4/05/2017

♪ “Galaxy S8 က iPhone Killer ဖြစ်လာနိုင်မလား” ♫

Image may contain: phone

Galaxy စီးရီးစမတ်ဖုန်းမျိုးဆက်သစ် Galaxy S8 နှင့်S8+ တို့ကိုပြီးခဲ့သော သီတင်းပတ်ကနယူးယော့ခ်နှင့် လန်ဒန်တို့တွင်Samsung ကမိတ်ဆက်ပြသ သွားခဲ့သည်။Galaxy S8 စမတ်ဖုန်းများတွင်ပါဝင်လာသည့် Feature အချို့က နောက်ဆုံးထုတ်iPhone များမှာပင်မပါဝင်သေးသည့်နည်းပညာသစ်များ ဖြစ်နေရာS8 နှင့်S8 + တို့သည် iPhone Killer များဖြစ်လာတော့မည်လား ဟုလည်းစဉ်းစားဖွယ်ရှိလာခဲ့တော့သည်။ ကြိုးမဲ့ အားသွင်းစနစ်၊ မူလ Built-in Memory ကိုပင်ထပ်မံတိုးချဲ့ပေးနိုင်သောSD Card Slot များနှင့်လှပသေသပ် လွန်းသောကိုယ်ထည်ဒီဇိုင်းများကြောင့်ကမ္ဘာ့စမတ်ဖုန်းဈေး ကွက်၏ထိပ်တန်းနေရာကိုပင်Samsung တို့ပြန်ရလာဖွယ်ရှိကြောင်းခန့်မှန်းချက်များလည်း ထွက်ပေါ်လာခဲ့သည်။သို့သော်၂၀၁၆ခုနှစ်၊စတုတ္ထ၃လပိုင်းအထိတော့ယင်း နေရာကိုApple ကသာသိမ်းပိုက်ထားဆဲဖြစ်၏။ဈေး ကွက်သုတေသနအဖွဲ့IDC ၏အဆိုအရApple သည်iPhone 7အောင်မြင်မှုကြောင့်ဈေးကွက် ထိပ်တန်း နေရာ ပြန်လည် ရရှိလာခဲ့ချိန်တွင်Samsung ကတော့Note 7 ဖုန်းများ မီးလောင်ပေါက်ကွဲသည့်ပြဿနာကြောင့်ဈေးကွက်တင်ပို့မှုပမာဏ၅.၂ ရာခိုင်နှုန်းကျဆင်းခဲ့ကြောင်း သိရသည်။ ဈေးကွက်ဝေစုအားဖြင့်တော့Apple သည်၁၈ .၁ရာခိုင်နှုန်းဖြင့်ထိပ်ဆုံး၌ရှိနေခဲ့လေသည်။

သို့သော်ပြီးခဲ့သောသီတင်းပတ်၊ဗုဒ္ဓဟူးနေ့ကပြုလုပ်ခဲ့သောGalaxy S8 မိတ်ဆက်ပွဲအရောက်တွင်မူSamsung အပေါ်မျှော်လင့်ချက်များ ပြန်လည် မြင့်တက် လာသည်ကိုတွေ့ရတော့သည်။ဖောက်သည်များ၏ ယုံကြည် ကိုးစားမှုနှင့်ဈေးကွက်တွင်ပြန်လည်ဦးဆောင်နိုင်ရေးအတွက်Samsung လုပ်ပြရမည့်ကိစ္စနှစ်ရပ်ရှိလေသည်။ပထမတစ်ခုကရွေးချယ်မှုတွင်iPhone ကိုမစဉ်းစားဘဲအခြားAndroid ဖုန်းတစ်မျိုးမျိုးကိုပြောင်းလဲ အသုံးပြုဖွယ်ရှိ သည့် ဖောက်သည်များကိုGalaxy S8 ကစိတ်ချယုံကြည်ရကြောင်း ပြသရန် ဖြစ်၏။ဒုတိယတစ်ခုကတော့iPhone သုံးနိုင်သောလူတန်းစားများကို ဆွဲဆောင်ရန်ပင်။ထိုဖောက်သည်များသည်iPhone တို့၏လစ်ကွက်၊ ဟာကွက်၊ အားနည်းချက်များကိုသိရှိထားပြီးဖြစ်ပါလိမ့်မည်။ထို့ကြောင့် Samsung က Galaxy S8 နှင့်အတူiPhone ထက်ပိုမိုအံ့သြဖွယ်ကောင်းသောFeature အချို့ ကို ပြသလိုက်ရန်ပင်ဖြစ်တော့သည်။

<Samsung ၏ကြွေးကြော်မှု>

Galaxy S8ကိုမိတ်ဆက်လိုက်ချိန်တွင်ဖောက်သည်များယုံကြည်ကိုးစား လောက်သည့်ကြွေးကြော်မှုကိုလည်း Samsung ပြုလုပ်သွားသေးသည်။ Beatles တေးဂီတအဖွဲ့၏နာမည်ကျော်သီချင်းတစ်ပုဒ်ဖြစ်သောAcross the Universe ကိုဖွင့်ထားပြီးNothing's gonna have changed my world ဆိုသောစာသားများနှင့်အတူSamsung တာဝန်ရှိသူများပြသလိုက်သည်က လူသားတို့၏ကမ္ဘာကြီးကို၎င်းတို့၏စမတ်ဖုန်းများ၊အခြားDeviceများဖြင့်ပြောင်းလဲပေးနေပုံဖြစ်၏။Samsung မိုဘိုင်းဌာန၏အကြီးအကဲဖြစ်သူDJ Kohကတော့ မိတ်ဆက်ပွဲဖွင့်လှစ်သည်နှင့်တစ်ပြိုင်နက်“အားလုံးသိထားတဲ့အတိုင်းဒီနှစ်ဟာ Samsung အတွက်တော့စိန်ခေါ်မှုတွေခံရတဲ့နှစ်တစ်နှစ်ပါပဲ။ဒါပေမယ့် ဒီနေ့တော့မှတ်တိုင်သစ်တစ်ရပ်စိုက်ထူဖို့ ကျွန်တော်တို့ရောက်လာကြတာပါ။ ဒီပွဲဟာကုန်ပစ္စည်းသစ်မိတ်ဆက်ပွဲသက်သက် မဟုတ်ပါဘူး။ကမ္ဘာကြီးကိုစူးစမ်းရှာဖွေတဲ့နည်းလမ်းသစ်ရဲ့ကနဦးအစကို ပြသတဲ့ပွဲပါ”ဟုဆိုခဲ့သည်။

၅ .၈လက်မအရွယ်Galaxy S8 ၊၆ .၂လက်မအရွယ် S8+ တို့ကိုပြသရင်း Samsung စမတ်ဖုန်းများကိုကမ္ဘာကြီးကိုမည်သို့မည်ပုံပြောင်းလဲပေးခဲ့ ကြောင်း၊ဆက်လက်၍လည်းပြောင်းလဲပေးသွားဦးမည်ဖြစ်ကြောင်းလည်း မစ္စတာKohကပြောကြားသွားခဲ့သည်။Galaxy S8 တွင်8MP F1.7 Smart Autofocus ရှေ့ကင်မရာနှင့်12 MP F1.7 Dual Pixel နောက်ကင်မရာတို့ ပါဝင်ပြီး Samsung ၏ပထမဆုံး10nm chip ကလည်းစွမ်းဆောင်ရည်ကို ပိုမိုမြင့်မားစေမည်ဟုသိရသည်။ပိုပြီးအားရဖွယ်ကောင်းသောအချက်ကတော့Bixby ဟုအမည်ပေးထားသည့်Personal Assistant AI ဆော့ဝဲတစ်မျိုး ပထမဆုံးအကြိမ် ပါဝင်လာခြင်းပင်။အစောပိုင်းကပျံ့နှံ့ခဲ့ပြီးသောသတင်းများ အရBixby သည်အားလုံးမျှော်လင့်ပြီးသားFeature လည်းဖြစ်သည်။မည်သည့် ကုမ္ပဏီမဆိုပစ္စည်းသစ်တစ်ခုထုတ်လုပ်သည့်အခါတိုင်းယခင်ကနှင့်မတူ တစ်မူထူးခြားသောစွမ်းဆောင်ရည်အင်္ဂါရပ်တစ်ခုခုကိုထုတ်ဖော်ပြသကြစမြဲဖြစ်ပါ၏။သို့သော်အထက်က ဆိုခဲ့သလိုiPhone ကိုအနိုင်ယူကျော်ဖြတ်နိုင်မည့်iPhone Killer ဖြစ်လာနိုင်ပါမည်လား။

<Galaxy S8 ၏အလားအလာ>

Samsung မိုဘိုင်းဌာနအကြီးအကဲမစ္စတာKohကတော့“Galaxy S8 ဆိုတာ ခင်ဗျားရဲ့အိမ်ထဲမှာရှိနေတဲ့ ပစ္စည်းအားလုံးနဲ့ဆက်သွယ်နိုင်မယ့်ဂိတ်တံခါးဝပဲ ဗျ”ဟုဆိုခဲ့လေသည်။သို့ဆိုပါလျှင်Galaxy S8 ၏အလားအလာများကို ဆန်းစစ် ကြည့်ရတော့မည်ဖြစ်သည်။ပထမဆုံးအနေဖြင့်Samsung မှထုတ်လုပ် သောVR ခေါင်းစွပ်ဖြစ်သည့်Gear VR Headsetနှင့်ကောင်းစွာဆက်သွယ် ပေါင်းစပ်နိုင်စွမ်းရှိထားပြီးပိုမိုကောင်းမွန်သည့်VR ခံစားမှုကိုရရှိစေမည်ဖြစ် သည်။ နောက်ထပ်အလားအလာတစ်ခုကတော့S8 စမတ်ဖုန်းကိုMonitor, Keyboard တို့နှင့်တွဲဖက်အသုံးပြုနိုင်စေမည့်DeXဆိုသောနည်းပညာ တစ်မျိုး ကိုထည့်သွင်းပေးထားခြင်းပင်။ထိုမျှသာမကသေး၊Internet of Things ဟု ခေါ်သောအင်တာနက်ဖြင့်ဆက်သွယ်ပေါင်းစပ်အသုံးပြုနေသောIoT နည်းပညာပစ္စည်းမျိုးစုံကိုလည်းS8 သည် Application တစ်ခုတည်းဖြင့် ထိန်းချုပ်စီမံခန့်ခွဲနိုင်ဦးမည်ဖြစ်သည်။နောက်ဆုံးအလားအလာကတော့ Bixby ၏အရည်အသွေးပင်ဖြစ်သည်။Samsung နှင့်နီးစပ်သောအသိုင်းအ၀ိုင်း၏ အဆိုအရတော့Bixby သည်အခြားနာမည်ကြီးAI များဖြစ်သောSiri,Cortana ကဲ့သို့ အလားတူစွမ်းဆောင်မှုမျိုးကိုချပြနိုင်မည် ဖြစ်ကြောင်းသိရသည်။ တစ်နည်းအားဖြင့်တော့အသံဖြင့်ထိန်းချုပ်စေခိုင်းနိုင်သောBixby သည်User များအတွက်အာမခံချက်ရှိပြီးယုံကြည်အားကိုးရသောAI စက်တစ်မျိုး ဖြစ်ကြောင်း အခိုင်အမာဆိုထားခြင်းပင်။ပုံပန်းသွင်ပြင်အရတော့Galaxy S8 သည်iPhone ကိုကျော်ဖြတ်နိုင်မည်ဟုယူဆရသည်။ဖုန်း၏မျက်နှာပြင် တစ်ခုလုံးကိုInfinity Display အဖြစ်အသုံးပြုထားပြီးကျယ်ပြန့်ကြီးမား သယောင်ထင်ရသည်။ယင်းအချက်နှင့်ပတ်သက်၍Samsung ၏ဈေးကွက် ရှာဖွေရေးဒုတိယဥက္ကဋ္ဌJustin Denison က“Galaxy S8 စမတ်ဖုန်းကို ကျွန်တော်တို့ ပြန်ပြီးဒီဇိုင်းရေးဆွဲခဲ့ပါတယ်။မျက်နှာပြင်Screen ကိုကန့်သတ် လိုက်တာမျိုးမလုပ်တော့ဘဲပုံရိပ်ခံစားမှုအပြည့်အ၀ရရှိစေဖို့ဖန်တီးထားတာပါ။ဒါကြောင့်လည်းပုံမှန်အားဖြင့်ပါဝင်တဲ့Homeခလုတ်ကိုဒစ်ဂျစ်တယ်အနေ အထားပြောင်းလဲလိုက်တာပါ”ဟုပြောကြားခဲ့သည်။

<စမတ်ဖုန်းတစ်ခေတ်ဆန်းသစ်နိုင်မည်လား>

Galaxy S8ကိုဖန်တီးလိုက်သောSamsung အနေဖြင့်ဖောက်သည်များ မျှော်လင့်နေသောအပြောင်းအလဲတစ်ရပ်ကိုဖော်ဆောင်လိုက်ခြင်းပင်ဖြစ် သည်။သို့ရာတွင်ဘက်ထရီနှင့်ပတ်သက်၍စိတ်ချယုံကြည်နိုင်သောအာမခံချက်ကိုSamsung တို့ချပြနိုင်ဖို့လိုအပ်နေပါသေးသည်။ယခင်Galaxy Note 7 တွင် ဖြစ်ပွားခဲ့သောဘက်ထရီမီးလောင်ပေါက်ကွဲမှုပြဿနာများကြောင့်သာမန်User များသာမကSamsung ၏အမာခံပရိသတ်များပင်လျှင်Galaxy စမတ်ဖုန်း မျိုးဆက်သစ်များအပေါ်စိုးရိမ် မကင်းဖြစ်နေကြသည်။ထို့ကြောင့်Galaxy S8 ကိုမိတ်ဆက်လိုက်ချိန်တွင်ဈေးကွက်ရှာဖွေရေးဒုတိယဥက္ကဋ္ဌDenison သည် ထုတ်ကုန်သစ်များ၏ဘက်ထရီပိုင်းဆိုင်ရာစိတ်ချယုံကြည်ရမှုနှင့်ပတ်သက်ပြီး Beyond Industry Standards ဟုအထပ်ထပ်အခါခါအာမခံပြောကြား သွားခဲ့သည်။ထိုစကားတစ်ခွန်းကတော့Samsung ၏အမာခံဖောက်သည် များကို ပြန်လည်ဆွဲဆောင်နိုင်လိမ့်မည်ဟုမျှော်လင့်ရလေသည်။Galaxy S8 နှင့်S8 + တို့သည်Samsung ကုမ္ပဏီကယခင်ထုတ်လုပ်ခဲ့သောစမတ်ဖုန်းများ ထက်ပိုမိုတိုးတက်မြင့်မားလာသည်ကိုတော့ ငြင်းမရနိုင်ပါ။သို့သော်S8 နှင့် အတူစမတ်ဖုန်းတစ်ခေတ်ဆန်းသစ်နိုင်တော့မည်လားဆိုသောမီဒီယာများ၏ မေးခွန်းကိုတော့Samsung တာဝန်ရှိသူများဖြေကြားသွားခြင်းမရှိပါ။

သေချာတာကတော့Galaxy S8 သည်ယခင်မော်ဒယ်များထက်အဆများစွာ ပိုကောင်းလာမည်။ဘက်ထရီနှင့်ပတ်သက်၍လည်း ပြဿနာရှိလာလိမ့်မည် မဟုတ်ပါ။မီးလောင်ပေါက်ကွဲမှုများလည်းကြုံတွေ့ရဖွယ်မရှိတော့ပါ။သို့ရာတွင်Galaxy S8 သည်Samsung ၏နည်းပညာတော်လှန်ပြောင်းလဲမှု (Revolution)တော့မဟုတ်ပါ။ဆင့်ကဲတိုးတက်မှု (Evolution) ဟုသာဆိုရမည်ဖြစ်ပါသည်။ Galaxy စမတ်ဖုန်း စီးရီး၏ဆင့်ကဲပြောင်းလဲမှုနောက်ဆုံးမျိုးဆက်သစ်S8 နှင့်S8 + မော်ဒယ်နှစ်မျိုးစလုံးမှာကမ္ဘာ့ဈေးကွက် တစ်ခုလုံး၏စိတ်ဝင်စားမှု ကိုတော့ရယူနိုင်ခဲ့ပြီဖြစ်သည်။မတ်လ၃၀ရက်နေ့တွင်ယင်းမော် ဒယ်နှစ်မျိုးလုံးအတွက်အမေရိကန်ဈေးကွက်တွင်ကြိုတင်အမှာစာများရယူနိုင်ခဲ့ပြီးဧပြီ၂၁ ရက်နေ့တွင် တင်ပို့ရောင်းချနိုင်တော့မည်ဖြစ်သည်။Midnight Black, Orchid Gray နှင့်Arctic Silver ဆိုသော အရောင်အသွေး၃မျိုးဖြင့်ထွက်ရှိလာမည့်S8 နှင့်S8 + များသည်iPhone Killer ဖြစ်လာနိုင်ခြင်းရှိ၊မရှိကိုတော့ User များက ဆုံးဖြတ်သွားပါလိမ့်မည်။

Ref : (Is Samsung's S8 an iPhone Killer? - by Daniel B. Kline)

ကိုဆွဲ(မုံရွာ)

Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal








<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>

 
 
 
 
 
 
 
 
www.pyaephyo.com