Ooredoo
သည် မြန်မာနိုင်ငံသို့ စတင် ဝင်ရောက်လာစဉ်က ကတိပေးအပ်ထားသည့်အတိုင်း
တက္ကသိုလ် များနှင့် ဆေးရုံ၊ ဆေးပေးခန်းများ၌ Telecenter ပေါင်း တစ်သောင်းကို
တည်ဆောက်ပေး သွားမည်ဟု Ooredoo Myanmar သို့ အသစ်ရောက်ရှိလာသည့်
စီအီးအိုဖြစ်သူ Mr. Rene Meza က ပြောသည်။
လက်ရှိအချိန်၌ Ooredoo သည် စာကြည့်တိုက်ပေါင်း ၅၅ ခု၌ Tablet များကို အင်တာနက်စနစ် ချိတ်ဆက်၍ ဝန်ဆောင်မှုများ ပေးအပ်နေပြီး နောက်ပိုင်းကာလများ၌ အင်တာနက် ဝန်ဆောင်မှုကို တက္ကသိုလ်နှင့် ဆေးပေးခန်းများ၌ ဆက်လက် ရရှိစေရန် လုပ်ကိုင်ပေးသွားမည်ဟု Mr. Rene Meza က ဆိုသည်။
“အများပြည်သူအနေနဲ့ အင်တာနက်ဝန်ဆောင်မှုကို ရရှိအောင် စတင်ပြီးတော့ လုပ်ဆောင်နေပါပြီ။ အခု စာကြည့်တိုက် ၅၅ ခုကို စပြီးပေးနေပြီ။ နောက်ပိုင်းမှာ တက္ကသိုလ်တွေနဲ့ ဆေးပေးခန်းတွေမှာ ဆက်လက်ရရှိသွားအောင် လုပ်ပေးသွားမှာပါ” ဟု ၎င်းက ပြောသည်။
သတင်းမီဒီယာများနှင့် တွေ့ဆုံစဉ် Mr. Rene Meza က Telecenter များ ဆက်လက် တည်ဆောက် ပေးသွားမည်ဟု ပြောကြားခဲ့သည့်အပြင် Mobile Money ဝန်ဆောင်မှုကိုလည်း လုပ်ကိုင် သွားရန် ဥပဒေနှင့် နည်းဥပဒေများ ပေါ်ထွက်လာရန် စောင့်ဆိုင်းနေသည် ဟုလည်း ပြောဆိုခဲ့ သည်။
Ooredoo သည် ၎င်းတို့၏ Mobile Money ဝန်ဆောင်မှုအတွက် ပြည်တွင်းရှိ CB ဘဏ်နှင့် ပူးပေါင်းထားပြီး ၎င်းတို့ပြိုင်ဘက် ဆက်သွယ်ရေး အော်ပရေတာတစ်ခုဖြစ်သော Telenor က Mobile Money ဝန်ဆောင်မှုကို လုပ်ကိုင်သွားရန် ရိုးမဘဏ်နှင့် ပူးပေါင်းထားသည်ဟု သိရသည်။

Credit to ==> Internet Journal