12/29/2015

♪ " မထူးသော်လည်း ဆန်းသည့် Acer Aspire Switch 10E " ♫


၂၀၁၀ ခုနှစ်လောက်က Netbook ဟုခေါ်သော ကွန်ပျူတာငယ်များ ထွက်ခဲ့သည်။ ၂၀၁၂ လောက်မှာ ခေတ်တိမ်ပြီး ပျောက်သွားခဲ့သည်။ ၂၀၁၃ လောက်မှာ တက်ဘလက်ဟုခေါ်သော ကွန်ပျူတာငယ်များ ပေါ် လာပြန်သည်။ ၂၀၁၅ လောက်မှာ တက်ဘလက်ကို လူသိပ်ပြီး စိတ်မ၀င် စားတော့။ Netbook လိုပင် တက်ဘလက်တွေ ပျောက်သွားလေဦးမလား ဟု ထင်မိပြန်သည်။ မပျောက် … တက်ဘလက်များသည် Laptop ကွန်ပျူ တာနှင့် ဆင်တူသည့် hybird ကွန်ပျူတာငယ်များဘ၀သို့ ရောက် လာသည်။ hybird ကွန်ပျူတာသည် တက်ဘလက်ကိုကော Netbook ကိုပါ ပေါင်းစပ်လျှက် နောက် တစ်ကြိမ် ပြန်တွေ့လိုက်ရခြင်းဖြစ်သည်။

၂၀၁၅ ခုနှစ်ထဲတွင် hybird ကွန်ပျူတာအများအပြားထွက်ခဲ့သည်။ (၁၀)လက်မအရွယ်မှသည် (၁၃)လက်မ အရွယ်အထိ အစားစားရှိသည်။ သို့သော် ငယ်လျှင်ငယ်သည့်အလျောက် ကြီးလျှင်ကြီးသည့်အလျောက် လိုအပ်ချက်က ရှိနေသည်ချည်း။ ယင်းလိုအပ်ချက်မျိုးမရှိသလောက်နည်း အောင်ကြိုးစားလာသည်မှာ Acer Aspire 10 E ကွန်ပျူတာ၊ ဒေါ်လာ (၃၅၀) အောက်ကွန်ပျူတာဖြစ်၍ ဈေးသက်သာသည်။ ဈေးသက်သာ သည့် ကွန် ပျူတာဖြစ်၍ အလွန်တရာ မြန်ဆန်မှုကို မျှော်လင့်ထား၍မရ၊ သို့သော် ပုံမှန်အလုပ်များ ကို ချောချောမွေ့မွေ့လုပ်၍ရအောင် စီစဉ်ပေးထားသည့် အပြင် သိုလှောင်မှုနေရာ အလုံအလောက်လည်း ပါဝင်သည်။ ထို့ကြောင့် မထူးသော်လည်း ဆန်းနေသည့် ကွန်ပျူတာဟုဆိုရခြင်းဖြစ်ပါသည်။

hybird ကွန်ပျူတာဆိုသည့်အတိုင်း အောက်ခံ ကီးဘုတ်ဖက်ခြမ်းကို တွဲဆက်ထားလျှင် Netbook ကဲ့သို့ပင် အသေးစား Laptop ကွန်ပျူတာဖြစ် လာမည်။ screen ဖက်ခြမ်းကို ဆွဲဖြုတ်လိုက်လျှင် ယနေ့ခေတ်သုံး တက် ဘလက်အဖြစ် တွေ့ရပါမည်။ ကွန်ပျူတာတစ်ခုလုံးကို ပေါ်လီကာဘွန် နိတ် ပလပ်စတစ်ဖြင့် ပြုလုပ်ထားပြီး ကီးဘုတ်အောက်ခံနှင့် screen အနားစောင်းများကို အနက်ရောင်မှိုင်းမှိုင်းဖြင့် တန်ဆာဆင်ထားပါသည်။ အနက်ရောင်မကြိုက်လျှင် အပြာရောင် သို့မဟုတ် ခရမ်းရောင်ဖြင့်လည်း ရနိုင်ပါသည်။ screen` ဖက်ခြမ်း အလေးချိန် သက်သက်သည် (၁.၄)ပေါင် ရှိပြီး အောက်ခံကီးဘုတ်ခံကိုပါ တွဲလိုက်လျှင် အလေးချိန် (၂.၈)ပေါင် ကျော်ရှိပါသည်။

တက်ဘလက်ဖက်ခြမ်းကိုချည်း တွက်လျှင် အလျား (၁၀.၃) လက်မ၊ အနံ (၇.၁) လက်မနှင့်အထူ (၀.၄၃) လက်မရှိပါသည်။ ကီးဘုတ်ကိုပါ တွဲပြီး ပိတ်ထားမည်ဆိုလျှင် အထူ(၁)လက်မ ရှိပါသည်။ အပေါ်ပိုင်းအလေး ချိန်စီးပြီး၊ အောက်ဖက်ခြမ်းအလေးချိန်ပေါ့သော hybird ကွန်ပျူတာဖြစ် သည်။ ဤသည်မှာ သမားရိုးကျ Laptop ကွန်ပျူတာများနှင့် ပြောင်းပြန်။ ထို့ကြောင့်ဤကွန်ပျူတာကို ပတ္တာချက်က ခွင့်ပြုနိုင်သော အနေအထား အထိ ဖွင့်ပါမှ Laptop လိုသုံးနိုင်ပါမည်။ Screen ကို အစွမ်းကုန်လှည့်လိုက် လျှင် ကွန်ပျူတာတုံးလုံးပက်လက်လဲသွားပါလိမ့်မည်။ သို့သော် ရှေ့က ထွက်ခဲ့သော switch 10 ထက်စာလျှင် switch 10 E သည် ဟန်ချက်ညီမျှ အောင် တည်ဆောက်ရာ၌ ပိုမိုကောင်းမွန်လာပါသည်။

Switch 10 တွင် screen နှင့် အောက်ခံကီးဘုတ်တို့အား သံလိုက်ပတ္တာဖြင့် တွယ်ဆက်ပေးထားပါသည်။ သို့ရာတွင် Asus Transformer Book Y T100/200 တို့ရှိ ပတ္တာချိတ်ဆက်စနစ်က ပို၍အနုစိတ်ပြီး ပိုကောင်းပါသည်။ Asus လောက် အနုမစိတ်သော်လည်း screen မှ ကိုင်၍ ကွန်ပျူတာကို ဆွဲမနိုင်သည်။ တောင့်တင်းလှသော သံလိုက်ပတ္တာကြောင့်အပေါ် screen နှင့် အောက်ခြမ်းကီးဘုတ်တို့ တစ်စစီ ဖြုတ်သွားမည်မဟုတ်ပါ။ တစ်စစီ ဆွဲဖြုတ်လိုလျှင် screen နှင့် ကီးဘုတ်ဖက်ခြမ်းနှင့် နှစ်ဖက်စလုံးကို ကိုင်၍ ဆွဲဖြုတ်မှသာ ပြုတ်ပါမည်။ screenနှင့် ကီးဘုတ်တို့အား အတည့်အနေအထားဖြင့် ချိတ်ဆက်နိုင်သလို ကျောပေးသည့် အနေအထားဖြင့်လည်း ချိတ်ဆက်နိုင်သည်။ ထောင်၍ သုံးလိုသည်ရှိသော် ဤသို့ ချိတ်ဆက်ရ ပါမည်။ ဗီဒီယိုကြည့်လိုလျှင်လည်း ယင်းအနေအထားက ပို၍ အဆင်ပြေ ပါသည်။

System mode တွင် သမားရိုးကျ netbook mode ပါသလို screen ကို သီးခြားဖြုတ်၍ဖြစ်စေ၊ ကီးဘုတ်နှင့် ကျောပေးထား၍ဖြစ်စေ သုံးနိုင်သည့် တက်ဘလက် mode လည်းပါပါသည်။ (၁၀.၁)လက်မရှိသောတက်ဘလက် တစ်လုံးအနေဖြင့်မူ (1280 x 800 )ဟူသော resolution မှာ အခြားသော အရွယ်တူတက်ဘလက်အချို့ထက် နိမ့်ကျနေသည်။ Laptop ကွန်ပျူတာ အနေဖြင့် ကြည့်လျှင် aspect ratio 16:9 အစား 16:10 ဖြင့် ဖွဲ့စည်းထားသည်။ laptop အနေဖြင့် (1366 x 768) resolution ပးထားသည်ဖြစ်၍ resolution အမြင့်ပိုင်း တောင်းဆိုသော စာစီစာရိုက်ဆောဖ့်ဝဲများသုံးနိုင်ပါမည်။ (၁၀.၁) လက်မ Laptop ကွန်ပျူတာ တစ်လုံးအနေဖြင့် ပိုမိုပြည့်စုံမှုရှိလာသည်ဟု ဆိုနိုင်ပါသည်။

Aspect ratio 16:10 ထားရှိလိုက်သည့်အတွက် စာစီစာရိုက်လုပ်ခြင်း၊ စာရင်းဇယားဆွဲခြင်း၊ webpage ကြည့်ခြင်းတို့အတွက် ပိုမိုအဆင်ပြေလာပါသည်။ သို့သော် 16:9 ဖြင့် ချိန်ညှိထားသော ဗီဒီယို ရုပ်ရှင်ကားများမှာ မြင်ကွင်းပြည့်ကြည့်နိုင်မည်မဟုတ်ဘဲ မြင်ကွင်း၏ အပေါ်ဘက်နှင့်အောက်ဘက်တွင် အမဲရောင်လိုင်းပြားကြီးများကို တွေ့နေရပါမည်။ IPS စနစ်ဖြင့် ဖန်တီးထားပြီး Gorilla Glass ဖြင့် ဖုံးအုပ်ထားသော screen ၏ ရုပ်ထွက်မှာ အလွန်ပင်ကြည်လင်ပြတ်သားမှုရှိသည်။ မည်သို့ပ့င် ထောင့်စောင်း၍ ကြည့်သည်ဖြစ်စေ အရောင်ထွက်ရုပ်ထွက်မှန်ပါသည်။ screen ပေါ်တွင် လက်ဆယ်ချောင်းတို့ထိ အလုပ်လုပ်နိုင်သော Touch စနစ်ကို အထောက် အပံ့ပေးထားပါသည်။

Acer ၏ screen တွင် Bluelight shield mode လည်းပါဝင်သည်။ screen ပေါ်တွင် လာပေါ်သည့် အပြာရောင်တို့ကို ယင်းက စစ်ထုတ်ပြီး အ၀ါရောင်ဖက်သို့ပြောင်းပေးရာ မျက်စေ့ညောင်းညာခြင်းကို သက်သာစေပါသည်။ ထို့ပြင် screen ပေါ်၌ ရုပ်ထွက်ပြတ်သားစေရန် Extra contrast mode ကို လည်း ထည့်သွင်းပေးထားပါသည်။ နေရောင်ထိုးသော အခန်းသို့မဟုတ် အိမ်အပြင်ဖက်တွင် ကွန်ပျူတာကို သုံးသည့်အခါ ရုပ်ထွက်ပြတ်သားစေ ရန် ယင်းက အကူအညီပေးပါမည်။

ဒေါ်လာ (၃၅၀) အောက်ဈေးနှင့် ပေးထားသည်ဖြစ်၍ Switch 10 E ၏ အချို့သော နေရာများ၌ ၀ိတ်လျှော့ထားသည်ကို ခွင့်လွှတ်ရပါမည်။ ဤကွန်ပျူတာသည် ၂၀၁၅ ခုနှစ် နှစ်ကုန်ကာနီးထွက်သည့် ကွန်ပျူတာ ဖစ်သော်လည်း Windows 8.1 နှင့် Bing search Engine ကိုသာ ထည့်သွင်း ပေးထားပါသည်။ 32 bit Windows ဖြစ်ပြီး RAM 2Gb သာ ထည့်သွင်းပေး ထားပါသည်။ Webpage တစ်ခုချင်းကြည့်လျှင် ဓာတ်ပုံတစ်ပုံချင်းတည်းဖြတ် လျှင် မြန်ဆန်သော်လည်း tab များစွာဖွင့်ပြီး webpage များကိုကြည့်လျှင် ဓာတ်ပုံများစွာ တစ်ပြိုင်တည်း ဖွင့်ပြီး တည်းဖြတ်လျှင် အလုပ်လုပ်ပုံ နှေးကွေးသွားပါမည်။ သို့သော် tab ဖိုင်များသုံးခြင်း၊ အင်တာနက်ကြည့် ခြင်း၊ ဗီဒီယိုကြည့်ခြင်းစသော အလုပ်များ၌ ပြည့်စုံကောင်းမွန်စွာဆောင် ရွက်ပေးနိုင်ပါသည်။

Switch 10 E ၏ အားသာချက်မှာ storage space လုံလောက်များပြားစွာ ထည့်သွင်းပေးထားခြင်းဖြစ်သည်။ တက်ဘလက်အဖြစ်သုံးသော screen ဖက်ခြမ်း၌ SSD Storage 64 Gb ကို ထည့်သွင်းပေးထားသည်။ Laptop အဖြစ် သုံးလျှင် ယင်း SSD က boot drive ဖြစ်လာပါမည်။ ကီးဘုတ်ဖက် ခြမ်းတွင်မူ 5400 rpm လည်ပတ်မှုဖြင့် အလုပ်လုပ်သော SATA harddisk 500 Gb ကို ထည့်သွင်းပေးထားပါသည်။ ဤသည်မှာ ကီးဘုတ်အဖြုတ် အတပ်လုပ်နိုင်သော တက်ဘလက်များထဲတွင် သိသာသော ဆန်းပြားမှု တစ်ရပ်ဖြစ်ပါသည်။ ASUS T series တက်ဘလက်များတွင် ကီးဘုတ်ဖက်ခြမ်း၌ hard disk ထည့်သွင်းပေးထားခြင်းမရှိပါ။

ဤတက်ဘလက်တွင် ထည့်သွင်းပေးထားသော switch lock utility သည် တက်ဘလက်ဖက်ခြမ်းကို ဖြုတ်၍ အသုံးပြုသည့်အခါ Hard disk အလုပ်မလုပ်အောင် တားဆီးပေးထားပါသည်။ ဤတက်ဘလက်/ ကွန်ပျူ တာ၏ ဆက်သွယ်ချိတ်ဆက်နိုင်မှုမှာ အားကောင်းပါသည်။ အားသွင်းရန် အတွက် micro USB 2.0 Connector ကို ပေးထားပါသည်။ ကီးဘုတ်ဖက်ခြမ်း တွင် USB 2.0 port ရှိပြီး mouse နှင့် ပြင်ပ hard drive များ ချိတ်ဆက်အသုံး ပြုရန် လွယ်ကူစေပါသည်။ micro SD card slot ရှိပြီး ယင်းမှ တစ်ဆင့် ဖိုင် များလွှဲပြောင်းခြင်းသည် မြန်ဆန်မှုရှိပါသည်။ micro HDMI port ပေးထားပြီး Adapter သုံးမည်ဆိုပါက HDMI port ရှိသော screen ကြီးပေါ်တွင် ဗီဒီယို ကြည့်နိုင်ပါမည်။ Wi-Fi အဖြစ် a/b/g/n ထည့်ပေးထားပြီး dual band Wi-Fi ဖြစ်ပါသည်။ Bluetooth 4.0 ဖြစ်၍ ပါဝါအစား သက်သာသော Bluetooth ချိတ်ဆက်မှုရရှိပါမည်။

ဤကွန်ပျူတာသည် Intel Atom Z 37 35 F processor ကိုသုံးထားပြီး Intel HD Graphic ကို onboardတွဲဖက်ပေးထားပါသည်။ နေ့စဉ်အလုပ်များလုပ် ရာတွင် မြန်ဆန်မှုရှိပါသည်။ 32 bit Windows နှင့် 2 Gb RAM တို့က photoshop CS 6 ကို သုံးခွင့်ပြုသော်လည်း အလုပ်လုပ်ပုံနှေးပါသည်။ 3D ဂိမ်းများ ကစားရန် အဆင်မပြေဘဲ brower အခြေပြုဂိမ်းများ ကစားရန်သာ အဆင် ပြေပါသည်။ ဘက်ထရီ အသုံးခံချိန် ၁၃ နာရီ မိနစ် ၃၀ ရရှိခြင်းကား ဖြုတ်၍ တပ်၍ရသော တက်ဘလက်များထဲတွင် ဆန်းပါပေဟု ဆိုနိုင်ပါ သည်။ ခြုံ၍ ဆိုရလျှင် Acer Aspire Switch 10 E သည် ပေးရသည့်တန်ဖိုး ထက်များစွာ ထိုက်တန်သော ဆန်းဆန်းပြားပြား တက်ဘလက်ဖြစ်ပါသည်။

ဧဧသက် (ဖြိုးဓနဒစ်ဂျစ်တယ်ဓာတ်ပုံ)
NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal


<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 



www.pyaephyo.com