“ လိုင်ဖိုင်နည်းပညာနဲ့ ဖလန်းဖလန်းထရတော့မလား ? ”
တစ်နေ့မှာတော့ ကျွန်တော်တို့ ဒီနေ့သုံးနေတဲ့ ၀ိုင်ဖိုင် - Wi-Fi ထက် အဆ (၁၀၀)သာတဲ့ အမြန်နှုန်းနဲ့ ကြိုးမဲ့အင်တာနက်သုံးလာနိုင်မယ်လို့ မျှော်လင့်ရပါတယ်။ အရင် (၁၅)နှစ်က ပန်းသီးဖခင်ကြီး စတိဂျော့ - Steve Jobs က ကုန်ပစ္စည်းအသစ်မိတ်ဆက်ပွဲတစ်ခုမှ အင်တာနက်သုံးနေရာကနေ လက် တော့ကွန်ပျူတာ ကို မ,လိုက်တော့ ကြိုးမပါပဲ Wi-Fi (Wireless Fidelity) နည်းနဲ့ အင်တာနက်သုံးလို့ ရတယ်ဆိုတာ သိခွင့်ရခဲ့တယ်။
အခု အသစ်စမ်းသပ်နေတဲ့ Li-Fi (Light Fidelity) သာ တွင်ကျယ်ခဲ့ရင် အခန်းမီးဖွင့်လိုက်တာနဲ့ အဆပေါင်း(၁၀၀)မြန်တဲ့ အင်တာနက်နဲ့ အွန်လိုင်းတက်နိုင်ပါလိမ့်မယ်။ သိပ္ပံပညာရှင်တွေရဲ့ စမ်းသပ်မှုအရ တစ်စက္ကန့်မှာ (၂၂၄)ဂစ်ဂါဘိုက်အမြန်နှုန်းကိုပို့လွှတ်နိုင်မှာပါ။ အရပ်သားစကားနဲ့ နားလည်အောင်ပြောရ ရင် “224 GB per second speed” ဆိုတာဟာ မျက်စိတစ်ချက်မှိတ်လိုက်တဲ့ အချိန်ခဏလေးအတွင်းမှာ ရုပ်ရှင် (၁၈)ကားဒေါင်း လော့ဒ်ဆွဲချနိုင်မှာဖြစ်ပါတယ်။
အခုဆိုရင် Li-Fi နည်းပညာဟာ ကျွန်တော်တို့ရဲ့ လက်တွေ့ကမ္ဘာကို တံခါးလာခေါက်နေပါပြီ။ အက်စတိုးနီးယားနိုင်ငံက တာလင်မြို့ရဲ့ ရုံးတစ်ခုမှာ စမ်းသပ်တုန်းကတော့ လက်ရှိအသုံးပြုနေကျ ကြိုးမဲ့ ၀ိုင်ဖိုင် ထက်အဆ (၁၀၀) မြန်တဲ့ တစ်စက္ကန့်ကို (၁)ဂစ်ဂါဘိုက်အထိ စမ်းသပ်နိုင်ခဲ့တယ်။
* အကန့်အသတ်ရှိတဲ့ ၀ိုင်ဖိုင် *
တကယ်လို့များ 56 K modem ကို မှတ်မိတယ်ဆိုရင် ၀ိုင်ဖိုင်ဟာ လေထဲက ရတဲ့လက်ဆောင် တစ်ခုလို အင်မတန်မြန်လွန်းတဲ့ အင်တာနက်တစ်မျိုးဆိုတာ မှတ်မိပါလိမ့်မယ်။ အခုလို ၀ိုင်ဖိုင်အင်တာနက်ရဲ့ သုံးစွဲမှုသက်တမ်းကြာလာတာနဲ့အမျှ တစ်နေရာနဲ့ တစ်နေရာအချက်အလက်တွေ ပို့လွှတ်တဲ့နေရာမှာ ၀ိုင်ဖိုင်ကိုသာ ဒိုင်သေသုံးဖို့အတွက်ဆိုရင်တော့ စိန်ခေါ်မှုတချို့က စောင့်ကြိုနေပါတယ်။
(၂၀၁၁) ခုနှစ်မှာ သိပ္ပံပညာရှင် ဟာရိုဟက်စ် Harald Hass ရဲ့ အပြောအရ ၀ိုင်ဖိုင်ပေါ်မှာ လိုင်း ကြပ်တည်းမှုနဲ့ဒေတာပို့လွှတ်ရာမှာ လူတွေရဲ့မြန်သထက်မြန်အောင် အားထုတ်မှုကြောင့် ၀ိုင်ဖိုင်အမြန်နှုန်း ဟာ ဘားကုန်ဘားခန်းဂိတ်ဆုံးအထိရောက်လာတယ်လို့ဆိုပါတယ်။ ရေဒီယို လှိုင်းပေါ်မှာ ခေါက် တုံ့ခေါက် ပြန်ပြေးလွှားရတဲ့ ၀ိုင်ဖိုင်ဟာ ဒေတာအများကြီးကို တစ်ကြိမ်တည်းမှာ အပြီးတိုင်ပြောင်းရွှေ့နေ ရတဲ့ ပုံစံပါ။
(၂၀၁၉) ခုနှစ်အရောက်မှာ ကမ္ဘာကြီးဟာ ၀ိုင်ဖိုင်ပို့လွှတ်မှုပေါင်း (35 Quintillion Bytes) (၃၅ x ၁၀၀၀ နောက်မှာ သုည ၁၈ လုံး) ရှိလာမယ်လို့ထောက်ပြပါတယ်။ အကြောင်းကတော့ ရေဒီယိုလှိုင်းတွေ ဟာ အဆက်မပြတ်သုံးစွဲနေရုံမက လေးလံကွာဝေးစွာ ထုတ်လွှတ်နေမှုကြောင့် ဒေတာတွေဟာ လိုင်း ကောင်းရာကို ရှာမရဖြစ်လာနေမယ့် သဘောဥပမာဖြစ်ပါတယ်။
ဒါကြောင့်မို့ ၀ိုင်ဖိုင်အတွက် လွတ်တဲ့နေရာသိပ်မကျန်နိုင်တော့ပါဘူး။ ကျဆင်းလာတဲ့ ၀ိုင်ဖိုင်ရဲ့ စွမ်းဆောင်ရည်ဟာလည်း ဒီပြဿနာရဲ့အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။ ဒါကြောင့်မို့ ၀ိုင်ဖိုင်ဟာ ပြီးပြည့်စုံ တဲ့အထောက်အကူရ လောကနတ်အဖြေဖြစ်မလာနိုင်တော့ပါဘူး။ တစ်ကယ့်အထိုင်စက်ရဲ့ စွမ်းဆောင် ရည်ဟာ (၅ %)လောက်သာအပြည့်အ၀လှုပ်ရှားနိုင်ပြီး သူ့ရဲ့ပါဝါများစုဟာ တာဝါတိုင်ရဲ့ စက်တွေကို အေးမြဖို့လုပ်ဆောင်ရတာနဲ့တင် ကုန်ခမ်းသွားပါတယ်။
တစ်ဆက်တည်းမှာ ဒီလိုမနိုင့်တနိုင်ဒေတာတွေကို ကုန်းပိုးထားရတဲ့ လှိုင်းအလျားများခမျာမှာ လည်း လုံခြုံရေးဖောက်ဝင်မှုရဲ့ဒဏ်ကို ကြောက်နေရပါတော့တယ်။ ဒါကြောင့် အရံအတားတွေဖြစ်တဲ့ နံရံတို့၊ တံခါးတို့ကိုကျော်ဖြတ်ရတဲ့အခါ တစ်ဆင့်ထက်တစ်ဆင့် လိုင်းကျလာတဲ့ကြိုးမဲ့ အင်တာနက်မှာ တော့ အားနည်းချက်တွေအပြည့်နဲ့ပါ။
* အလင်းကို စဉ်းစားကြည့်ရအောင် *
အလင်းဟာ ရေဒီယိုလှိုင်းတွေလို အီလက်ထရိုသံလိုက်လှိုင်းတွေပေါ်ကနေ ရွေ့လျားပါတယ်။ ဒါပေမယ့် အလင်းရဲ့ရောင်စဉ်လိုင်းဟာ ရေဒီယိုလှိုင်းထက် အဆ (၁၀၀၀၀) ပိုကြီးပါတယ်။ ဒါကြောင့် အလင်းနဲ့သာ ဒေတာပို့မယ်ဆိုရင် အင်မတန်စွမ်းအားကြီးမယ်ဆိုတာ သေချာသလောက်ရှိပါတယ်။ ဒါနဲ့တင်မကသေးပါဘူး ရေဒီယိုလှိုင်းက လိုင်းတစ်လိုင်းကို သယ်ဆောင်ရင် မချိမဆန့်ဖြစ်နေချိနှ်ာ အလင်းလှိုင်းကတော့ အဆက်မပြတ်ထမ်းထားနိုင်မှာဖြစ်ပါတယ်။
Li-Fi ဟာ LED မီးလုံးလေးတွေနဲ့ သူမတူတဲ့ အမြန်နှုန်းနဲ့ ကွန်ပျူတာ အချက်အလက် Binary Code တွေကို အဆက်မပြတ်ပို့နိုင်ပါတယ်။ မီးခလုတ်ကို အဖွင့်အပိတ်လုပ်တာနဲ့တင် မျက်စိနဲ့မမြင်ရတဲ့ အလင်းတန်းတွေက လိုရာခရီးကို ရောက်ပြီးသားဖြစ်နေမှာပါ။ “ကျွန်တော်တို့ လုပ်ရမှာက သေးငယ်တဲ့ မိုက်ခရိုချစ်ပ်တစ်ခုစီကို အချင်းချင်းဆက်သွယ်မယ့်ကိရိယာတွေထဲ ထည့်သွင်းရုံပါပဲ။ ဒီကနေ အလင်းရဲ့ တောက်ပမှုနဲ့ ကြိုးမဲ့အချက်အလက်တွေက ပူးပေါင်းသွားမှာပါ” ဒါက ဟာရိုဟက်စ်ပြောသွားတာဖြစ် ပါတယ်။ အမှန်ကတော့ လုပ်ကိုင်စရာတွေက အဆင်သင့်ဖြစ်နေပါပြီ။ ကျွန်တော်တို့မှာ အလင်းပို့လွှတ်မယ့် မီးလုံးတွေလည်း ရှိနေပြီ။ အနည်းငယ်လှည့်ပတ်စမ်းသပ်ဖို့ပဲ ကျန်တော့တာပါ။
* ၀ိုင်ဖိုင်အဆုံးသတ်တော့မှာလား? *
Li-Fi သုံးလာနိုင်ရုံနဲ့ Wi-Fi ခတ်ကုန်တော့မယ်ဆိုတာမဖြစ်နိုင်ပါဘူး။ အနာဂါတ်ဆိုတာ ကြိုမမြင် ရပေမယ့် အလင်းမှာလည်း သူ့ဟာနဲ့သူပျော့ကွက်ကရှိနေတာပါပဲ။ ဥပမာ အလင်းကရေဒီယိုလှိုင်းလို ထုတည်အတားအဆီး Solid Objects တွေကို ဖောက်မသွားနိုင်ဘူးလေ။ တကယ်လို့ လိုင်ဖိုင်သုံးနေရင်း အခန်းထဲကနေထထွက်သွားရင် အင်တာနက်လိုင်းပြတ်တောက်သွားတာက စိတ်မကောင်းစရာပါ။ ဒါပေမယ့် တင်းကျပ်စိတ်ချရတဲ့ အင်တာနက်လုံခြုံရေး Internet Security အတွက်ကတော့ လိုင်ဖိုင် နည်းပညာဟာ မဟာအခွင့်အရေးပါ။ ဒါကြောင့်မို့ တကယ့်လက်တွေ့မှာ ပုထုဇဉ်လူသားတွေရဲ့ ဖြည့်လို့ မပြည့်နိုင်တဲ့ လိုအင်ဆန္ဒတွေအရ Li-Fi နဲ့ Wi-Fi ပါင်းစပ်ထားတဲ့ စပ်လှိုင်း Hybrid အင်တာနက်ကိုသာ မျှော်လင့်မိ ပါကြောင်း ရေးသားလိုက်ရပါတယ်။
ခင်မင်ခြင်းများစွာဖြင့်
Ref:Business Insider&iflscience.com/
ကိုညီညီ(တောင်ကြီး)
NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal