Apple က Face ID ရဲ့ အလုပ်လုပ်ပုံကို
အီးမေးကနေတစ်ဆင့် ပြောကြားလိုက်ပါတယ်။ iPhone X ရဲ့ Face ID ဟာ
နေကာမျက်မှန် အများစုနဲ့ အလုပ်လုပ်တယ်လို့ ကုမ္ပဏီရဲ့ ဆော့ဖ်ဝဲ
အင်ဂျင်နီယာချုပ်ဖြစ်သူ Craig Federighi က ပြောပါတယ်။ သူက “ နေကာမျက်မှန်
အများစုဟာ Face ID က သင့် မျက်လုံးကို မြင်ရစေတဲ့ IR Light ကို
ဖြတ်သန်းစေပါတယ်။ “ လို့ ရှင်းပြပါတယ်။
Apple
က စက်တင်ဘာလ ၁၂ ရက်နေ့မှာ Face ID ကို မိတ်ဆက်စဉ်မှာ iPhone X ပိုင်ရှင်ဟာ
ဦးထုပ်၊ ပါဝါ မျက်မှန်နဲ့ အခြား အရာဝတ္ထုများ ဆင်မြန်းထားခြင်း၊
မိတ်ကပ်လိမ်းခြယ်ထားခြင်း၊ မုတ်ဆိတ်မွှေးများ ပေါက်လာခြင်းများ
ပြုလုပ်ထားရင်တောင် Face ID က မှတ်မိတယ်လို့ ပြောပါတယ်။
နေကာမျက်မှန်ကိုတော့ အဲဒီအချိန်က ပြောကြားခြင်း မရှိခဲ့ပါဘူး။
သူခိုးတစ်ယောက်က iPhone X ကင်မရာကို ပိုင်ရှင်ရဲ့
မျက်နှာသို့ ချိန်ရွယ်ပြီး ဖုန်းကို ခိုးယူသွားနိုင်သလားဆိုတဲ့ မေးခွန်းကို
Federighi က ဖြေကြားထားပါသေးတယ်။ သူက “ အဲဒီအတွက် ဖြေရှင်းနည်း ၂ ခု
ရှိပါတယ်။ သင်ဟာ ဖုန်းကို မကြည့်နေရင် ဖုန်းက Unlock ဖြစ်မှာ မဟုတ်ပါဘူး။
နောက်တစ်နည်းက သင်ဖုန်းကို လူတစ်ယောက်ထံ ပေးစဉ်မှာ ဘေးနှစ်ဖက်မှ
ခလုတ်များကို ပြိုင်တူ နှိပ်လိုက်ရင် Face ID ကို ခဏတာ Disable လုပ်ပေးမှာ
ဖြစ်ပါတယ်။ “ လို့ ပြောပါတယ်။