ကမ္ဘာ့အကြီးဆုံး
လူမှုရေးကွန်ရက်ဖြစ်သည့် Facebook သည် သုံးစွဲသူများက Like icon အပြင်
အခြားစိတ်ခံစားမှုများအား ဖော်ပြနိုင်စေမည့် စမ်းသပ်မှုတစ်ရပ်ကို သောကြာနေ့က
စတင်ခဲ့သည်။
Reactions ဟုခေါ်သည့် feature သစ်တွင် ချစ်ခင်နှစ်သက်ခြင်း၊ ရယ်မောခြင်း၊ ပျော်ရွှင်ခြင်း၊ အံ့သြထိတ်လန့်ခြင်း၊ ဝမ်းနည်းခြင်းနှင့် စိတ်ဆိုးဒေါသထွက်ခြင်း စသည့် စိတ်ခံစားမှု ၆ မျိုးကို ဖော်ပြပေးမည့် icon များ ပါဝင်ကြောင်း ကုမ္ပဏီ၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
၎င်း feature ကို စမ်းသပ်သုံးစွဲခွင့် ရရှိသူများသည် မိုဘိုင်းထုတ်ကုန်များတွင် Like ခလုတ်ကို အတန်ကြာ ဖိထားခြင်းဖြင့် လည်းကောင်း၊ ကွန်ပျူတာဖြင့် သုံးစွဲသူများက Like ခလုတ်ပေါ်တွင် mouse ကို တင်ထားခြင်းဖြင့် သုံးစွဲနိုင်မည် ဖြစ်သည်။ ထိုအခါတွင် Reactions icon များက pop up အနေဖြင့် ပေါ်လာမည် ဖြစ်ပြီး သုံးစွဲသူက Facebook post တစ်ခုကြောင့် ဖြစ်ပေါ်သည့် စိတ်ခံစားမှုအတွက် icon ကို ရွေးချယ်ဖော်ပြနိုင်မည် ဖြစ်သည်။
Reactions feature စမ်းသပ်သုံးစွဲခွင့်ကို အိုင်ယာလန်နှင့် စပိန်နိုင်ငံရှိ Facebook သုံးစွဲသူများကသာ ကနဦး ရရှိမည်ဖြစ်သည်။
Ref: CNET