6/11/2015

♪ Desktop ကွန်ပျူတာတစ်လုံးကို ရွေးချယ်ဝယ်ယူခြင်း ♫

ကွန်ပျူတာဖွင့်ဖို့ ကော်ဖီတစ်ခွက်ဖျော်စာ ကြာနေတယ် ဒါမှမဟုတ် ဂိမ်းကစားဖို့အတွက် ဂရပ်ဖစ်ကတ်က အရမ်းကို ခေတ်နောက်ကျနေတယ် ဒါမှမဟုတ် Windows 8.1 နဲ့ OS X Yosemite တို့လို လျင်မြန်တဲ့ စွမ်းဆောင်ရည်နဲ့ အသုံးပြုချင်တယ်ဆိုရင် သင့်အနေနဲ့ ကွန်ပျူတာသစ် တစ်လုံးကို ဝယ်ယူဖို့ စဉ်းစား ရပါတော့မယ်။ အဲ့ဒီအတွက် ဒီဆောင်းပါးက သင့်အတွက် အထောက်အကူ ဖြစ်စေနိုင်ပါတယ်။

Desktop ကွန်ပျူတာသစ် တစ်လုံးရဲ့ တန်ဖိုးက အနည်းဆုံး ဒေါ်လာ ၂၀၀ ကနေ အများဆုံး ဒေါ်လာ ၅,၀၀၀ အထိ ရှိနိုင်ပါတယ်။ ဒါပေမဲ့ မော်နီတာ အပါအဝင် ဒေါ်လာ ၅၀၀ ကြားကနေ ၇၅၀ ကြားရှိတဲ့ ကွန်ပျူတာတစ်လုံးဆိုရင် ကောင်းကောင်းကြီးကို အသုံးပြုနိုင်ပါပြီ။ နောက်ပြီး ဒီနေ့ခေတ်မှာ ဝယ်ယူတဲ့ ကွန်ပျူတာတစ်လုံးက ၃ နှစ်ကနေ ၅ နှစ်လောက်အထိ ကောင်းကောင်း သုံးနိုင်ပါတယ်။

အခြေခံသုံး ကွန်ပျူတာများ
အခြေခံသုံး ကွန်ပျူတာတစ်လုံးရဲ့ တန်ဖိုးက အချို့ tablet ကွန်ပျူတာတွေရဲ့ တန်ဖိုးနဲ့ တူညီကြပါတယ်။ အဲ့ဒီ tablet တွေဟာ အင်တာနက်သုံးခြင်း၊ ဗီဒီယိုကြည့်ခြင်း တို့ကို ပြုလုပ်ရမှာ desktop ကွန်ပျူတာတစ်လုံးထက် ပိုပြီး အသုံးဝင်ပါတယ်။ ဒါပေမဲ့ ရှည်လျားတဲ့ Word document တွေကို ပြင်ဆင်ခြင်း၊ များပြားလှတဲ့ spreadsheet တွေနဲ့ အလုပ်လုပ်ခြင်းတို့လိုမျိုး screen ကြီးကြီးနဲ့ လုပ်ရမယ့် အလုပ်တွေအတွက် desktop ကွန်ပျူတာတစ်လုံး လိုအပ်ပါတယ်။ အဲ့ဒီအခါမျိုးမှာ AMD e-class နဲ့ A4/A6 processor အပြင် Intel Core i3 နဲ့ Core i5 တွေ ပါဝင်တဲ့ ဈေးမကြီးတဲ့ စနစ်တွေကို ရှာနိုင်ပါတယ်။ အင်တာနက်သုံးမယ်၊ Office app တွေ သုံးမယ်ဆိုရင် ဒီ စနစ်တွေထဲက တစ်ခုကို စဉ်းစားသင့်ပါတယ်။အခြေခံစနစ်တွေကို မော်နီတာ မပါရင် အနည်းဆုံး ဒေါ်လာ ၂၀၀ လောက်နဲ့ ရနိုင်ပါတယ်။

ဈေးသက်သာတဲ့ အချို့သော စနစ်တွေမှာ built-in screenတစ်ခုပါဝင်ပြီး ၎င်းတို့ကို ဒေါ်လာ ၅၀၀ အောက်နဲ့ ရနိုင်ပါတယ်။ နောက်ပြီး အိမ်တွင်းဖျော်ဖြေမှုအတွက် built-in Blu-ray drive တွေ ပါတဲ့ မီနီကွန်ပျူတာတွေကိုလည်း ဒေါ်လာ ၆၀၀ လောက်နဲ့ရနိုင်ပါတယ်။ ဒီစနစ်တွေ ဆူညံမှုကင်းမဲ့တဲ့ ပန်ကာတွေ ပါဝင်တဲ့အပြင် ကြိုးမဲ့စနစ် ကီးဘုတ်များ၊ mouse များ၊ HDTV နဲ့ ချိတ်ဆက်နိုင်တဲ့ HDMI port များ ပါဝင်တာကြောင့် ဧည့်ခန်းတွေမှာ ထားပြီး သုံးနိုင်ပါတယ်။ မီနီကွန်ပျူတာတွေမှာ HD ဗီဒီယိုကြည့်ရှုတဲ့အခါ ဘာပြဿနာမှ မရှိပေမယ့် multitasking လုပ်ရင်တော့ အခက်တွေ့နိုင်ပါတယ်။

အလယ်အလတ်တန်းစား desktop ကွန်ပျူတာများ
LCD မော်နီတာ တစ်ခုပါဝင်ပြီး multi-core processor နဲ့ RAM 4GB ကနေ 6GB အထိ ပါဝင်တဲ့ desktop တစ်လုံးကို ဒေါ်လာ ၆၀၀ အောက်နဲ့ ရနိုင်ပါတယ်။ Integrated graphics ပါဝင်တဲ့ multi-core processor ဟာ video format ပြောင်းလဲခြင်း၊ အသေးစား ဓာတ်ပုံပြင်ဆင်မှု ပြုလုပ်ခြင်း စတဲ့ ခက်ခဲရှုပ်ထွေးတဲ့ လုပ်ငန်းဆောင်တာတွေကို လုပ်ဆောင်နိုင်ပါတယ်။

ဒီစနစ်မှာ Intel Pentium ဒါမှမဟုတ် AMD Athlon processor တွေကိုလည်း တွေ့နိုင်သလို စွမ်းဆောင်ရည်ပိုမြင့်တဲ့ Intel Core i3/i5 တို့ကို လည်း တွေ့နိုင်ပါတယ်။ အများစုမှာ 500GB ထက်ပိုတဲ့ hard drive တွေ ပါဝင်ပါတယ်။ အချို့သော laptop တွေလိုပဲ SSD နဲ့ hybrid SSD/HDD combo တို့ကို လည်း တွေ့နိုင်ပါတယ်။ သည်းခံစိတ် နည်းတဲ့သူတွေကတော့ SSD ပါဝင်တဲ့ စနစ်ကို ဝယ်ယူနိုင်ပါတယ်။ ဒါပေမဲ့ SSD တွေဟာ download အလွန်အကျွံ ပြုလုပ် သူတွေနဲ့ ဂရပ်ဖစ်ပညာရှင်တွေအတွက် သိုလှောင်မှုပမာဏ နည်းပါးပါလိမ့်မယ်။ ဒီကွန်ပျူတာ အမျိုးအစားမှာ minitower case များအပြင် အရွယ်အစားသေး ငယ်ပြီး လှပတဲ့ case များနဲ့ ရရှိနိုင်ပါတယ်။ ဒီ case တွေဟာ သာမန် minitower တွေလို စားပွဲပေါ်မှာ နေရာမယူပေမယ့် လုပ်ဆောင်နိုင်စွမ်းကတော့ မလျော့ပါ ဘူး။ ကောင်းမွန်ပြီး ဈေးသက်သာတဲ့ ကွန်ပျူတာတစ်လုံးက ၃ နှစ်ကနေ ၅ နှစ်အထိ တာရှည်ခံနိုင်ရည် ရှိပါတယ်။

Multimedia နှင့် Gaming desktop ကွန်ပျူတာများ
ဒီ ကွန်ပျူတာတွေကတော့ စွမ်းဆောင်ရည်မြင့်တဲ့ ကွန်ပျူတာတွေ ဖြစ်ပါတယ်။ ဓာတ်ပုံနဲ့ ဗီဒီယိုတွေကို အလွယ်တကူနဲ့ အလျင်အမြန် ပြင်ဆင် တည်းဖြတ်ချင်တယ် ဆိုရင် 2.6GHz နဲ့အထက် မြန်နှုန်းရှိတဲ့ dual-core processor ဒါမှမဟုတ် quad-core processor ပါဝင်တဲ့ ကွန်ပျူတာတစ်လုံးကို ရှာဖွေသင့်ပါတယ်။ Memory ကလည်း 8GB အနည်းဆုံး ရှိပြီး 256GB SSD ဒါမှမဟုတ် 1TB နဲ့အထက် hard drive ရှိရပါမယ်။ ဒီအမျိုးအစားမှာ Intel Core i5/i7, AMD A6/A8/A10 နဲ့ FX-series CPU လိုမျိုး multi-core processor တွေနဲ့ ရနိုင်ပါတယ်။

သတ်မှတ်ချိန်အတွင်း ပေးရမယ့် ဓာတ်ပုံတွေနဲ့ ဗီဒီယိုတွေကို ပြင်ဆင်တည်းဖြတ်မယ်ဆိုရင် လျင်မြန်တဲ့ processor နဲ့ ပမာဏများတဲ့ memory ပါဝင်တဲ့ ကွန်ပျူတာကို ရှာဖွေရပါမယ်။ Quad-core လိုမျိုး စွမ်းဆောင်နိုင်တဲ့ dual-core processor တွေမှာ Hyper-Threading နည်းပညာကို သုံးထားပါတယ်။ ဒီနည်းပညာဟာ dual-core processor တစ်ခုကို thread လေးခုအထိ ကိုင်တွယ်လုပ်ဆောင်စေနိုင်ပါတယ်။ Quad-core processor ကတော့ multimedia လုပ်ဆောင်ချက်တွေအတွက် အကောင်းဆုံး ဖြစ်ပါတယ်။ ဒါ့အပြင် Intel Core i7 Extreme Edition လိုမျိုး six-core ဒါမှမဟုတ် eight-core processor တွေကို လည်း ရှာနိုင်ပါတယ်။ ဒါပေမဲ့ ဒီ processor တွေဟာ စွမ်းဆောင်ရည် ကောင်းသလောက် ဈေးလည်း အရမ်းကြီးပါတယ်။ Hardcore gamer တစ်ယောက် ဒါမှမဟုတ် တစ်ခုထက်ပိုတဲ့ မော်နီတာနဲ့ window အများကြီး ဖွင့်ပြီး အလုပ်လုပ်ရတဲ့ ဂရပ်ဖစ်ပညာရှင်တစ်ယောက် အနေနဲ့ကတော့ core ခြောက်ခုထက် ပိုတဲ့ processor လိုအပ်ပါတယ်။
တစ်ခုထက် ပိုတဲ့ မော်နီတာနဲ့ အလုပ်လုပ်ရတဲ့သူတွေ အနေနဲ့ discrete graphics card တစ်ခုပါဝင်တဲ့ စနစ်ကို ရှာဖွေသင့်ပါတယ်။ ဒါမှ graphics card နဲ့ motherboard ပေါ်က built-in graphics ကနေ multiple video output တွေကို သုံးနိုင်မှာ ဖြစ်ပါတယ်။ Display အများကြီး လိုအပ်ပြီး နောင်တစ်ချိန်မှာ graphics card တွေ ထပ်ဝယ်မယ်ဆိုရင်တော့ PCIe expansion slot အလွတ်တွေ ပါဝင်တဲ့ စနစ်ကို ရှာဖွေသင့်ပါတယ်။

စွမ်းဆောင်ရည်မြင့် ကွန်ပျူတာအမျိုးအစားတွေဟာ အရွယ်သေးငယ်တဲ့ ကွန်ပျူတာတွေထက် ပိုမိုတိုးချဲ့ မှုတွေ ပြုလုပ်နိုင်ပါတယ်။ သိုလှောင်မှုအတွက် တစ်ခုထက်ပိုတဲ့ hard drive များ ထည့်သွင်းခြင်း၊ လျင်မြန်တဲ့ 3D application များအတွက် တစ်ခုထက်ပိုတဲ့ graphics card များ ထပ်စိုက်ခြင်း၊ DVD နဲ့ Blu-ray များ ကူးယူရန်အတွက် တစ်ခုထက်ပိုတဲ့ optical drive များ ထည့်သွင်းခြင်းတို့ကို ပြုလုပ်နိုင် ပါတယ်။ ဒါ့အပြင် PCI နဲ့PCIe slot တွေကနေ wireless networking (Wi-Fi), TV tuner များနဲ့ USB 3.0/Thunderbolt/Thunderbolt 2/ eSATA တို့လို interface တွေကိုလည်း ထည့်သွင်းနိုင်ပါတယ်။

USB 3.0 နဲ့ Thunderbolt ဟာ hard drive များနဲ့ အလားတူ ကွန်ပျူတာအရံပစ္စည်းများအတွက် စွမ်းဆောင်ရည်မြင့်မားတဲ့ interface များ ဖြစ်ပါတယ်။ Hard drive ကနေတစ်ဆင့် ဖိုင်တွေကို ပုံမှန် backup လုပ်တယ် ဒါမှမဟုတ် ပုံမှန် လွှဲပြောင်းမှု ပြုလုပ်တယ်ဆိုရင် ကွန်ပျူတာမှာ USB 3.0 port အချို့ ပါဝင်ရပါမယ်။

3D ဂိမ်းကို နှစ်သက်သူများကတော့ သာမန်သုံးစွဲသူတွေထက် စွမ်းဆောင်ရည် ပိုမြင့်တဲ့ desktop တွေ လိုအပ်ပါတယ်။ နောက်ပြီး capacity ပိုများတဲ့ power supply unit များနဲ့ Nvidia, AMD တို့လို စွမ်းဆောင်ရည်မြင့်တဲ့ discrete graphics တွေကို ရှာဖွေသင့်ပါတယ်။

All-in-One ကွန်ပျူတာများ
All-in-One ကွန်ပျူတာတွေမှာ အရွယ်ကြီးမားတဲ့ laptop တွေထက် ပိုကြီးတဲ့ screen တစ်ခု ပါဝင်လေ့ရှိပါတယ်။ All-in-One ကွန်ပျူတာတွေဟာ ကျဉ်းမြောင်း လွန်းတဲ့ အခန်းငယ်တွေထဲက အလွန်သေးငယ်တဲ့ စားပွဲတွေပေါ်မှာ သာမန် desktop တွေအတိုင်း စွမ်းဆောင်နိုင်ပါတယ်။ ဒီ ကွန်ပျူတာ အမျိုးအစားမှာ screen အရွယ်အစားကို ၂၀ လက်မကနေ ၂၇ လက်မအထိ ရရှိနိုင်ပါတယ်။ Apple iMac ဟာ All-in-One ကွန်ပျူတာဈေးကွက်မှာ ဦးဆောင်နေတယ်ဆိုပေမယ့် Acer Aspire, Asus ET Series, Dell Inspiron နဲ့ XPS, HP Envy နဲ့ Pavilion PC, MSI AG နဲ့ Lenovo IdeaCentre series စတဲ့ All-in-One ကွန်ပျူတာတွေကိုလည်း ရနိုင်ပါတယ်။

နောက်ဆုံးအနေနဲ့ အကြံပြုချင်တာကတော့ ပိုက်ဆံကို ချွေတာတဲ့ အနေနဲ့ ဈေးအရမ်း သက်သာတဲ့ ကွန်ပျူတာကို ဝယ်ယူဖို့ ကြိုးပမ်းတာမျိုး မလုပ်သင့်ပါဘူး။ ဝယ်ယူဖို့စဉ်းစားထားတဲ့ ကွန်ပျူတာက အခုဖော်ပြထားတဲ့ အကြံပြုချက်များနဲ့ မကိုက်ညီရင် စွမ်းဆောင်ရည် အလွန်နှေးတာမျိုး၊ တစ်နှစ်အတွင်း သုံးလို့မရတော့ တာမျိုး ဖြစ်နိုင်ပါတယ်။ အဲ့ဒီအခါကျရင် ငွေကုန်ကြေးကျ ပိုများသွားပါလိမ့်မယ်။

Ref: PCMag

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 




www.pyaephyo.com