12/02/2015

♪ " Hardware ပျက်ကာနီးပြီလား ? " ♫


Hardware လို့ဆိုရာမှာ လူတွေလက်ထဲရှိတဲ့ အိုင်တီပစ္စည်းတွေလို့ ပြောနိုင်ပါတယ်။ အိုင်တီပစ္စည်းလို့ဆိုတဲ့အခါ ကွန်ပျူတာကို ဦးစားပေးပြီး ပြောရမှာပေါ့။ Mobile Device တွေ ဘယ်လောက်ပဲအားကောင်းလာတယ်ပြောပြော အလုပ်ကြီးအကိုင်ကြီးတွေကို ကွန်ပျူတာနဲ့ပဲ လုပ်သကိုး။ ကွန်ပျူတာကို ကျွန်တော်တို့က တစ်သက်လုံးမပျက်နိုင်တဲ့ပစ္စည်းကြီးလို့ သဘောထားပြီးအလုပ်လုပ်ကြတော့ ပျက်ပြီဆိုရင် ဦးနှောက်ခြောက်ပြီ။

ကွန်ပျူတာပျက်တယ်လို့ဆိုရာမှာ အပိုင်းနှစ်ပိုင်းရှိပါတယ်။ ပထမတစ်ခုက OS လုံးလုံးလျားလျား အလုပ်မလုပ်တော့တာဖြစ်ရင်ဖြစ်မယ်။ OS ကချို့ယွင်းပြီး ကပေါက်တိ ကပေါက်ချာ အလုပ်လုပ်တာမျိုးဖြစ်ရင် လည်းဖြစ်မယ်။ Software ပိုင်းပျက်တယ်လို့ဆိုရမှာပေါ့။ ဒုတိယတစ်ခုက OS ကကောင်းပေမယ့် Hardware ပိုင်းပျက်လို့ Screen ပေါ်မှာ ဘာတစ်ခုမှ ပေါ်မလာတော့တာ။ Software ပိုင်းပျက်တာက ပြင်ရလွယ်တယ်။ Data တွေလည်းပြန်ရတတ်ပါတယ်။ Hardware ပိုင်းပျက်တာက အကုန်အကျများပြီး ကံဆိုးချင်ရင် Data ပါဆုံးလေ့ရှိပါတယ်။

Hardware ပိုင်းပျက်တော့မယ်ဆိုတာ ကြိုပြီးသိနိုင်တဲ့အချက်တွေရှိသလား။ ရှိပါတယ်။ ကြိုသိတော့ဘာတွေအကျိုးထူးသလဲ။ ထူးပါတယ်။ ပျက်စီးနိုင်တဲ့ Data တွေကိုကြိုတင်ပြီး Backup ယူထားနိုင်ပါတယ်။ User Interface ပိုင်းသိပ်ပြီးအသားကျနေရင် OS ရှိတဲ့အပိုင်းတစ်ခုလုံးကို Clone ရိုက်ထားနိုင်ပါတယ်။ Hardware ပိုင်းကိုမူလပုံစံအတိုင်းဖြစ်အောင် အစား ထိုးပြင်ဆင်နိုင်မယ်ဆိုရင် Clone ကိုပြန်သုံးနိုင်ပါတယ်။ OS နဲ့ Application တွေ ပြန်တင်ရတဲ့အချိန်သက်သာပြီး ကိုယ်မြင်နေကျမြင်ကွင်းဖြစ်တာကြောင့် စိတ်သက်သာရာလည်းရနိုင်ပါတယ်။ Hardware ပိုင်းပျက်ကာနီး ပြတတ်တဲ့လက္ခဏာတွေက ဒီလိုပါ။

* ကွန်ပျူတာအပူသိပ်တတ်တယ်။ *
Laptop ကွန်ပျူတာတွေအပူတတ်တာက သိပ်မဆန်းပါဘူး။ Cooling မခံဘဲသုံးရင် နှစ်နာရီလောက်အကြာမှာအပူတက်လာတတ်ပါတယ်။ အခုနှစ်ပိုင်းထွက်တဲ့ ကွန်ပျူတာတွေကိုပြောတာနော်။ ဟိုးအရင် Laptop တွေက Fan မခံဘဲတစ်နာရီတောင်သုံးလို့မရချင်ပါဘူး။ Desktop တွေကတော့ အပူတက်ရရိုးထုံးစံသိပ်မရှိပါဘူး။ သူ့အပူချိန်ဟာ ပုံမှန်ဆိုရင် 60 ֺ C အောက်မှာပဲရှိရပါတယ်။

ကွန်ပျူတာထဲမှာ အပူသိပ်တက်လာပြီဆိုရင် အထဲဖက်ကပန်ကာတွေဟာ အရှိန်မြှင့်ပြီးလည်လာပါတယ်။ ဒီလိုလည်လာရတာဟာ ကွန်ပျူတာအတွင်းပိုင်းအေးအောင်ဖြစ်ပါတယ်။ ကွန်ပျူတာထဲမှာ Self-monitoring စနစ်ပါလာတာကြောင့် ပန်ကာတွေ ပိုပြီးမြန်မြန်လည်လာရတာပါ။ အပူသိပ်တက်တယ်ဆိုတာကို ကွန်ပျူတာကိုင်ကြည့်ရင်လည်း သိနိုင်တယ်။ ပန်ကာတွေသိသိသာသာအသံမြည်ပြီး လည်တာကိုကြည့်ရင်လည်း သိနိုင်ပါတယ်။ အပူသိပ်တက်ပြီးပန်ကာမနိုင်ရင် ကွန်ပျူတာထိုးရပ်သွားတတ် ပါသေးတယ်။

ဘာကြောင့်ကွန်ပျူတာအပူတက်တာလဲ။ လေ၀င်လေထွက်မကောင်း တဲ့နေရာမှာ ကွန်ပျူတာကိုသုံးလို့ ဖြစ်နိုင်ပါတယ်။ ကွန်ပျူတာတစ်လုံးရဲ့ ဘေးပတ်လည်မှာ တစ်ပေလောက်စီမှ နေရာလွတ်မကျန်ရင် အပူတက် တတ်ပါတယ်။ Laptop ကတော့ စက်အထိုင်နေရာကျဉ်းလို့ အပူတက်မြန်တတ်ပါတယ်။ သူ့အတွက်အောက်ဖက်မှာ 1500rpm လောက်လည်တဲ့ Cooling Fan ခံပေးဖို့လိုပါတယ်။
ပန်ကာတွေဘယ်လောက်ပဲခံခံ ကွန်ပျူတာထဲကို ဖုန်ဝင်လေ့ရှိပါတယ်။ အထဲမှာဝင်ထားတဲ့ဖုန်ရယ်၊ မိုးတွင်းမှာဝင်တဲ့ရေငွေ့ရယ်ပေါင်းတော့ ချိုးကပ်ပါတယ်။ အဲဒီချိုးတွေစက်ထဲမှာထူလာရင် ကွန်ပျူတာမကြာခဏအပူတက်ပါတယ်။

ဒါကြောင့် Laptop ပဲဖြစ်ဖြစ်၊ Desktop ပဲဖြစ်ဖြစ် တစ်နှစ်မှာတစ်ခါလောက် Serviceကို ပိုပြီးစက်အတွင်းပိုင်းသန့်ရှင်းရေးလုပ်သင့်ပါတယ်။ ကိုယ်တိုင်ကျွမ်းကျင်ရင်လည်းလုပ်နိုင်ပါတယ်။

ကွန်ပျူတာအတွင်းပိုင်းကို ပန်းချီရေးတဲ့စုတ်တံအကောင်းစားနဲ့ အသာအယာပွတ်တိုက်သန့်စင်ပြီး ဖုန်တွေကိုကွန်ပျူတာသုံး ဖုန်စုပ်စက်အငယ်စားနဲ့စုပ်သင့်ပါတယ်။ ကွန်ပျူတာကို လေ၀င်လေထွက်ကောင်းမယ့် နေရာမှာသုံးနိုင်အောင်စီစဉ်သင့်တယ်။ Desktop ကွန်ပျူတာဖြစ်ရင် Casing ရဲ့ဘေးအကာတွေကို ခဏဖြုတ်ထားသင့်ပါတယ်။ ကွန်ပျူတာရဲ့ Hardware ပိုင်းနဲ့ လိုက်လျောညီထွေအလုပ်မျိုးလောက်ပဲခိုင်းဖို့သိထားရပါမယ်။ မ နိုင်ဝန်ကိုအချိန်အကြာကြီးထမ်းခိုင်းရင် အပူအတက်မြန်ပါတယ်။

* ကွန်ပျူတာထဲက အသံကြမ်းကြမ်းတွေကြားနေရတယ်။ *
ကွန်ပျူတာအတွင်းပိုင်းကနေ ကြားရစရာအသံနှစ်မျိုးပဲရှိပါတယ်။ ပန်ကာလည်တဲ့အသံနဲ့ Hard disk လည်တဲ့အသံပါ။ ပန်ကာလည်တဲ့အသံက ကြမ်းတယ်ဆိုရင်တောင် Hard disk လည်သံ ကြမ်းတာကိုမမီပါဘူး။ကွန်ပျူတာပွင့်လာရင် Hard disk လည်သံကိုကြားရလေ့ရှိပါတယ်။ သာ သာညှင်းညှင်းလည်တဲ့အသံပါ။ တဂုတ်ဂုတ်တဂွတ်ဂွတ်ကြားရရင်ဖြင့်မဟုတ်တော့ဘူး။ တတစ်တစ်မြည်သံကြားရရင်လည်းမနိပ်ဘူး။ မကြာခင် Harddisk ကြွတော့မှာလားဆိုတာ သံသယရှိစရာကောင်းတယ်။

ခေတ်ပေါ်ကွန်ပျူတာတွေမှာ Hard disk အတွက် S.M.A.R.T (Self Monitoring, Analysis and Reporting Technoiogy) ကို သုံးလာပါတယ်။ ဒါကြောင့် အသံဆူဆူညံညံမြည်လာတဲ့ Hard disk တွေကို ဆော့ဖ်ဝဲအကူ အညီနဲ့စစ်နိုင်ပါတယ်။ Crystal Disk Info ဟာ ဒီလိုကိစ္စမျိုးအတွက် သုံးနိုင်တဲ့ဆော့ဖ်ဝဲ ဖြစ်ပါတယ်။ Portableapps.com မှာ အဲဒီဆော့ဖ်ဝဲကို Portable Software အနေနဲ့လည်း ရနိုင်ပါတယ်။

ဆော့ဖ်ဝဲက Hard disk ကိုစစ်ဆေးပါမယ်။ ပြီးရင် သူ့ကျန်းမာရေးအခြေအနေကို လာပြီးပြောပါမယ်။ အခြေအနေဆိုးတယ် (Bad) ၊ သတိထားသင့်နေပြီ (caution) ၊ ဒါတွေတွေ့ရနိုင်တယ်။ တွေ့ရပြီဆိုရင် hard drive ဟာ အနှေးနဲ့အမြန်ကြွတော့မယ်။ အရေးကြီး Data တွေအားလုံး ကို တခြား Hard drive တစ်ခုမှာ backup ယူရတော့မယ်။ ပြီးတာနဲ့လက်ရှိ Hard drive ကို လဲသင့်တယ်။ Everything is fine လို့လာပြောရင်ဖြင့် Hard drive damage မရှိဘူး။ Hard drive ကို မြဲအောင်ဆွဲထားတဲ့ screen တွေကို စစ်ရလိမ့်မယ်။ screw တွေချောင်ရင်လည်း Hard drive တုန်ခါမှာမို့ အသံကြမ်းကြမ်းတွေကြားရနိုင်ပါတယ်။

* အပြာရောင် Screen မြင်ရပြီး ကွန်ပျူတာအလုပ်မလုပ်ပါဘူး။ *
Blue Screen of Death (BSOD) လို့ ဆရာ့ဆရာကြီးတွေပြောတာ အဲဒါမျိုးပေါ့။ Screen အပြာမြင်ရတာတင် ဘယ်ကမှာတုန်း။ အဖြူရောင်စာသားတွေပါမြင်ရဦးမှာ။ ဘာပြဿနာရှိနေလည်းဆိုတာ အဲဒီစာသား တွေကပြောပါတယ်။ ကွန်ပျူတာသုံးတဲ့လူတိုင်းက ပညာရှင်မှမဟုတ်တာ။ Restart ချပြီး ကွန်ပျူတာပွင့်အောင်ပဲလုပ်ကြပါတယ်။ လွတ်တဲ့အခါလည်းလွတ်တယ်။ မလွတ်တဲ့အခါမလွတ်ဘူး။ အရင်းခံပြဿနာ ကိုမဖြေရှင်းရင် BSOD ကို မကြာခဏမြင်ရနိုင်ပါတယ်။

BSOD ပေါ်ရတဲ့အကြောင်းတွေထဲမှာ Hardware အပြောင်းအလဲ လုပ်ပြီး အဆင်မပြေတာပါတယ်။ Driver အဆီအငေါ် မတည့်တာပါတယ်။ ဆော့ဖ်ဝဲအဆင်မပြေတဲ့ပြဿနာရှိတယ်။ Hardware အလုပ်လုပ် နိုင်စွမ်းကျလာပြီး ပျက်တော့မယ်ဆိုရင်လည်း BSOD မကြာခဏမြင်ရပါတယ်။ BSOD ဘာကြောင့်ဖြစ်ရသလဲဆိုတာကို Windows ထဲမှာပါ တဲ့ Resource & Performance Monitor ကတစ်ဆင့်အဖြေရှာနိုင်ပါတယ်။ Memory Diaganostic Tool သုံးပြီး Memory ပြဿနာရှိမရှိရှာနိုင်ပါတယ်။

* ဖိုင်တွေဖွင့်တာပိတ်တာသိပ်ကြာတယ်။ *
Hard drive ပျက်ကာနီးရင် ဒီပြဿနာကိုတွေ့ရများပါတယ်။ ရှေ့မှာပြောခဲ့တဲ့ Crystal Disk info လို ဆော့ဖ်ဝဲမျိုးသုံးပြီး Hard dirve ကိုစစ်ပါ။ Hard dirve ချို့ယွင်းချက်ရှိတာသေချာရင် Clonezilla ဒါမှမဟုတ် EaseUS Partition Master Free ကိုသုံးပြီး OS ရှိတဲ့ Partition ကို Clone ရိုက်ပြီးသိမ်းပါ။ အဲဒီဆော့ဖ်ဝဲတွေက အခမဲ့သုံးနိုင်ပါတယ်။ ပြီးရင် Hard Disk အမြန်ဆုံးလဲလိုက်ပါ။

နောင်စိုး (ထားဝယ်)
NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal


<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 



www.pyaephyo.com