မိုဘိုင်းဖုန်းတာဝါတိုင်ဆိုတဲ့ တိုင်မြင့်မြင့်ကြီးတွေကို
ကျွန်တော်စပြီး မြင်ဖူး တာ ၁၉၉၄ ခုနှစ်ပတ်ဝန်းကျင် ကပါ။ အဲဒီတုန်းက
မိုဘိုင်းဖုန်းဆိုတဲ့ အခေါ် အဝေါ်ခေတ်မစားသေးဘူး။ ဆယ်လူလာဖုန်းတဲ့။ လက်ထဲမှာ
ကိုင်ပြောတဲ့ အုတ်ခဲနီလို ဖုန်းဟာ ဒေါ်လာလေးထောင်ကျော်ပါတယ်။ မော်တော်ကားထဲ
မှာ လက်နဲ့ ကိုင်စရာမလိုဘဲ ပြောနိုင်တဲ့ဖုန်းက ဒေါ်လာငါးထောင် နီးပါးပါ။
ဆယ်လူလာဖုန်းကိုင်နိုင်တဲ့လူ ရန်ကုန်မှာ လူဦးရေသောင်းဂဏန်း ရှိတာ မှတ်လို့။ အဲဒီတော့ ဖုန်းတာဝါတိုင်က များများ ရှိစရာမလိုဘူး။ ဖုန်းကလည်း ရန်ကုန်စည်ပင်သာယာနယ်နမိတ်တစ်ခွင်ပဲ လိုင်းမိဖို့အာမခံ တယ်ထင်ပါ တယ်။ ရန်ကုန်ဧရိယာ ထဲမှာ ဖုန်းတာဝါတိုင်ကြီး (၄) (၅)တိုင် ထက်မပိုဘူး။ ၂၀၀၀ ပြည့်နှစ်ဝန်းကျင်ရောက်တော့ ဒေါ်လာသွင်းပြီး ၀ယ်နိုင်တဲ့လူရယ်၊ လူကြီးပိုင်းရယ်ကို မိုဘိုင်းဖုန်းတွေချပေးပါတယ်။ ချပေးတဲ့ဖုန်းအလုံးရေရှိလှ ငါးထောင်၊ တစ်သောင်းပေါ့။မိုဘိုင်းဖုန်းအရေအတွက် နည်းနည်း များလာပြီ ဆိုပေမယ့် တာဝါတိုင်တွေအများကြီးပိုမလာပါဘူး။
တာဝါတိုင်တွေ တကယ် စပြီး များလာတာက ၂၀၁၃-၁၄ ၀န်းကျင်လောက် မှပါ။ သိန်းဂဏန်း အသီးသီးနဲ့ရောင်းတဲ့ CDMA ဖုန်းနဲ့ GSM ဖုန်းတွေက အလုံးလေးငါးသိန်း လောက်ရှိမှကိုး။ တာဝါတိုင်စိုက်တယ်ဆိုပေမယ့် အားလုံးက လူနေရပ်ကွက် ထဲမှာမဟုတ်ပါဘူး။ လူနေ ရပ်ကွက်တစ်နေရာမှာ ရှိတဲ့ ဆက်သွယ်ရေးဝင်း ထဲစိုက်တာများတယ်။ ဆက်သွယ်ရေးဝင်းတွေ ကလည်း လူနေရပ်ကွက်အစွန် ဆိုတော့ တယ်ပြီးလည်း ပြဿနာမရှိဘူး လေ။ကျွန်တော်ထင်ပါတယ်။ မိုဘိုင်းဖုန်းနည်းပညာဟာ မြန်မာပြည်အတွက် အသစ်အဆန်းဖြစ်နေတော့ သူ့နောက်ကပါလာမယ့် ရေဒီယိုလှိုင်းအန္တရာယ် ကို လူတွေသိပ်မသိတာလည်းပါမယ်။ သိဦးတော့ တိုင်စိုက်တဲ့ ခေတ်က အာဏာပိုင်ခေတ်။ အာဏာ လက်ဝယ်ပိုင်စိုးသူတွေ စိတ်ရှိတိုင်းလုပ်တာကို အများပြည်သူက ဘာမှပြောလို့မရတဲ့ခေတ်။ တိုင်ဘယ်လောက်ထပ်စိုက်စိုက် ပြဿနာမရှိရေးချမရှိ။ ဒါပေမယ့် နိုင်ငံခြားကုမ္ပဏီတွေဝင်လာပြီလည်းဆို ရော တိုင်စိုက်ဖို့ကိစ္စပြဿနာရှိလာပြီး။ တာဝါတိုင် စိုက်ဖို့ အချက်အခြာကျတဲ့ နေရာတွေမှာ မြေနေရာရဖို့မလွယ်တော့ဘူး။ ဒါလည်း ဘာခက်တာလိုက်လို့။ မြေကျင်းတူးပြီး တိုက်စိုက်လို့ရတဲ့ နေရာလည်းစိုက်၊ မရတဲ့နေရာဆိုရင် တိုက်ခေါင်ပေါ် တာဝါတိုင်တက်ထောင်ပေါ့။ လွှင့်အားကီလိုဝပ် ဆယ်ဂဏန်း ရှိတဲ့ တိုင်သုံးတိုင်အထောင်ခံမယ်ဆိုရင် တစ်လကိုငွေခြောက်သိန်း၊ တစ်နှစ်အတွက်ဝင်မယ့်ငွေက (၇၂)သိန်း၊ အောင်မလေးဗျာ၊ သွားရေယိုစရာကြီး။ တစ်ခါစာချုပ်ရင် အနည်းဆုံး ငါးနှစ်လောက် အသာလေးဆိုတော့......။
အဲဒီမှာ နှစ်ထပ်တိုက်လောက် အိမ်နိမ့်နိမ့်ရှိတဲ့ လူကလည်း လောဘတက် တယ်။ သုံးထပ်တိုက် လောက်နဲ့ လူကလည်းထိုနည်းနှင်နှင်။ငါးထပ်တိုက်ခန်း ငှားစားတဲ့လူတွေက ပြောမနေနဲ့။ကိုယ့်တိုက်ခေါင်မိုးပေါ်မှာ တာဝါတိုင် အစိုက်ခံချင်တဲ့လူတွေက များမှ များ။ ကိုယ်ထမ်းမထားရဘဲ ပိုက်ဆံရတာ ဗျာတဲ့။ တိုင်စိုက်ချင်သူတွေများပေမယ့် ကုမ္ပဏီမှာသွားလျှောက်တိုင်းလည်း လက်ခံတာမဟုတ်ဘူး။ တိုင်ခြေကျဲပြီး ဖုန်းလိုင်းသိပ် မမိသေးတဲ့ ရပ်ကွက် ဖြစ်ရမယ်။ လက်ရှိ အဆောက်အဦမှာနေတဲ့ လူအားလုံး တာဝါတိုင်ထောင် တာကို သဘောတူရမယ့်အပြင် ဘေးပတ်လည်အိမ်တွေကလည်း သဘော တူညီချက်ပေးရမယ်။ သဘောတူညီချက်ရပြီဆိုရင် ရပ်ကွက်ရုံးမှာသွားပြီး ထောက်ခံ ချက် ယူ၊ ပြီးရင် ကုမ္ပဏီတင်ရုံပဲ။ အားလုံးအဆင်ပြေရင် တစ်လ လောက်ရှိ တိုင်လာထူမယ်။စာရွက်ပေါ်မှာတော့ အားလုံးအဆင်ချောသားဗျ။ လက်တွေ့လောက မှာဖြင့် အဲဒီလောက်အဆင်မချောပါဘူး။ ရပ်ကွက် ထဲနေတဲ့ မျက်စိကြီး၊ နားကြီးလူတချို့၊ ပညာတတ်တချို့က တာဝါတိုင် ထူတာကိုကြောက်တယ်။ တာဝါတိုင်ကနေ လွင့်ပျံလာမယ့် ရေဒီယိုလှိုင်း တွေရဲ့ အန္တရာယ်ကို ကြောက်ကြပါတယ်။ မကြောက်ခံနိုင်ရိုးလားဗျာ။ ဒီနေ့ခေတ်မိုဘိုင်းဖုန်းတွေကို အချိန်များများ သုံးရင် လုံးဝအန္တရာယ်ကင်း ပါတယ်လို့ ဘယ်သိပံ္ပပညာရှင်၊ ဘယ်ဆေးပညာရှင်ကမှ ထောက်ခံချက် မပေးထားဘဲကိုး။ မိုဘိုင်းဖုန်းတစ်လုံးတောင် အန္တရာယ်ရှိရင် သူ့ထက်လိုင်း အား အပုံကြီးများတဲ့ တာဝါတိုင်ဟာ အန္တရာယ်ရှိနိုင်၏၊ မရှိနိုင်၏ဆိုတာ တွေးကြည့်ရုံနဲ့သိနိုင်ပါတယ်။
ကုမ္ပဏီတွေကတော့ ပြောတာပဲဗျာ။ တာဝါတိုင်တွေကထွက်တဲ့ ရေဒီယိုလှိုင်း တွေ၊ လျှပ်စစ်သံလိုက် လှိုင်းတွေကို လူတိုင်းဟာ နေ့စဉ်နဲ့အမျှ ထိတွေ့နေရ တာပါတဲ့။ ဒါကြောင့် သူတို့ထောင်တဲ့ တာဝါတိုင်တွေဟာ လုံးဝအန္တရာယ် မရှိပါဘူးတဲ့။ ပြောတာပဲ။ ဒါပေမယ့် သူတို့ထည့်မပြောတဲ့ဟာတွေ အတော်တော်များများလည်းရှိသဗျ။ ကျွန်တော်တို့နေ့စဉ်ထိတွေ့ နေတဲ့ ရေဒီယိုလှိုင်းတွေဟာ များသော အားဖြင့် ပေ(၈၀၀) (၁၀၀၀)ကျော် ကလာ တာဖြစ်ပြီး သူတို့တာဝါတိုင်ကလှိုင်းတွေလို ပေ(၅၀) (၁၀၀)လောက် ကလာ တာမဟုတ်ဘူးဆိုတာ ထည့်မပြောပါဘူး။ အဝေးကလာတဲ့ ရေဒီယို လှိုင်းတွေ ဟာ ကျွန်တော်တို့ဆီ အရောက်မှာ အတော်လေးအားပျော့နေပြီး သူတို့ တာဝါတိုင်က အနားကပ်လွှင့်တဲ့ ရေဒီယိုလှိုင်းတွေဟာ အားပြင်းတယ် ဆိုတာမပြောပါဘူး။
ကုမ္ပဏီက ထုတ်ပေးတဲ့စာရွက်ထဲမှာ ဘာပါသလဲ။ ဘယ်လောက် အမြင့်ရှိတဲ့ လွှင့်တိုင်ထောင်မယ်။ ဘယ်နှတိုင်ထောင်မယ်။ တိုင်တစ်တိုင်ရဲ့ လွှင့်အား ဘယ်လောက်ရှိမယ်။ ဒါတွေပဲပါတယ်။ သူတို့ ထောင်တဲ့ တိုင်တွေဆီက ရေဒီယိုလှိုင်းအား၊ လျှပ်စစ်သံလိုက်လှိုင်းအား တွေဟာ နိုင်ငံတကာမှာခွင့်ပြုထားတဲ့ စံနှုန်းနဲ့ ဘယ်လောက်ကိုက်ညီတယ် ဆိုတာ စာရင်းဇယားနဲ့ တကွမပြောပါဘူး။ မဖြစ်စကောင်း၊ ဖြစ်စကောင်း ကျန်းမာရေးထိခိုက်မှုဖြစ်လာခဲ့ရင် သူတို့ဖက်က ဘယ်လိုအရေးယူဆောင် ရွက်ပေးပါမယ်ဆိုတဲ့ အာမခံချက်မျိုး မပါ,ပါဘူး။ သဘောတူကြောင်း လက်မှတ်ထိုးဆိုတာပဲပါတယ်။
အဲဒီတော့ ရပ်ကွက်ထဲမှာ ရန်ပွဲတွေဖြစ် လာမစဲ တသဲသဲ။ သိန်းရာဂဏန်းဝင် မှာမို့ တိုင်ထောင်ချင်တဲ့ လူရယ်၊ ဒါကို လက်မခံတဲ့အိမ်နီးချင်းတွေရယ် နောင်ချိန်ချတာ တဂျိမ်းဂျိမ်း။ ဒါမျိုးတွေဟာ နောင်လည်း ရှိလာဦးမှာဆိုတော့ မိုဘိုင်းဖုန်းတာဝါတိုင်တွေနဲ့ ကျန်းမာရေးဘယ်လိုဆက်စပ်သလဲ ကြည့်ရ အောင်။ ကျန်းမာရေးထိခိုက်ခြင်း၊ မထိခိုက်ခြင်းဆိုတာမှာ မိုဘိုင်းဖုန်း တာဝါတိုင်နဲ့ လူရဲ့အကွာအဝေးရယ်၊ တိုင် တစ်တိုင်ရဲ့ လွှင့်အားရယ် အရေးကြီးပါတယ်။ ဥရောပနိုင်ငံ၊ ပြင်သစ်မှာလုပ်တဲ့စံကို မူတည်ပြီး ပြောရမယ်ဆိုရင် မိုဘိုင်းတာဝါ တိုင်ဟာ လူနေအိမ်ခြေ၊ ကျောင်း၊ အလုပ်ရုံ တွေနဲ့ အနည်းဆုံးမီတာ(၃၀၀) ဝေးရမယ်လို့ဆိုထားပါတယ်။ အဲဒီလောက် ဝေးတာ တောင် သိပ်ပြီးနေရာ ကျတာမဟုတ်ပါဘူး။
ဂျာမဏီမှာလုပ်တဲ့ စမ်းသပ်ချက်မှာတော့ တာဝါတိုင်ကနေ မီတာ (၄၀၀)အကွာမှာ နေတဲ့လူ တွေရဲ့ ကျန်းမာရေးကိုစမ်းသပ်ခဲ့ပါတယ်။ဂျာမနီက စမ်းသပ်ချက်တွေမှာ ပါဝင်တဲ့ လူတစ်ထောင်ရှိပါတယ်။ အဲဒီလူတစ်ထောင်ကို ၁၉၉၇ ခုနှစ်ကပြီး ဆယ်နှစ်တာ လုံးလုံး ကျန်းမာရေးအခြေအနေကို စောင့်ကြည့် စစ်ဆေး ပါတယ်။ မိုဘိုင်းဖုန်းတာဝါတိုင်ရဲ့ အကျိုးသက်ရောက်မှုသက်သက် ကြောင့်ဖြစ်တယ်ဆိုတာ သက်သေပြနိုင်ဖို့စက်မှုဇုန်မဟုတ်တဲ့နေရာ မဟာလျှပ်စစ်ဓာတ်အားလိုင်းကြိုးကြီးတွေ မဖြတ်တဲ့နေရာ၊ လျှပ်စစ်ရထား တွေမဆွဲတဲ့နေရာဖြစ်တဲ့ ဂျာမဏီတောင် ပိုင်း Noila မြို့ကလေးမှာ စမ်းသပ် ပါတယ်။
လူတွေကို အုပ်စုနှစ်စုခွဲပါ တယ်။ မိုဘိုင်းဖုန်းတာဝါတိုင်ကနေ မီတာ(၄၀၀)အတွင်းနေသူနဲ့ မီတာ (၄၀၀)အပြင်ဘက်မှာ နေထိုင်သူဆိုပြီးခွဲတာပါ။ မီတာ(၄၀၀)အတွင်းထဲမှာ နေသူတွေဟာ မီတာ(၄၀၀) အပြင်ဘက် ကနေသူတွေထက် ရေဒီယိုလှိုင်းနဲ့ လျှပ်စစ်သံလိုက်လှိုင်း ဒဏ်ကို အဆ (၁၀၀)ပိုပြီးခံစားရတယ်ဆိုတာတွေ့ ရပါတယ်။ အုပ်စု (၂)ခုက လူတွေဟာ ပထမငါးနှစ်အတွင်း ကျန်းမာရေး အခြေအနေမကွာခြားပေမယ့် ငါးနှစ် နောက်ပိုင်းမှာ မီတာ(၄၀၀)အတွင်း အုပ်စုဟာ ကင်ဆာဖြစ်ပွားတဲ့ ရာနှုန်းပိုများတာ တွေ့ရပါတယ်။နောက်ထပ်စဉ်းစား ရမှာက လျှပ်စစ် သံလိုက် လှိုင်းသက်ရောက်မှုပါ။ Watt/kg body weight နဲ့တိုင်းပါ တယ်။ EU မှာခွင့်ပြုထားတာက 1.2 Watts/kg ဖြစ်ပါတယ်။ ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ကြီးက ခွင့်ပြုထားတဲ့ ကိန်းက 2 watts/kg ဖြစ်ပါတယ်။ ကိုယ်အလေး ချိန် တစ်ကီလိုရှိတိုင်း လျှပ်စစ်သံလိုက်လှိုင်းသက်ရောက်မှု အဲဒီထက် မပိုရဘူးဆိုတဲ့သဘောပါ။
မိုဘိုင်းဖုန်း တာဝါတိုင် အနီးအနား မှာနေရတဲ့ လူတွေဟာ တာဝါတိုင်က ဖြာထွက်လှိုင်းတွေကြောင့် ဘာရောဂါ တွေရနိုင် သလဲ။ အနိမ့်ဆုံး အဆင့်မှာ ခေါင်းကိုက်တာ၊ အိပ်မပျော်ရောဂါ ရတာ၊ အာရုံစူးစိုက်လို့မရတာတွေ ခံစားရပါမယ်။ ဒီထက်ပြင်းတဲ့အဆင့်မှာ သားလျှောတာ၊ သန္ဓေသား အင်္ဂါချို့ယွင်းတာ၊ အမျိုးသားတွေ သုတ်ပိုးနည်း လို့ မျိုးမအောင်တာတွေ ကြုံနိုင်ပါတယ်။ အပြင်းထန် ဆုံးအဆင့်မှာ အစာအိမ်အူလမ်းကြောင်းရောဂါရတာ။ ကိုယ်ခံအားစနစ် အားနည်းသွားတာ၊ မျိုးဗီဇဒီအင်အေပြောင်းလဲပြီး ကင်ဆာဖြစ်တာတွေကြုံနိုင်ပါတယ်။ စနစ် တကျလုပ်ရင် ပြဿနာနည်းပြီး စနစ်မရှိရင် ပြဿနာတွေ့နိုင်ပါတယ်။ ဒီပြဿနာကို ကျော်လွှားနိုင်မယ့်နည်းလမ်းကတော့ လွှင့်လှိုင်းအားပျော့တဲ့ Microcell တွေကို နေရာစိပ်စိပ်ချပြီးအသုံးပြုတာဖြစ်ပါတယ်။
နောင်စိုး(ထားဝယ်)
Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal