင်းစာ၊ ဂျာနယ်များသို့ E-mail ဖြင့်ပေးပို့နိုင်မှာဖြစ်ပါတယ်။ကျွန်တော်လေ့လာကြည့်မိရသလောက် ဆိုလျှင်တော့ လုပ်ငန်းတွေမှာ ဒီလိုမျိုးလုပ်ဆောင်တဲ့လုပ်ငန်းတွေနည်းပါး သေးတယ်လို့ ထင်ပါတယ်။ အများစုကြားကြားနေရတာက ဘယ်ဖုန်းဝယ် ချင်တယ်၊ ဘာပစ္စည်းဝယ်ချင်တယ်၊ ဘယ်ဆိုင် ၀ယ်ရမှန်းမသိပါဘူး၊ တွေ့တဲ့ဆိုင်သွားမေးတဲ့အခါ ပစ္စည်းပြတ်နေတာတို့၊ မရှိတာတို့ ကြုံရလေ့ ရှိပါတယ်။ ဒီနေရာမှာသာ ဆိုင်တစ်ဆိုင်ဆိုင်ကသူတို့ရဲ့ ထုတ်ကုန်တွေကို အမြဲစနစ်တကျရေးသား တင်ဆက်ပေးနေရင် လူတွေက အဲဒီဆိုင်ကိုတန်း သွားမှာကတော့ သေချာပါတယ်။ ဆိပ်ကမ်းသာလမ်း၊ လသာလမ်းတွေမှာ ဖုန်းဆိုင်၊ ကွန်ပျူတာဆိုင်တွေအများကြီးပါ။ သို့သော် လူတွေကသူတို့သိထား တဲ့ သူတို့လိုချင်တဲ့ ပစ္စည်းကို သေချာပေါက်ရနိုင်မယ့်ဆိုင်ကို တန်းသွားကြမှာ ဖြစ်ပါတယ်။ ပစ္စည်းကုန်နေလားဆိုတာကိုလည်း ဖုန်းနဲ့ ကြိုတင်ဆက်သွယ်ပြီး စုံစမ်းနိုင်မှာလည်းဖြစ်ပါတယ်။
အချို့ဆိုင်တွေမှာ တော်တော်ကောင်းမွန်တဲ့ Gadgets လေးတွေရှိပါတယ်။ ဒါပေမယ့် လူတွေက အဲဒီဆိုင်ရောက်ဖြစ်မှပဲ မြင်တွေ့ကြတာဖြစ်ပါတယ်။ မရောက်ဖြစ်ရင် သူဝယ်ချင်တာပဲထားဦး၊ သိရှိမှာမဟုတ်တဲ့အတွက် ဘယ်တော့မှ ၀ယ်ဖြစ်မှာ မဟုတ်ပါဘူး။ လူတွေက ဆိုင်တစ်ဆိုင်ကိုရောက်ဖို့ ဆိုတာ တော်တော်လေးခဲယဉ်းတဲ့ကိစ္စပါ။ အကြောင်းကိစ္စရှိမှပဲရောက်ဖြစ် တတ်ကြပါတယ်။ ဒီအတိုင်းတမင်တကာ သွားကြည့်တယ်ဆိုတာကတော့ စူပါမားကက်တွေလောက်ပဲရှိမယ်ထင်တယ်။ဒီတော့ ကိုယ့်ရဲ့ဆိုင်မှာ ရောင်းချနေတဲ့ပစ္စည်းတွေကို အွန်လိုင်းမှာ တင်ပေးမယ်။ မိမိဆိုင်မှာ ၀ယ်ယူသွားတဲ့ ဖောက်သည်တွေရဲ့ E-mail တွေ၊ ဖုန်းနံပါတ်တွေ တောင်းယူ ထားပြီး ပရိုမိုးရှင်းအစီအစဉ်တွေရှိတဲ့ အခါ Massage ပို့တာတို့၊ E-mail ပို့တာတို့ကို လုပ်ဆောင်ခြင်းကလည်း ထိရောက်တဲ့အနေအထားပါပဲ။ ဖုန်းကိုင်ထားတဲ့လူတစ်ယောက်က သူစိတ်မ၀င်စားရင်တောင် သူ့မိတ် ဆွေအပေါင်းအသင်းတွေကို ပြောပြနိုင်မှာပဲ ဖြစ်ပါတယ်။ အဲဒီကနေတစ်ဆင့် မိမိတို့လုပ်ငန်းရဲ့ ကြော်ငြာတွေက ငွေကြေး ကုန်ကျစရာမလိုဘဲ လွယ်လင့် တကူ ပြန့်နှံ့နေမှာဖြစ်ပါတယ်။ ယခု မြန်မာပြည်မှာ Messaging Apps တွေ တော်တော်ခေတ်စားနေပါတယ်။ သူ့ထက်ငါအပြိုင်အဆိုင်ပါပဲ။ သူတို့ရဲ့ Apps တွေ လူသုံးများလေ သူတို့အတွက် ပိုမိုအောင်မြင်လေဖြစ်မှာပါ။
ဘာကြောင့်လဲဆိုတော့ သူတို့က စီးပွားရေးလုပ်ငန်းများနဲ့ ချိတ်ဆက်ကာ ကြော်ငြာသဘောမျိုး အစီအစဉ်လေးတွေလုပ်နေတဲ့ အတွက် လူသုံးများတဲ့ Apps တွေမှာ ကြော်ငြာခြင်းက လူများစွာဆီသို့ ပြန့်နှံ့နိုင်စေမှာဖြစ်ပါတယ်။ အဲဒီအတွက် ၀န်ဆောင်ခရရှိမှာဖြစ်ပါတယ်။မည်သို့ပင်ဆိုစေကာမူ ယနေ့ ခေတ်မှာ စီးပွားရေးလုပ်ငန်းတွေကို သမားရိုးကျသွားနေလို့ မရတော့ဘဲ ပြောင်းလဲလာတဲ့ ခေတ်ရဲ့ရေစီးကြောင်းနဲ့အညီ လိုက်လျောညီထွေ လုပ်ဆောင် နိုင်ကြမယ်ဆိုလျှင်တော့ အဆပေါင်းများစွာ တိုးတက် အောင်မြင်မယ်ဆိုတာကတော့ အသေအချာပါပဲ။
ငြိမ်းချမ်း (BE-IT)
Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal




<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 




www.pyaephyo.com