2/18/2017

♪ “Miss Universe Myanmar 2016 ထက်ထက်ထွန်းနှင့် တွေ့ဆုံခြင်း” ♫

Image may contain: 1 person

ညီမလေး ပြည်တွင်းပြိုင်ပွဲမှာ ရခဲ့တဲ့ဆုနဲ့ ပြည်ပမှာ ပြိုင်ခဲ့တဲ့ ပြိုင်ပွဲ နာမည်လေးကို မိတ်ဆက်ပေးပါဦး။

-----ပြည်တွင်းပြိုင်ပွဲမှာ ရခဲ့တဲ့ဆုက Miss Uinverse Myanmar 2016 ပါ။ ပြည်ပပြိုင်ပွဲကတော့ Miss Universe 2016 ပြိုင်ပွဲကို သွားပြိုင်ရတာပါ။ ပြည်တွင်းပြိုင်ပွဲမှာတုန်းက ၂၀၁၅ နဲ့ ၂၀၁၆ အတွက် ပြိုင်ပွဲတစ်ခုတည်းမှာပဲ Miss နှစ်ယောက်ရွေးခဲ့တယ်။ ပြည်တွင်းပြိုင်ပွဲမှာတုန်းက Title ၃ ဆုနဲ့ Winner ၁ ဆုရခဲ့တာပါ။ ပြည်ပပြိုင်ပွဲကတော့ ဖိလစ်ပိုင်မှာသွားပြိုင်ရတာပါ။ ပြည်ပ ပြိုင်ပွဲမှာကတော့ Best National Costume ဆုရခဲ့ပါတယ်။

National Costume အတွက် ပြိုင်တုန်းက ဘယ်လိုအခက်အခဲတွေကြုံခဲ့ ရသေးလဲ။

----- National Costume အတွက် ဒီဇိုင်နာ Lazing Gam Htoi ဆီကနေ ၀တ်စုံရတော့ ရှုတင်လေးလုပ်ပြီး Facebook ပေါ်မှာ တင်လိုက်တယ်။ အဲဒီအခါကြတော့ ပရိသတ်တွေရဲ့ဝေဖန်ခံရတယ်။ အားလုံးကမျှော်လင့် ထားကြတာက ဒီနှစ်ကို အများကြီးမျှော်လင့်ကြတယ်လေ။ တခြားနိုင်ငံ တွေကလည်း National Costume နဲ့ ပတ်သက်ပြီး တန်ဖိုး အားဖြင့် အရမ်းကြီးမြင့်တာမျိုး လုပ်ထားကြတာကြောင့်လည်းပါတယ်။ ထက်တို့ရဲ့ National Costume ကြတော့ တကယ့်မြန်မာ့ရုပ်သေးစင်နှင့် ရုပ်သေး မင်းသမီး ထိုင်မသိမ်းနဲ့ ရိုးရိုးလေးလုပ်ထားတော့ တန်ဖိုးအားဖြင့်တော့နည်း တယ်။ ဒါပေမယ့် မြန်မာ့ရုပ်သေးဇာတ်သဘင်နဲ့ တူအောင်လုပ်ထားတာပါ။ ဝေဖန်တာကတော့ တန်ဖိုးအားဖြင့် နည်းတဲ့ National Costume နဲ့ပြိုင်ရင် ဟိုမှာတန်းမ၀င်လောက်ဘူးဆိုပြီး စိတ်ပူတဲ့အနေနဲ့ အားမလိုအားမရဖြစ်ကြ တာပါ။ ပြီးတော့ ၀တ်စုံကလည်း အရမ်းလေးလို့ ထက်ထက်ထွန်းသယ်နိုင်ပါ့ မလားဆိုပြီး စိတ်ပူတာလည်း ရှိတယ်။ တကယ် တမ်းသွားပြိုင်ဖြစ်တဲ့ အခါကြတော့လည်း စိတ်ပူသလိုပဲ ပစ္စည်းဆင်တဲ့အခါ ကြတော့လည်း သီးသန့်အချိန်မရှိသလို မိတ်ကပ်ပြင်ဆင်မှုပိုင်းမှာလည်း အခက်အခဲတွေရှိခဲ့ ပါတယ်။ ဆင်တဲ့အပိုင်းတွေမှာ အချိန်သိပ်မရလို့ နောက် ဆုံး Last minutes မှာမှ စင်ပေါ်အပြေးအလွှားတက်ခဲ့ရတာပါ။ ပြီးတော့ ဒီဝတ်စုံနဲ့ မိတ်ကပ်က လည်း ရုပ်သေးနဲ့တူ အောင်ပြင်ရလို့ သီးသန့်အချိန် ကြီးမရတဲ့ကြားထဲက လုပ်ခဲ့ရတာပါ။ စင်အောက်မှာရှိတဲ့ Organizer တွေနဲ့လည်း အငြင်းအခုံဖြစ်ခဲ့ရ ပါသေးတယ်။

ပြည်ပပြိုင်ပွဲအတွင်း ချော်လဲတာတို့ တခြားအခက်အခဲတွေ လွဲချော်မှုတွေရော ကြုံခဲ့ရသေးလား။

----- ချော်ကတော့ ခဏခဏလဲတယ်။ ဒါပေမယ့် ကံကောင်းတာက စင်ပေါ် မှာမလဲဘူး။ စင်နောက်မှာတော့ ခဏခဏလဲတယ်။ ပြီးတော့ National Costume ပြိုင်ပြီး စင်ပေါ်က ပြန်ဆင်းလာတော့ ထိုင်မသိမ်းစကို နောက်က တစ်ယောက်က နင်းလိုက်မိလို့ ဖင်ထိုင်ရက်လဲတာ။ တင်ပါးမှာ အညိုကွက်ကြီး တောင်ဖြစ်နေလို့ ဖိုင်နယ်ပြိုင်ပွဲနေ့ကြ တော့ မိတ်ကပ်နဲ့တောင် ဖုံးထားရ တယ်။ နောက်တစ်ခုက Evening Gown ၀တ်တော့လည်း ကိုယ့်ဘာသာကိုယ် တက်နင်းမိပြီး ခြေခေါက်လဲတာက ခဏခဏပါပဲ။

National Costume နဲ့ ဆုရပြီးနောက်ပိုင်းကြတော့ ဝေဖန်မှုတွေက ဆက်ရှိနေ တုန်းပဲလား။

----- ဝေဖန်မှုတွေတော့ အခုနောက်ပိုင်း သိပ်မမြင်တော့ဘူး။ ဆုမရခင် ထက်ထက် national costume ပြိုင်ပြီးကတည်းက မြန်မာတင်မကဘဲ နိုင်ငံတကာကပါ အားပေးတာကို ကြားရတယ်။ စင်ပေါ်က ဆင်းလာတော့ လည်း ပြိုင်ပွဲအတူတူဝင်တဲ့ Miss တွေကိုယ်တိုင်က နင့်ရဲ့ Costume ပဲ ဆုရသင့်တယ်လို့ ပြောကြတယ်။ ဒီဆု ငါများရမလား၊ ရရင်ကောင်းမယ်ဆိုပြီး လည်း ဖြစ်မိတယ်။ Facebook ထဲကလူတွေ ကလည်း အရင်ဝေဖန်ထားတဲ့ သူတွေကတောင် မြန်မာက ဒီလိုဖြစ်တဲ့ အပေါ် ဂုဏ်ပြုကြတယ်။

ညီမလေးဆုရခဲ့တဲ့ National Costume ပုံစံမျိုးကို ထိုင်းဘက်က စနောက်တဲ့ ပုံစံလေး တင်ထားတယ်လို့ Facebook မှာ တက်လာတဲ့ကိစ္စကရော။

------ အဲဒါကတော့ ထိုင်းက သူတို့ Miss ပဲဖြစ်ဖြစ် အမြဲလိုပုံစံတူ လိုက်ရိုက်ပြီး ဖေ့ဘုတ်မှာတင်နေကြပါ။ အခု ထက်ထက်ရဲ့ပုံစံတူကို သူတို့တင်တယ် ဆိုတာကိုတော့ တခြားသူတင်ထားတာကို တွေ့ရတယ်၊ မူရင်းပို့စ်ကိုတော့ မတွေ့ရသေးဘူး။ မူရင်းပို့စ်မှာတော့ ဘယ်လို စာမျိုးရေးတင်ထားလဲ မတွေ့ရ တော့ သေချာတော့ မပြောတတ်ပါဘူး။ သူငယ်ချင်းတွေက လာပြတယ်။ နင်အရမ်းအောင်မြင်နေတယ်ဆိုပြီး၊ အင်းနော်ဆိုပြီး ရယ်ပဲရယ်နေလိုက်တယ်။ ကိုယ့်ဝတ်စုံကလည်း စ,ရ လောက်အောင်နာမည်ကြီးသွားတယ်၊ အားလုံး အသိအမှတ်ပြုတဲ့ ၀တ်စုံ ဖြစ်သွားလို့ ဒီလိုမျိုး စတယ်လို့ပဲ ခံယူပါတယ်။

ညီမလေးက Facebook အပြင် တခြားဆိုရှယ်မီဒီယာတွေရော သုံးဖြစ်သေး လား။

----- Instagram က ရှိတော့ရှိတယ်၊ ဒါပေမယ့် Facebook လောက် တော့ ပုံမှန်ကြီး မသုံးဖြစ်ဘူး။

ဆိုရှယ်မီဒီယာအသုံးပြုမှုက အနုပညာပိုင်းနဲ့ ဆက်စပ်မှုရှိတယ် လို့ရော ထင်မိလား။

----- ဆက်စပ်မှုက အများကြီးရှိတာပေါ့၊ အခုခေတ်ဆိုတော့ ပိုပြီးဆက်စပ်လာ တယ်လေ၊ အခုဆို သတင်းအချက် အလက်တွေကအစ ဆိုရှယ်မီဒီယာကိုပဲ ပိုပြီးကြည့်လာကြတယ်လေ၊ Facebook မှာက အခုဖြစ်ပြီးတာနဲ့ စက္ကန့်ပိုင်း အတွင်း သိရတယ်လေ။ ကိုယ့်ရဲ့ကြိုးစားမှုကို ပရိသတ်တွေက ဘယ်လိုတုံ့ပြန် တယ်ဆိုတာသိရတယ်။ အပြင်မှာ ပရိသတ်တစ်ယောက်ချင်းရဲ့အမြင်ကို သိရဖို့က ခက်ခဲတယ်လေ။

ညီမလေးကရော ကိုယ့်အနုပညာပိုင်းအတွက် ဆိုရှယ်မီဒီယာကို သုံးပြီး promote လုပ်တာမျိုးရှိလား။

----- ပြိုင်ပွဲတစ်လျှောက်မှာတော့ Facebook Page ကနေပဲ အမြဲလို announce လုပ်ပြီးကြော်ငြာတယ်၊ Fan တွေဆီက Voting အတွက်လည်း Page ကနေပဲ လုပ်တယ်။

Facebook အကောင့်တွေဘာတွေ ဟက်ခံရတာမျိုးရောရှိလား။

----- ခဏခဏဟက်ခံရဖူးတယ်၊ အခုထိလည်း တစ်ခါတလေ ဟက်ခံနေရ တုန်းပဲ။ ဘာလို့လဲတော့ မသိဘူး။

Facebook နဲ့ပတ်သက်တဲ့ security ပိုင်းတွေဘာတွေ လေ့ လာဖြစ်တာမျိုး ရော ရှိလား။

----- အဲလိုမျိုးတော့ သပ်သပ်ကြီး လေ့လာဖြစ်တာမရှိဘူး။ ဟက်ခံရတုန်း ကတော့ သူများကိုမေးပြီး နည်းနည်းပါးပါး လုပ်လို့ရတဲ့ အပိုင်းလေးတွေ လုပ်ဖူးတယ်။ အဲဒီအပိုင်းတွေ သိပ်တော့နားမလည်ပါဘူး။ နောက်ပိုင်း Official acc ထက်စာရင် Page ကိုပဲ ပိုပြီး သုံးဖြစ်တယ်။

ဆိုရှယ်မီဒီယာအကျိုးသက်ရောက်မှုက ညီမလေးရဲ့အနုပညာ ပိုင်းမှာ အကောင်းနဲ့ အဆိုး ဘယ်ဟာပိုများတယ်လို့ ထင်မိလဲ။

----- ဆိုရှယ်မီဒီယာကလည်း ပြင်ပလောကလိုပဲ အကောင်းနဲ့အဆိုး အများကြီး ရှိပါတယ်။ ကိုယ်ခံယူတဲ့ပေါ်မှာပဲ မူတည်ပါတယ်။ ညီမကတော့ အကောင်း ဘက်ပဲ ယူဖြစ်တာများတယ်။ ကိုယ်တိုင်လည်း စိတ်ခံစားချက်ကအစ တင်ဖြစ် တာ သိပ်မရှိဘူး။ ပရိသတ်တွေနဲ့ထိတွေ့ဖို့ပဲ သုံးတာဆိုတော့ သူများစိတ်ညစ် မယ့် ကိစ္စမျိုးလည်း မတင်ဖြစ်ပါဘူး။

ဆိုရှယ်မီဒီယာပေါ်မှာ တင်လိုက်တာ တစ်ခုခုက ကိုယ့်ရဲ့ပြင်ပ ဘ၀ကိုလာပြီး တိုက်ရိုက်သက်ရောက်တာမျိုးရော ရှိပါသလား။

----- ရှိတယ်။ ဒီပေါ်မှာရေးတယ်ဆိုပေမယ့် အပြင်ကဘ၀အကြောင်း ကိုပဲ ရေးကြတာလေ။ စိတ်ကူးယဉ်ထဲက ဘ၀မဟုတ်ပါဘူး။ အပြင်ဘ၀က အကြောင်းတွေ၊ ခံစားချက်တွေ၊ လက်ရှိဖြစ်ရပ်တွေကို ရေးတယ်၊ ဒါပေမယ့် ထက်ထက်ကတော့ ခံစားချက်တွေကို သိပ်မတင်တာများ ပါတယ်။

ဆိုရှယ်မီဒီယာမှာ မိသားစုရေး၊ အချစ်ရေး တွေမတင်ဘူးပေါ့ ဒါဆိုရင်...။

----- ထက်ထက် ငယ်ငယ်စသုံးခါစတုန်းကတော့တင်တယ်၊ အစုံပဲ၊ အခုကြ တော့ ဘာမှသိပ်မတင်ဖြစ်တော့ဘူး။ မိသားစုနဲ့ဆိုလည်း သွားတာလာတာ၊ ခရီးသွားဖြစ်တာလိုမျိုး အမှတ်တရလေးတွေတော့ တင်ဖြစ်တယ်။ အရမ်း ကလေးဆန်တာတွေ၊ အကျိုးမရှိတဲ့ စာသားတွေတော့ မတင်ဖြစ်တော့ဘူး။

အရင်တင်ဖူးခဲ့တုန်းကရော ဘယ်လိုအကျိုးသက်ရောက်မှုတွေ ရှိခဲ့လဲ။

-----အရင်တင်တုန်းကလည်း အပျော်ပဲတင်တာများပါတယ်။ စိတ်ညစ်ရင် စိတ်ညစ်တယ်၊ ပျော်ရင်ပျော်တယ် တင်နေတာလေ၊ အားလုံးကတော့ မိသားစုလိုပဲ ၀ိုင်းပြီးအားပေးကြပါတယ်။ ဒါပေမယ့် ကိုယ့်ကြောင့် အကောင့်ထဲက သူတွေ စိတ်မကောင်းဖြစ်မှာစိုးလို့ အခုမတင်တော့တာပါ။

ညီမလေးတို့ Miss Universe အဖွဲ့အစည်းဘက်ကရော ဆိုရှယ် မီဒီယာ အသုံးပြုမှုနဲ့ ပတ်သက်ပြီး ထိန်းချုပ်ထားတာမျိုး ရှိလား။

----- အဲလိုမျိုးတော့ မရှိပါဘူး။ မိတ်ကပ်မပါဘဲ မျက်နှာပြောင်နဲ့ သိပ်မတင်နဲ့ လောက်ပဲ ပြောတာပါ၊ ထက်ထက်က အပြင်သွားရင် ရှုတင်မရှိရင် မိတ်ကပ်လိမ်းလေ့မရှိဘူး၊ ပေါ့ပေါ့ပါးပါး သူငယ်ချင်းတွေနဲ့ ရိုက်တင်တာမှာ အခုဆိုတော် တော်သတိထားရတယ်။ လူတိုင်းကတော့ ကိုယ့်ကိုယ်ကိုယ် လှတယ်လို့ ထင်ပေမယ့် လှချင်မှလှမှာလေ။ ကိုယ်က အခုနိုင်ငံအဆင့် ပုံရိပ်ဖြစ်နေလို့ အဲလိုမျိုးတွေမတင်ဖို့ ပြောတာရှိပါတယ်။ တခြားဟာတွေတော့ ထိန်းချုပ်တာမရှိပါ ဘူး။ ကိုယ့်အသိစိတ်နဲ့ပဲ ကိုယ်ထိန်းပြီးသုံးပါတယ်။

ကိုယ့်ရှေ့က Miss တချို့က ဆိုရှယ်မီဒီယာမှာပြဿနာတက် တာတွေ၊ ပရိသတ်နဲ့ သဟဇာတမဖြစ်တာတွေ ရှိဖူးတော့ ညီမလေးကရော အဲလိုကြုံဖူးလား။

----- Miss တစ်ယောက်ဖြစ်ပြီးနောက်ပိုင်း Personal ကိစ္စတွေ မတင်တော့ဘူး။ ဒါက Miss တစ်ယောက်အနေနဲ့ ထိန်းချုပ်သင့်တာပေါ့နော်၊ စိတ်ခံစားချက်ကို မထိန်းနိုင်တာမျိုးက တစ်နိုင်ငံလုံးကို ကိုယ်စားပြုတဲ့ Miss တစ်ယောက် အနေနဲ့ မဖြစ်သင့်ပါဘူး။ ဘာကိုပဲ အလိုမကျသည်ဖြစ်စေ ဖေ့ဘုတ်လိုနေရာ မျိုးမှာ ဖော်ထုတ်ပြီး ပေါက်ကွဲရမယ့် ဟာမျိုး မဟုတ်ဘူးလို့လည်း ခံယူထားပါ တယ်။

ဆိုရှယ်မီဒီယာမှာ ကိုယ့်အကြောင်းမကောင်းပြောလာတဲ့ သူတွေကို ဘယ်လိုတုံ့ပြန်လေ့ရှိလဲ။

----- ဘယ်လိုမှပြန်မတုံ့ပြန်ပါဘူး၊ သူတို့ကကိုယ့်ကို ကောင်းစေချင်လို့ ဝေဖန်တယ်လို့ပဲ အကောင်းဘက်က တွေးပါတယ်။ ပြန်ပြောသင့်တဲ့အရာလေး တွေဆိုရင်တော့ သေချာလေး ကိုယ်လုပ်နေတဲ့ အကြောင်းအရာတွေကို ပြန်ရှင်းပြတယ်။ ဒါလေးတွေ လုပ်နေပါတယ်။ စောင့်ကြည့် ပေးပါလို့တော့ ပြောဖြစ်ပါတယ်။

ပရဟိတတွေဘာတွေ လုပ်ဆောင်ဖြစ်တာရှိပါသလား။

----- ပရဟိတအနေနဲ့ Future Youth Donation Group နဲ့ Friend Donation Group တို့မှာ လုပ်ဖြစ်ပါတယ်။ အဖွဲ့ဝင်အနေနဲ့ အားတဲ့ရက်တွေမှာ လုပ်ပေး ဖြစ်တယ်။ ပရဟိတအဖွဲ့တွေနဲ့က ပုံမှန်မလုပ် ဖြစ်ပေမယ့် ရန်ကုန်တစ်မြို့လုံး က ခွေးတွေကို အစာလိုက်လိုက်ကျွေးနေတဲ့ အဘွားတစ်ယောက်ကိုတော့ လတိုင်း ပုံမှန်လှူပေး ဖြစ်ပါတယ်။ သူလှူတဲ့အထဲမှာ ကိုယ်က ပါဝင် အားဖြည့်ပြီး လှူတဲ့သဘောပါ။ အဘွားအတွက် အသုံးစရိတ်နဲ့ ကျွေးတဲ့ ကုန်ကျစရိတ်ကို လှူတာပါ။

ပြိုင်ပွဲအတွင်း အမှတ်ရဆုံး အခက်အခဲက ဘာတွေဖြစ်မလဲ။

----- အမှတ်ရဆုံးက National Costume ကို အချိန်မီတပ်ဆင်ပြီး ရုပ်သေးရုပ် ပုံစံလုပ်ဖို့ပါပဲ။ ဒီ costume ကြီးကို နင်မနိုင်ဘူး။ စင်ပေါ်ပေးမသယ်ဘူးလို့ တောင် ပြောကြတယ်။ ဒါပေမယ့် ဒီပုံစံအကုန်လုံး ကမှပုံစံဝင်မှာဖြစ်လို့ ညီမ,မရရအောင် အတိုက်အခံပြောပြီး စင်ပေါ်ရောက် အောင်သယ်ရတာ ခက်ခဲခဲ့ပါတယ်။

စင်ပေါ်မှာ မိတ်ကပ်နဲ့ပတ်သက်ပြီး ဝေဖန်ခံရတာမျိုးရော ရှိခဲ့လား။

----- အဲလိုတော့ ဝေဖန်တာမျိုး သိပ်မခံလိုက်ရဘူးအစ်မ၊ ထက် အမြန် လုပ်လိုက်ရပေမယ့် မိတ်ကပ်က အဝေးကကြည့်ရင် အဆင်ပြေသွားပါတယ်။

မိတ်ကပ်နဲ့ ပတ်သက်ပြီး သင်ထားတာရော ရှိသေးလား။

----- အဲလိုသင်ထားတာတော့ မရှိဘူးအစ်မ၊ ဒါပေမယ့် မြင်ဆရာတွေတော့ အများကြီးပဲ။ ဒီမော်ဒယ်လုပ်လာတဲ့ သက်တမ်း ၅ နှစ်ကျော်အတွင်း စစချင်း ထဲက ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်ပြီး လုပ်ရတဲ့အခါကြတော့ မိတ်ကပ်ဖိုးကို သီးသန့်ကုန်ကျစရိတ်မသုံးနိုင်ခဲ့လို့ ဒီပညာ ကိုလေ့လာတယ်၊ ပွဲတစ်ပွဲမှာ ကိုယ့်ကို အရင်ဆုံးလိမ်းပြီးသွားလို့ ကျန်တဲ့ သူတွေလိမ်းနေတယ်ဆိုရင် ဘယ်လိုလိမ်းလဲ လေ့လာတယ်၊ သင်ယူတယ်အစ်မ။ ကိုယ့်မျက်နှာနဲ့ဆို ဘယ်လိုပြန်လိမ်းရင် အဆင်ပြေမလဲ ပြန်လေ့ကျင့်တာတွေရှိတယ်။ ပြီးတော့ အခုက အင်တာနက်တွေဘာတွေရလာလို့ Youtube ကနေ လေ့လာပါတယ်။

ပြိုင်ပွဲမှာ Voting ပိုင်း ဆုရခဲ့သေးလား။

----- ဆုတော့မရဘူး၊ ဒါပေမယ့် ဒီနှစ်က အမှတ်တွေတော့ အများကြီးရခဲ့ပါ တယ်။ Voting အတွက် Campaign တွေလည်း လုပ်ဖြစ်တယ်လေ။ နောက်နှစ် တွေကြရင်လည်း ဒီ Voting ပိုင်းနဲ့ ပတ်သက်ပြီး သေချာလှုံ့ဆော်ပေးသွား ဖို့လည်းရှိပါတယ်။ ပြည်တွင်းက လူတွေရဲ့ စည်းရုံးမှုကို ပြဖို့ Voting ပေးကြ တာကိုလည်း သိစေချင်ပါတယ်။

Miss ဖြစ်ပြီးနောက်ပိုင်း ဆိုရှယ်မီဒီယာမှာ ပိုတိုက်ခိုက်ခံလာရ တယ်လို့ မြင်မိလား။

----- Miss ဖြစ်ပြီးနောက် ပိုတိုက်ခိုက်ခံရတယ်၊ သူတို့က ညီမအပေါ် အားမလိုအားမရဖြစ်ကြတော့ ပြောခံရတာပေါ့။ ပြည်ပကို သွားပြိုင်တော့ အားပေးမှုတွေပိုရလာတယ်။ 90% နီးပါး အကောင်းပြောကြ ပါတယ်။

Miss ဖြစ်ပြီးနောက်ပိုင်း ဆိုရှယ်မီဒီယာအသုံးပြုမှုကို ထိန်း သိမ်းလိုက်တာ ရှိသေးလား။

----- အဲလိုမျိုးတော့ မရှိပါဘူး၊ အရင်အတိုင်းပါပဲ။ အသက်အရွယ်အရ ရင့်ကျက်လာတာမျိုးပါပဲ။

ဆိုရှယ်မီဒီယာမှာ အချစ်ရေးပိုင်းကို မတင်ဘူးလို့စဉ်းစားထားတာလား

----- မတင်ဘူးလို့လည်း မဟုတ်ဘူး၊ တင်မယ်လို့ စဉ်းစားထားတာလည်း မရှိပါဘူး။ ဆိုရှယ်မီဒီယာမှာက ကိုယ့်စိတ်ထဲရှိရင် တင်လို့ရသလို၊ ကိုယ့်စိတ်ထဲ မရှိရင်လည်း မတင်လို့ရတယ်လေ။ ကိုယ်တိုင်က အခု အနုပညာ အလုပ်လုပ် နေလို့ ဒီလိုဖော်ပြလိုက်ဖို့ မဖြစ်မနေလိုအပ် တာမဟုတ်ဘူးလို့ခံယူထားလို့ မတင်ဖြစ်တာပါ။ အပြင်မှာ ချစ်သူရည်းစား ထားတယ်ဆိုတာက ဘ၀တစ်ခုလုံး အတွက် မသေချာတာလည်းပါတယ်၊ ဒီပေါ်တင်လိုက်တာနဲ့ တရားဝင်ဖော်ပြ လိုက်တာလေ၊ မတော်တဆ ပြတ်သွားခဲ့သည်ရှိသော် နှစ်ဖက်မိဘဆွေမျိုး အသိုင်းအ၀ိုင်းတို့ မြန်မာ့ယဉ် ကျေးမှုအရတို့ အဆင်မပြေတာကြောင့် ဆင်ခြင် တာသက်သက်ပါပဲ။

စီးတီးဒါရိုက်တာလုပ်ဖို့ အစီအစဉ်ရှိသေးလား။

-----ညီမအနေနဲ့ လက်ရှိ NINE အမည်နဲ့ Event Management ကုမ္ပဏီ ထောင်ထားတယ်လေ၊ ဒါကြောင့် စီးတီးဒါရိုက်တာမှ မဟုတ်ဘူး၊ နိုင်ငံ ကိုယ်စားပြု Miss တစ်ယောက်အထိ ထက် ကိုယ်တိုင် မွေးထုတ်ဖို့ပါ မျှော်လင့် ပါတယ်။ နေရှင်နယ်ဒါရိုက်တာအဖြစ်ပါပေါ့။ မော်ဒယ်အေဂျင်စီတစ်ခုလည်း ဖွင့်သွားဖို့ရှိပါတယ်။

အနုပညာအတွက်ရော ဘာတွေလုပ်ချင်သေးလဲ။

----- ဇာတ်ကားရိုက်ဖို့က ကမ်းလှမ်းလာရင်တော့ ရိုက်ချင်ပါတယ်၊ ကိုယ့် ဘာသာ ထုတ်ရိုက်ဖို့တော့မရှိပါဘူး။ အဖွဲ့အစည်းနဲ့ စာချုပ်က လာမယ့် အောက်တိုဘာမှာပြည့်မှာပါ။ လက်ရှိကတော့ မော်ဒယ်၊ Presenter ၊ MC လည်း လုပ်တယ်။ ပြီးတော့ သင်္ကြန်မှာလည်း DJ အနေနဲ့ပွဲဦးထွက်ဖို့လည်း ရှိတယ်။

အခုလိုဖြေကြားပေးတာ ကျေးဇူးတင်ပါတယ်။



ရဲလင်းလင်းသန်း

Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal






<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 






www.pyaephyo.com