
ဒီနေ့ခေတ်မှာ iPhone ၀ယ်ဖို့ အတွက် 
ရွေးချယ်စရာများစွာ ရှိပါတယ်။ ၃၅၀ ဒေါ်လာတန် iPhone SE ကနေ ဒေါ်လာ ၁၀၀၀ တန် 
iPhone X အထိ အစားစား ရှိပါတယ်။ ဘယ်ဖုန်းဟာ သင်နဲ့ သင့်တော်သလဲဆိုတာတော့ 
မသိပါဘူး။ သေချာတာကတော့ iPhone 7 ကို လက်ရှိ ကိုင်ဆောင်နေသူများဟာ iPhone 8
 ကို မ၀ယ်ယူသင့်ပါဘူး။ 
iPhone
 8 ဟာ ယခင်နှစ်ထုတ် iPhone 7 နဲ့ အားလုံးနီးပါး တူညီပါတယ်။ iPhone 8 ကို 
အနည်းငယ်သာ အဆင့်မြှင့်ထားပါတယ်။ iPhone 8 ဟာ iPhone 7 ထက် စွမ်းရည် 
ပိုကောင်းလာတာက ငြင်းမရပါဘူး။ ဒါပေမယ့် ဒေါ်လာ ရာဂဏန်းပေးပြီး iPhone 8 ကို 
ပြောင်းကိုင်ဖို့ မတန်ပါဘူး။ 
Processor ကနေ စပြောချင်ပါတယ်။ iPhone 8 မှာ Apple 
ဖန်တီးခဲ့ဖူးသမျှထဲမှာ အမြန်ဆုံး A11 Bionic Processor တပ်ဆင်ထားပါတယ်။ 
သူ့မှာ စွမ်းဆောင်ရည်မြင့် Core ၂ လုံးနဲ့ စွမ်းအင်စားသုံးမှု နည်းပါးတဲ့ 
Core ၄ လုံးပါပါတယ်။ အားလုံးပေါင်း Core ၆ လုံးပါ။ 
စွမ်းဆောင်ရည်မြင့် Cores များဟာ ယခင် မော်ဒယ်ထက် 
၂၅ ရာခိုင်နှုန်းနဲ့ စွမ်းအင်စားသုံးမှုနည်းပါးတဲ့ Cores များဟာ ယခင် 
မော်ဒယ်ထက် ၇၀ ရာခိုင်နှုန်း ပိုမိုမြန်လာတယ်လို့ Apple က ပြောပါတယ်။ 
ဒါပေမယ့် တကယ် စဉ်းစားရမှာက သင့် iPhone 7 ဟာ 
Processor ကြောင့် နှေးကွေးခြင်း၊ လေးလံခြင်းများဖြစ်ဖူးသလားဆိုတာပါပဲ။ 
ဒီလိုဖြစ်မယ်လို့တော့ စာရေးသူ မထင်မိပါဘူး။ ဘာကြောင့်လဲဆိုတော့ iPhone 7 ဟာ
 Facebook, Instagram , Snapchat နဲ့ App တိုင်းကို ကောင်းစွာ Run 
နိုင်လောက်အောင် စွမ်းရည်မြင့်မားတဲ့ ဖုန်း ဖြစ်နေလို့ပါပဲ။ 
နောက်ထပ်ဆွေးနွေးချင်တာက ကင်မရာ ဖြစ်ပါတယ်။ iPhone 8
 နဲ့ iPhone 8 Plus တို့မှာ ကင်မရာ အသစ်များ တပ်ဆင်ထားတဲ့အတွက် သီအိုရီအရ 
ပိုမိုကောင်းတဲ့ ဓါတ်ပုံများကို ရိုက်ကူးပေးနိုင်ပါတယ်။ ဒါပေမယ့် တကယ် စဉ်းစားရမှာက iPhone 7 ဖြင့် 
ရိုက်ကူးထားတဲ့ ဓါတ်ပုံတစ်ပုံဟာ ညံဖျင်းတယ်လို့ သင်ခံစားရဖူးပါသလား 
ဆိုတာဖြစ်ပါတယ်။ iPhone 7 ရဲ့ကင်မရာဟာ iPhone 8 နီးပါး ကောင်းမွန်တဲ့ 
ဓါတ်ပုံများကို ရိုက်ကူးပေးနိုင်ပါတယ်။ ပြောချင်တာကတော့ iPhone 7 နဲ့ 
iPhone 8 ရဲ့ ကင်မရာ အရည်အသွေးဟာ အလွန် ကွာခြားခြင်း မရှိဘူးဆိုတာပါပဲ။ 
သင်ဟာ ငွေကြေး တတ်နိုင်သူဆိုရင်တော့ 
ပိုမိုကောင်းမွန်တဲ့ ကင်မရာနဲ့ Processor များပါတဲ့ iPhone 8 ကို ၀ယ်ယူပါ။ 
အခြားလူများအတွက်တော့ တန်ဖိုးအနည်းဆုံး iPhone 8 မော်ဒယ်ရဲ့ ဒေါ်လာ ၇၀၀ 
ဈေးနှုန်းဟာ မတန်ဘူးလို့ ပြောချင်ပါတယ်။ 
Apple က ဒီနှစ်ထုတ် iPhone များထဲမှာ iPhone X ကို 
အဓိက ဦးစားပေးပြီး ဖန်တီးထားပါတယ်။ iPhone 8 , iPhone 8 Plus တို့ကိုတော့ 
အနည်းငယ်သာ အဆင့်မြှင့်ထားပါတယ်။ အဲဒီအတွက် iPhone 7 ပိုင်ရှင်များဟာ 
iPhone အသစ်လဲချင်ရင် iPhone 8 , iPhone 8 Plus များအစား iPhone X ကိုသာ 
ရွေးချယ်သင့်ပါတယ်လို့ အကြံပြုလိုက်ပါတယ်။