ကျွန်တော့်ကို သင်တန်းသား၊သူတွေက အင်တာဗျူးနဲ့ပတ်သက်တဲ့
အကြောင်းတွေကိုရေးဖို့ တောင်းဆိုထား တာ တော်တော်လေး ကြာနေပါပြီ။
အကြောင်းအမျိုးမျိုးကြောင့် မရေးဖြစ်တာ ခုတော့ ရေးလိုက်ပါပြီ။
လုပ်ငန်းခွင်ကို ၀င်ရောက်ကြမယ့် လူငယ်တိုင်း အင်တာဗျူးနဲ့
ကြုံတွေ့ကြရမှာသေချာပါတယ်။ ကဲပြောနေရင် ကြာပါတယ်ဗျာ ဘာတွေလုပ်ထားဖို့လိုလဲ။
၁။ ကြိုတင်လေ့လာပါ
ကိုယ်အင်တာဗျူးဖြေမယ့် လုပ်ငန်းအကြောင်းကို ကြိုတင်လေ့လာထားပါ။ ဆောင်ပုဒ်၊ ရည်မှန်းချက်၊ လုပ်ငန်းစဉ်၊ လုပ်ငန်းလည်ပတ်ပုံ၊ ၀န်ထမ်းဖွဲ့စည်းပုံ၊ သက်တမ်းစတာတွေကို အတတ်နိုင်ဆုံး ပြည့်ပြည့်စုံစုံ ကြိုတင်လေ့လာထားပါ။ ဒီနေ့ခေတ်မှာ လုပ်ငန်းတော်တော်များများမှာ website တွေ Facebook fan page တွေရှိကြပါတယ်။ တချို့ website တွေ Fan Page တွေက အရမ်းကြီး update မဖြစ်ပေမယ့် အခြေခံ အချက်တွေလောက်တော့ သိနိုင်ပါတယ်။ သူငယ်ချင်းတွေကလည်း တစ်ဆင့် Information တွေကို စုဆောင်း နိုင်ပါတယ်။ နောက်တစ်ခုက လုပ်ငန်းရဲ့လိပ်စာကိုသိပေမယ့် သွားရမယ့်လမ်းကြောင်းကြာ ချိန်တွေကိုကြိုတင် လေ့လာထားပါ။ သွားတဲ့နေ့မှာ လမ်းကြောင်းမကျွမ်းကျင်လို့ အချိန်နောက်ကျ တာမျိုးတွေ ဖြစ်တတ်လို့ပါ။ ဥပမာ-စင်ကာပူမှာ visit နဲ့သွားပြီး အလုပ်ရှာတဲ့သူမျိုးတွေဆိုရင် ဒီအချက်ကို ပိုသတိထားသင့်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အင်တာဗျူး မှာ အချိန်မီရောက်ဖို့ကလည်း အရေးကြီးတဲ့အချက်တစ်ခုကြောင့်ပါ။
၂။ လေ့ကျင့်ပြင်ဆင်ပါ
Practice makes perfect ဆိုတဲ့ စကားလိုပဲ လေ့ကျင့်ကျွမ်းကျင် အောင်ပွဲ ဆင်နိုင်ပါတယ်။ မေးနိုင်တဲ့မေးခွန်း တွေကို ကြိုတင်လေ့ကျင့်ပြင်ဆင်ထားပါ။ အထူးသဖြင့် ကိုယ့်ရဲ့ cover letter နဲ့ CV ကို သေသေချာချာ ပြန်ဖတ်ပါ။ CV ရေးထားတဲ့အချက်တွေကို တစ်ချက်ချင်း ကိုယ့်ကိုယ်ကိုမေးခွန်းထုတ်ပြီး ပြန်ဖြေကြည့်ပါ။ အများဆုံးမေးလေ့ရှိတဲ့ မေးခွန်းတစ်ခုက ကိုယ့်အကြောင်းပါ။ အရမ်းအများကြီးပြောဖို့မလိုပါ။ ကိုယ့်နာမည်၊ မိသားစု၊ ပညာရေး၊ လုပ်ငန်း၊ တတ်ကျွမ်းတဲ့အရာ (skill) လောက်ကိုပဲ အတိုချုပ်ပြောပါ။ အင်တာဗျူးတော် တော်များများမှာ ဒါဟာအဖွင့်မေးခွန်းလိုဖြစ်နေတဲ့အတွက် သေသေချာချာပြင်ဆင်ထားပါ။
ကျန်တဲ့မေးတတ်တဲ့ မေးခွန်းတွေကိုတော့ အွန်လိုင်းမှာ common interview questions လို့ရှာလိုက်ရင် အများကြီးတွေ့နိုင် ပါတယ်။ နောက် ကျွန်တော်တို့ဖြေရခက်တတ်တဲ့ မေးခွန်းတစ်ခုက ကိုယ့်ရဲ့ အားသာချက် (Strength)၊ အားနည်းချက် (Weakness) ကိုမေးတဲ့မေးခွန်းပါ။ ဒီမေးခွန်းကိုလည်း ကြိုတင်ပြင်ဆင်ထားဖို့လိုပါတယ်။ (ဒီမေးခွန်းကို ဘာကြောင့်မေးလဲဆိုတာ သပ်သပ်စာ စုတစ်ခုရေးပါဦးမယ်) မးခွန်းတွေကို ဖြေတဲ့အခါမှာ ဘာကြောင့် ဒီအလုပ်ကို လျှောက်ချင်တယ်ဆိုတာရယ်၊ ကိုယ့်ရဲ့အရည်အချင်းနဲ့ ဒီအလုပ်နဲ့ကိုက်ညီတယ်ဆိုတာ ကို ပေါ်လွင်အောင် ပြောနိုင်ဖို့ပြင်ဆင် ထားပါ။ နောက်တစ်ချက်က ကိုယ့်ကိုယ်ကိုယုံကြည်မှုရှိတဲ့ ပုံစံထက် ဘ၀င်မြင့်တာမျိုးမဖြစ်စေဖို့လည်း လိုပါတယ်။
၃။ ၀တ်စားဆင်ယင်မှုကို ဂရုပြုပါ
တောင်းမှာအကွတ်၊ လူမှာအ၀တ်ဆိုတဲ့စကားလိုပဲ ၀တ်စားဆင်ယင်မှုကလည်း အရေးကြီးပါတယ်။ အင်တာဗျူးမယ့်သူက ကိုယ့်ကိုမြင်တာနဲ့ ကိုယ့်ကိုယ်ကိုယုံကြည်မှုရှိတဲ့ ပုံပေါ်လွင်နေဖို့လိုပါတယ်။ ကိုယ်လုပ် မယ့် လုပ်ငန်းအပေါ်မူတည်ပြီး အနောက်တိုင်းဝတ်စုံဖြစ်စေ၊ မြန်မာဝတ်စုံဖြစ်စေ၊ အပြည့်အစုံဝတ်ဖို့လိုပါတယ်။ ဒါ့အပြင် ဆံပင်၊ မုတ်ဆိတ်၊ နှုတ်ခမ်းမွှေး၊ လက်သည်း၊ ခြေသည်းကအစ သပ်သပ်ရပ်ရပ်ဖြစ်ပါစေ။ အနောက် တိုင်း ၀တ်စုံဝတ်မယ်ဆိုရင် ရှပ်အင်္ကျီလက်ရှည် အဖြူရောင် (သို့မဟုတ်) အရောင်ဖျော့ဖျော့ကိုရွေးချယ်ပါ။ အပေါ်ဝတ်ကုတ်လို့ခေါ်တဲ့ suit ကိုတော့ အရောင်ရင့်ရင့်နဲ့ နက်ကတိုင်ကို တစ်ရောင်တည်းဗြောင်ကို ရွေးချယ်ပါ။
နက်ကတိုင်စည်းတဲ့အခါ အရမ်းမကြပ်စေဘဲ ပုံမှန် formal ပုံစံသာ စည်းပါ။ နောက်တစ်ခုက ရှူးဖိနပ်နဲ့ ခါးပတ်ကလည်း လိုက်ဖက်ညီမှုရှိဖို့လိုပါတယ်။ ရှူးဖိနပ်ကလည်း ကြိုးပါတဲ့ဖိနပ်ဖြစ်သင့်ပြီး အနက်ရောင်ကိုသာ ရွေးသင့်ပါတယ်။ အမျိုးသမီးများအနေဖြင့် မိတ်ကပ်ကိုအရမ်းကြီး သုံးစရာမလိုဘဲ သင့်တင့်ရုံသာ လိမ်းခြယ် သင့်ပါတယ်။
လက်သည်းကိုလည်း အရောင်ဖျော့ဖျော့ပဲဆိုးသင့်ပါတယ်။ ပြီးတော့ လက်သည်းအလှဆင်တာ (nail art) မျိုးကိုလည်း အင်တာဗျူးဝင်တဲ့အချိန်မှာ ရှောင်သင့်ပါတယ်။ စကတ်ဖြစ်စေ၊ ဘောင်းဘီရှည်ဖြစ်စေ ၀တ်ဆင် နိုင်ပါတယ်။ စကတ်ဝတ်ဆင်ပါက မီနီစကတ်ဖြစ်ရပါမယ်။ အပေါ်က ၀တ်တဲ့ suit နဲ့ ဘောင်းဘီဖြစ်စေ၊ စကတ်ဖြစ်စေနဲ့ အရောင်တူညီဖို့လိုပါတယ်။ ဖိနပ်ကလည်း ရှူးဖြစ်စေ၊ ဒေါက်ဖြစ်စေစီးနိုင်ပါတယ်။ နောက် တစ်ခုက ဒေါက်အမြင့်ကြီးမစီးပါနဲ့။ ဒေါက်နဲ့ စီးလေ့စီးထမရှိရင်လည်း ဖိနပ်မပေါက်အောင် လမ်းလျှောက်တာ အဆင်ပြေပြေဖြစ်အောင် ကြိုတင်လေ့ကျင့်ထားပါ။ (အသေးအဖွဲလို့ထင်ရပေမယ့် ဖိနပ်အသစ်စီးပြီး ဖိနပ် ပေါက်လို့ လမ်းလျှောက်တဲ့အခါ အဆင်မပြေတာမျိုး ကြုံရတတ်ပါတယ်)
၎။ တည်တည်ငြိမ်ငြိမ်ဖြစ်ပါစေ
အင်တာဗျူးဖြေနေတဲ့အချိန်မှာ တည်တည်ငြိမ်ငြိမ်ဖြေဆိုနိုင်ဖို့ လိုပါတယ်။ ကိုယ်ဟန်အမူအယာကို သတိထားပါ။ ခါးကိုမတ်မတ်ထိုင်ပြီး လက်ဟန်အနေအထားကိုလည်း သင့်တင့်လျောက်ပတ်အောင် နေ တတ်ပါစေ။ စကားပြောတဲ့အခါ အဲဒီလက်က တော်တော်လေးထားရခက်တာမျိုးကို ကြုံဖူးကြမှာ ပါ။ မေးခွန်းဖြေတဲ့အခါ မေးခွန်းမေးသူနဲ့ မျက်နှာချင်းဆိုင်ပြီး ပြောပါ (ဆိုလိုတာက မျက်နှာကိုကြည့် ပြီးပြောစေချင်တာပါ။) တကယ်လို့ မေးခွန်းမေးသူက ၃ ဦး / ၅ ဦး ဖြစ်နေရင်လည်း မေးတဲ့သူကို ကြည့်ပြီး ဖြေပါ။ မေးခွန်းတွေကိုဖြေနေတဲ့အခါ ကိုယ့်ရဲ့အသံကပီသပါစေ။ ဖြေးဖြေးနဲ့ မှန်မှန်ပြောပါ။ အင်္ဂလိပ်လိုဖြေရရင် အသံထွက်တွေကို ဂရုစိုက်ပါ။ so ... so ... that's why ... that's why ... actually ... actually ... စသည်ဖြင့် စကားညှပ်တွေမထပ်မိအောင် သတိထားပါ။ နောက်တစ်ခုအရေးကြီးတဲ့ တစ်ချက်က အခန်းထဲကိုဝင်ကတည်းက ပြုံးပြဖို့မမေ့ပါနဲ့။ ဒီနေရာမှာ အမူအရာနဲ့ပတ်သက်လို့ နည်းနည်းပြောပါဦးမယ်။ အခန်းထဲဝင်တဲ့အခါ တံခါးကိုပြန်ပိတ်ဖို့မမေ့ပါနဲ့။ ထိုင်ခုံမှာ ထိုင်တဲ့အခါ ခွင့်တောင်းပါ။ အင်တာဗျူးပြီးလို့ ပြန်ထွက်တဲ့အခါ ချက်ချင်းမလှည့်ဘဲ နောက်ကို တစ်လှမ်း၊ နှစ်လှမ်းဆုတ် ပြီးမှ လှည့်ထွက်ပါ။ တံခါးကိုပြန်ပိတ်ပါ။ အသေးဖွဲ့လေးတွေလို့ထင်ရပေမယ့် သတိထားရမယ့် ကိစ္စတွေပါ။
၅။ မေးခွန်းပြန်မေးပါ
ကျွန်တော်တို့တွေက အင်တာဗျူးတဲ့သူကမေးတဲ့မေးခွန်းတွေ ဖြေနိုင်ရင် ပျော်နေပြီးတော့ ပြန်မေးဖို့မေ့နေတတ် ပါတယ်။ ဘာတွေမေးရမလဲ၊ ကိုယ့်ရဲ့လုပ်ငန်းတာဝန်၊ လစာ၊ အလုပ်ချိန်၊ ပိတ်ရက်၊ အချိန်ပိုပုံစံ၊ ဆုကြေး စနစ်၊ အခြားခံစားခွင့် စသည်စသည်ဖြင့် ပြန်မေးဖို့လိုပါတယ်။ ဆိုလိုတာက လုပ်ငန်းတာဝန်၊ အလုပ်ချိန်နဲ့ လစာဟာ အချိုးကျပါတယ်။ ဆိုလိုတာက တချို့အလုပ်တွေက လုပ်ငန်းတာဝန်နည်းလို့ လစာနည်းတာမျိုး၊ အလုပ်ချိန် နည်းပေမယ့် လုပ်ငန်းတာဝန်များတာမျိုးတွေ့ရတတ်ပါတယ်။ အချိန်ပိုသတ် မှတ်ပုံတွေ၊ ဆုကြေး (bonus) သတ်မှတ်ပုံတွေ လုပ်ငန်းတစ်ခုနဲ့တစ်ခု မတူညီတတ်ပါဘူး။ ဒါကြောင့် အဲဒါတွေကိုသေသေချာချာမေးဖို့လို ပါတယ်။ နောက်တစ်ခုက အထူးသဖြင့် နိုင်ငံတကာနဲ့ဆက်စပ်နေတဲ့ အင်တာဗျူးတွေဆိုရင် Thank you letter လို့ခေါ်တဲ့ အင်တာဗျူးခေါ်တဲ့အတွက် ကျေးဇူးတင်ကြောင်း စာကို ပြန်ပို့ပေးသင့်ပါတယ်။
ဒီခေါင်းစဉ်မှာရေးရင်းနဲ့ ရေးစရာတွေက အရမ်းများလာပါတယ်။ တစ်ပုဒ်ထဲမှာအရမ်းများနေရင်လည်း စာဖတ်သူ တွေလေးမှာစိုးတဲ့အတွက် ရေးစရာတွေရှိပေမယ့် ရပ်လိုက်ပါတယ်။ နောက်ထပ် ဆက်ရေးပါဦးမယ်။ အင်တာဗျူး ၀င်မယ့်သူတွေအတွက် အတိုင်းအတာတစ်ခုတော့ အသုံးဝင်မယ်လို့ ယုံကြည်ပါတယ်။ အင်တာဗျူးဆိုင်ရာတွေ ကို အလျဉ်းသင့်သလို ဆက်ရေးပါဦးမယ်။
NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal