Samsung Galaxy S8 ကို ၀ယ်ယူထားသူများက စကရင် အနီရောင် သမ်းတဲ့ ပြဿနာကို
ရင်ဆိုင်နေရ တယ်လို့ လူမှုကွန်ရက်များမှာ မျှဝေထားကြပါတယ်။ Samsung က
Settings ကို ပြုပြင်ခြင်းဖြင့် အဲဒီ ပြဿနာကို ဖြေရှင်းနိုင်တယ်လို့
ပြောပေမယ့် အဆင်မပြေခဲ့ပါဘူး။ အခုတော့ Samsung က အဲဒီ ပြဿနာကို
ဖြေရှင်းပေးမယ့် Software Update ကို လာမယ့် ရက်သတ္တပတ်ထဲမှာ
ဖြန့်ချီပေးမယ်လို့ ကြေညာလိုက် ပါတယ်။
အဲဒီ Software Update ကို အဆင့်မြှင့်ပြီးလို့မှ အဆင်မပြေသေးရင်တော့ ဖုန်းအသစ်တစ်လုံး လဲလှယ်ပေးမယ်လို့ ကုမ္ပဏီက တောင်ကိုရီးယား မီဒီယာ The Investor ကို ပြောပါတယ်။ The Investor က စကရင် အနီရောင် သမ်းခြင်းနဲ့ ပတ်သက်၍ ပညာရှင်များနဲ့ အင်တာဗျူးတဲ့ အခါမှာ အများစုက Hardware နဲ့ သက်ဆိုင်တဲ့ ပြဿနာလို့ ပြောပါတယ်။ အချို့ကတော့ ပြဿနာကို ဖြေရှင်းဖို့အတွက် Software Update က လုံလောက်တယ်လို့ ပြောပါတယ်။ “ Samsung Galaxy S နဲ့ Notes စမတ်ဖုန်းများ ၊ Apple ရဲ့ iPhones များမှာ ထုတ်လုပ်မှု ဖြစ်စဉ် အားနည်းချက်များကြောင့် စကရင်များမှာ အနီရောင်၊ အ၀ါရောင် သမ်းနေတတ်ကြပါတယ်။ “ လို့ ပညာရှင် တစ်ဦးက သုံးသပ်ပါတယ်။
ကုမ္ပဏီက အရောင် ချိန်ညှိဖို့အတွက် Software Update ကို ဖြန့်ချီမယ့် အကြောင်းကို တောင်ကိုရီးယားရှိ Customer Service Centers များအား အသိပေးထားပါတယ်။ Samsung က Galaxy S8 ကို ကမ္ဘာအ၀န်းမှာ ရောင်းချပေးလိုက်ပြီ ဖြစ်တဲ့အတွက် Software Update က အဆင်ပြေမလားဆိုတာ စိတ်ဝင်စားစရာကောင်းပါတယ်။ အဆင်မပြေရင်တော့ Note 7 လို အဖြစ်ဆိုးမျိုးကို ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။