2/05/2017

♪ “မြန်ကောင်းသက်သာ Samsung 750 EVO SSD” ♫

Image may contain: one or more people, people sitting and text

ကွန်ပျူတာထဲမှာ OS တင်ဖို့ SSD သုံးသင့်သည့် အချိန်ရောက်ပြီလောဟု ဆိုလျှင် ရောက်ပြီဟုပင် ဆိုရပါလိမ့်မည်။ ကျွန်မအတွေ့အကြုံအရ desktop ကွန်ပျူတာတွင် OS တင်ရန်သုံးသော hard drive (HD) များသည် ဈေးနှုန်း ချိုသာပြီး အရည် အသွေးမဆိုးဟုဆိုသော အချက်မှတစ်ပါး ငါးနှစ်ကျော်ခံခြင်း ကို အတွေ့ရနည်းပါသည်။ ကွန်ပျူတာတွင် အသုံးပြုသည့် လျှပ်စစ်မီးအား အတက်အကျများပြားခြင်း၊ ကွန်ပျူတာကိုခိုင်းစေသည့် အချိန်နာရီများပြား ခြင်း၊ ကွန်ပျူတာတွင် UPS မခံဘဲထားခြင်း ကွန်ပျူတာဖွင့်ထားသည့် အခိုက်တွင် အကြမ်းပတမ်းတွန်းရွှေ့ခြင်းတို့သည် HD ကို လျင်မြန်စွာ ပျက်စီးစေသော အကြောင်းများ ဖြစ်သည်ဟု ထင်ပါသည်။

SSD တွင် အထဲ၌ လည်ပတ်သော အစိတ်အပိုင်းမပါသဖြင့် နှစ်ပေါင်းဆယ်ချီ၍ ခံမည်ဟု ယုံကြည်ခဲ့ကြပါသည်။ သို့ သော် SSD ခေတ်ကို ဆယ်စုနှစ်တစ်နှစ်ကျော် ဖြတ်သန်းလာပြီးသည့်နောက်တွင် မှ ယင်းတို့တွင် read write အကြိမ်ရေ ကန့် သတ်ချက်ရှိကြောင်း သိလာကြပါသည်။ အထူးသဖြင့် data အသစ်ရေးသည့် အကြိမ်ရေ ကန့်သတ်ချက်ရှိပါသည်။ ထို့ကြောင့် SSD တို့၏ သက်တမ်းကို ပြောရာတွင် နှစ်အပိုင်းအခြားဖြင့် မပြောတော့ဘဲ data ရေးနိုင်သည့်ပမာဏ ဖြင့် ပြောလာကြပါသည်။

အကြမ်းအားဖြင့်ဆိုလျှင် SSD တစ်လုံးသည် storage space ၏ အဆ ၂၀၀ ပမာဏရှိသော data ကိုရေးပြီးချိန်တွင် သက်တမ်းကုန်ပါမည်။ ဥပမာ အားဖြင့်ကြည့်လျှင် 120GB ရှိသော SSD တစ်ခုသည် အရည်အသွေး ပြည့်မီပါက 24 TB ရေးပြီးချိန် တွင် သက်တမ်းကုန်ပါမည်။ read လုပ်နိုင် သောအချိန်မှာမူ အရည်အသွေးပြည့် SSD တစ်လုံးသည် နာရီ တစ်သန်း မှအထက် တွင် ရှိပါသည်။ ထို့ကြောင့် SSD တစ်လုံး၏ space ထက်ဝက်ကိုသာ App များ အသေထည့်ပြီး မကြာခဏပြင်ခြင်း၊ ဖျက်ခြင်း မလုပ်ပါက သက်တမ်း ၅ နှစ်မှအထက် သေချာပေါက်ခံနိုင်ပါသည်။ ထို့ပြင် SSD ၏ သက်တမ်းသည် cell တစ်ခုတွင် သိုလှောင်သော Bit ပမာဏပေါ်တွင် မူတည် သည်။ Cell တစ်ခုတွင် Bit သာ သိုလှောင်ပါက Single Level Cell (SLC) ခေါ်ပြီး ယင်း SSD မျိုးက သက်တမ်းအကြာဆုံးခံပါသည်။ ဈေးလည်း အကြီး ဆုံးဖြစ်ပါ၏။ ယင်းအောက်တွင် သက်တမ်းအသင့်အတင့် စသော Multi Level Cell (MLC) ရှိသည်။ ယင်း၌ Cell တစ်ခုတွင် 2 Bit data သိုလှောင်ပါသည်။ ဈေးအသက်သာဆုံးမှာ Triple Level Cell (TLC) ဖြစ်သည်။ ယင်း SSD မျိုးတွင် Cell တစ်ခု၌ 3 Bit data သိုလှောင်သည်။ ထို့ကြောင့် မကြာခဏရေးခြင်း၊ ဖျက်ခြင်းပြုလုပ်ပါက cell ထိခိုက်ပျက်စီးမှုများပြီး သက်တမ်းတိုပါသည်။ ဈေးက အသက်သာဆုံးဖြစ်ပါသည်။

Samsung 750 EVO SSD သည် TLC အမျိုးအစားဖြစ်သောကြောင့် ဈေးနှုန်းအသက်သာဆုံးဖြစ်သည်။ ဈေးသက်သာသလို သက်တမ်းနိမ့် ပါသည်။ အာမခံသက်တမ်း သုံးနှစ်ပေးပါသည်။ မြန်မာပြည်တွင် လူသုံးများ သော Transcend SSD မှာ TLC အမျိုးအစားဖြစ်သော်လည်း ဈေးပို၍ သက်သာသည်။ အာမခံသက်တမ်းသုံးနှစ်ခြင်းတူပါသည်။ သို့သော် Samsung ဟူသော ဂုဏ်သတင်းကြောင့် ဒေါ်လာ ၆၀ ဟူသောဈေးနှုန်းမှာ ပေးပျော်ပါသည်။ ဈေးကွက်တွင် Samsung TLC NAND Flash memory အဖြစ် ၀ယ်ယူရရှိပါမည်။ ဈေးနှုန်းနိမ့်သော်လည်း စွမ်းဆောင်ရည် မညံ့ပါ။ data လွှဲပြောင်းမှုအမြန်နှုန်းမှာ SATA-3 နှင့် ညီပါသည်။ အမြန်နှုန်း သည် G Gbps အမြန်နှုန်းရပါသည်။ ရေးနှုန်း ဖတ်နှုန်းအပိုင်းတွင်လည်း အရည်အသွေး မီပါသည်။ Sequential read အမြင့်ဆုံး 540 Mbps ရပါသည်။ Sequential write အမြင့်ဆုံး 520 Mbps ရပါသည်။ 750 EVO SSD ကို 120 GB ၊ 250 GB ၊ 500 GB ဟူ၍ အတန်းအစားသုံးမျိုး ထုတ်ထားရာ ယင်းတို့၏ read ၊ write speed အတူတူဖြစ်ပါသည်။

DRAM cache memory မှာ ယင်း SSD သုံးမျိုးတွင် မတူပါ။ 120 GB နှင့် 250 GB တို့အတွက် 256 MB DDR3 ဖြစ်ပါ သည်။ 500 GB အတွက် 512 MB LP DDR 3 ဖြစ်ပါသည်။ ထို့ကြောင့်လည်း အလုပ်လုပ်ရာတွင် အလွန်မြန်ပါသည်။ Photoshop CS5 ကို HD ပေါ်တွင် ခေါ်တင်မည်ဆိုပါက ၂၅ စက္ကန့်မျှကြာပြီး ဤ SSD ပေါ်၌ ခေါ်တင်မည်ဆိုပါက ၇ စက္ကန့် မျှသာ ကြာပါသည်။ ဤသည် မှာ 750 EVO SSD သုံးရခြင်း၏ အားသာချက်ဖြစ်ပါသည်။ 750 EVO SSD သုံးမျိုးတို့တွင် data ရေးနိုင်သော ပမာဏမတူပါ။ 120GB တွင် သက်တမ်းကုန် အထိ data 35 GB ရနိုင်ပြီး 250 GB တွင် 70 GB အထိ ရေးနိုင်ပါသည်။ 500 GB တွင် 100 GB အထိ ရေးနိုင်ပါသည်။ ထို့ကြောင့် data အရေး အဖျက်များသူတို့သည် 500 GB အရွယ်အစားကို ၀ယ်ယူသင့် ပါသည်။ အကယ်၍ အရေးအဖျက်ကို HD ပေါ်၌သာလုပ် မည်ဟုဆိုလျှင် ယင်း SSD သုံးမျိုးအကြား သက်တမ်းကွာဟချက် ကျဉ်းမြောင်းပါမည်။အိမ်သုံး အဆင့် ကွန်ပျူတာသမား အတွက် 120 GB ပမာဏက လုံလောက်ပါသည်။


ဤ SSD သုံးမျိုးသည် သိုလှောင်သည့်ပမာဏနှင့် ဈေးနှုန်းတို့ ကွာခြား သော်လည်း တစ်စက္ကန့်တွင် ပြုလုပ်နိုင်သော Input Output ကြိမ်ရေ ကွာခြားမှု ကျဉ်းမြောင်းပါသည်။ 120 GB တွင် 94,000 IOPS အမြင့်ဆုံးရပြီး 250 GB တွင် 97000 IOPS အမြင့်ဆုံးနှင့် 500 GB တွင် 98,000 IOPS အမြင့်ဆုံးရပါသည်။ 750 EVO SSD သည် ယခင်ထွက်ခဲ့ဖူးသော 850 EVO အား ပိုမိုဈေးသက်သာစွာ အစားထိုးပြီး ဈေးကွက်ဝေစု တိုးမြှင့်ရန် ရည်ရွယ်ခြင်းဖြစ်သည်။

သို့သော် 250 EVO သည် အာမခံ သက်တမ်း ၅ နှစ်ရမည်ဖြစ်ပြီး 850 EVO တွင် အာမခံသက်တမ်း ၃ နှစ်သာ ရရှိပါမည်။ Data ရေးနိုင်သည့် ပမာဏ တွင်လည်း 850 EVO က နှစ်ဆသာပါသည်။ 120 GB / 250 GB အဆင့်တွင် 850 EVO က Data 750 TB အထိ ရေးနိုင်မည်ဖြစ်ပြီး 500 GB/1000 GB အဆင့်တွင် 150 TB အထိ ရေးနိုင်ပါမည်။ 850 EVO က အဆင့် မြင့် 3DV-NAND နည်းပညာကို သုံးထားသည့်အတွက် သက်တမ်းပို၍ တာရှည်ခံပြီး data ပမာဏလည်း ပိုရေးနိုင်ခြင်းဖြစ်ပါ သည်။ ရေရှည်အလုပ်လုပ်မည်၊ Windows ကို မကြာခဏ မဖျက်လိုပါဟုဆိုလျှင် နည်းပညာမြင့် ပစ္စည်းကို ဈေးပိုပေးပြီး ၀ယ်သုံးသင့်ပါသည်။ SSD တို့၏ သဘောမှာ Storage ကြီးလေ 1 GB အတွက် ကုန်ကျစရိတ်သက်သာလေဖြစ်ပါသည်။ ထို့ကြောင့် 750 EVO တွင် 1GB အတွက် ကုန်ကျစရိတ်မှာ 120 GB တွင် ၀.၃၈ ဒေါ်လာခန့်ရှိပြီး၊ 500 GB တွင် ၀.၂၄ ဒေါ်လာခန့်သာ ကျသင့်ပါ သည်။ မည်သို့ပင် ဈေးရှိစေကာမူ SSD ၌ လည်ပတ်သော အစိတ်အပိုင်း မပါဝင်မှုကြောင့် အကြမ်းခံမှုတိုးတက်လာခြင်း မှာ နှစ်သက်ဖွယ်ဖြစ်ပါသည်။ 750 EVO သည် HD ထက်စာလျှင် မြင့်မားသော အပူချိန်ကို ခံနိုင်ရည်ရှိပါသည်။ Operating temperature (0-70)°C တွင် အလုပ်လုပ်သည်။ HD မှာ အမြင့်ဆုံး 60°C ထိသာ ခံနိုင်ပါသည်။ အလုပ် မလုပ် ချိန်တွင် 40°C မှ 85°C အထိ အထားခံခြင်းမှာလည်း နှစ်သက်ဖွယ် ဖြစ်ပါသည်။

ပါဝါအစားသက်သာခြင်းမှာလည်း ထူးခြားလှပါသည်။ read/write လုပ်ချိန် တွင် ပါဝါအများဆုံး 2.5 watt စားပြီး Idle တွင် 50 mw နှင့် sleep တွင် 5mw သာစားခြင်းမှာ Laptop ကွန်ပျူတာများအတွက် ပို၍ သင့်တော်ပါမည်။ ဘက်ထရီအသုံးခံ ချိန် ၁၅ ရာခိုင်နှုန်းထိ တက်လာနိုင်ပါသည်။ 750 EVO SSD ကိုသုံးသည်နှင့် တစ်ပြိုင်နက် boot time 25 ရာခိုင်နှုန်းလျော့သွားခြင်း၊ shutdown time 40 ရာခိုင်နှုန်း လျော့သွားခြင်းတို့ကို စာရှုသူတို့သဘော အတွေ့ဆုံးဖြစ်ပါလိမ့်မည်။

ဧဧသက်(ဖြိုးဓနဒစ်ဂျစ်တယ်ဓာတ်ပုံ)

Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal







<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 






www.pyaephyo.com