6/29/2015

♪ ကမ္ဘောဇဘဏ် အကြွေးဝယ်ကတ် (Credit Card) စတင် အသုံးပြုနိုင် ♫


ကမ္ဘောဇဘဏ်၏ အကြွေးဝယ်ကတ် (Credit Card) များစတင် အသုံးပြုနိုင်ပြီဖြစ်ကြောင်း သတင်းရရှိသည်။
အဆိုပါကတ်များကို ဘဏ်ခွဲတိုင်းတွင် လျှောက်ထားနိုင်မည် ဖြစ်ပြီး စီးပွားရေးလုပ်ငန်းရှင်များ၊ အစိုးရအရာရှိနှင့် ဝန်ထမ်းများ၊ ပုံမှန်ဝင်ငွေရှိသူများ၊ ကုမ္ပဏီ ဝန်ထမ်းများ အစရှိသူတို့ကို ဦးစားပေးထုတ်ပေးသွားမည်ဖြစ်ကြောင်း၊ အများဆုံး သိန်း (၅၀) အထိချေးယူရရှိနိုင်မည်ဖြစ်ပြီး စတင်လျှောက် ထားသည့်လတွင် ကတ်ဖိုးနှင့် နှစ်စဉ်ကြေးအား ချေးယူထားသော ပမာဏမှခုနှိမ်သွားမည်ဖြစ်ကြောင်း သိရသည်။ “ပြည်တွင်းသုံး မြန်မာနိုင်ငံသားတွေသုံးဖို့ ထုတ်ထားတာ ဖြစ် ပါတယ်၊ မှတ်ပုံတင်ရှိတဲ့သူတွေ အသုံးပြုနိုင်မှာဖြစ်ပါတယ်” ဟု ကမ္ဘောဇဘဏ်၏ မန်းနေဂျင်း ဒါရိုက်တာ ဦးညိုမြင့်က ဇူလိုင်လ (၂၄) ရက်နေ့တွင်ပြု လုပ်သော သတင်းစာ ရှင်းလင်းပွဲတွင်ပြောကြားသည်။

အဆိုပါ  Credit  Card  အားမြန်မာတစ်နိုင်ငံလုံးတွင်ရှိသည့် ATM  စက်များနှင့်  POS  အသုံးပြုနိုင်သည့် ဆိုင်များတွင်သုံးနိုင်မည်ဖြစ် ကြောင်း၊ ပြည်တွင်း MPU ကတ်သုံးစွဲနိုင်သည့်မည်သည့်  ATM စက်တွင်မဆို  ငွေသားထုတ်ယူသုံးစွဲ နိုင်ခြင်း၊ POS စက်များတွင် Credit Card ဖြင့် ငွေသားမလိုဘဲပေးချေနိုင်ခြင်း၊ E-Commerce ဝန်ဆောင်မှုအား Credit Card အသုံးပြုကာ ဝက်ဘ်ဆိုက်များပေါ်မှ ရောင်းချသော ထုတ်ကုန်များကို ဝယ်ယူနိုင်ခြင်း အစရှိသည့်အကျိုးကျေးဇူး များရရှိမည်ဖြစ်ကြောင်းသိရသည်။

“Prepaid Card က ကြိုတင်ငွေပေးချေထားပြီး အသုံးပြုရတာဖြစ်တယ်၊ Debit Card ကတော့ စာရင်းဖွင့်ထားတာကို အွန်လိုင်းနဲ့ချိတ်ဆက်ထားပြီး ကိုယ်သုံးတဲ့အ ခါ နုတ်နုတ်သွားတာဖြစ်ပါတယ်၊ Credit Card ကတော့ ဘဏ်မှာငွေထားစရာ မလိုဘဲနဲ့ ငွေကိုကြိုတင်သုံးနိုင်တာဖြစ်ပါတယ်၊ ၄၅ ရက်အတွင်းမှာ ကိုယ်သုံးထား တဲ့ ငွေကိုပြန်ချေဖို့တော့လိုပါတယ်” ဟု ဦးညိုမြင့်ကရှင်းပြသည်။

အဆိုပါ ကတ်လျှောက်ထားရန် သတ်မှတ်ဖောင်ကို ဖြည့်စွက်ရမည်ဖြစ်ပြီး ဖောင်နှင့်အတူ မှတ်ပုံတင် မူရင်း၊ ခြောက်လအတွင်း ရိုက်ကူးထားသော ဓါတ်ပုံနှစ်ပုံ၊ ဝင်ငွေ အထောက်အထား ထောက်ခံချက်နှင့် အခြားလိုအပ်သော စာရွက်စာတမ်းများကို ဘဏ်သို့တင်ပြရမည်ဖြစ်ကြောင်းသိရသည်။ မိမိအသုံးပြု ထားသော ငွေပေးသွင်းရမည့် ရက် ကျော်လွန်သော ငွေပမာဏအတွက် တစ်နှစ်လျှင် အတိုး ၁၃ ရာခိုင်နှုန်းဖြင့် တွက်ချက်ကောက်ခံသွားမည်ဖြစ်ကြောင်း၊ ကတ် ပျောက်ဆုံး၊ ပျက်စီးပါက နီးစပ်ရာ ကမ္ဘောဇဘဏ် သို့မဟုတ် ၀၁-၅၁၅၂၁၆၊ ၅၁၅၂၁၇၊ ၅၁၅၂၁၈ သို့ မှတ်ပုံတင် နံပါတ်ပြော၍ ဆက်သွယ် အကြောင်းကြား ရမည်ဖြစ်ကြောင်း၊ ကတ်သုံးစွဲခွင့်အား ခေတ္တရပ်ဆိုင်း၍ အစားထိုးပြန်လည် လျှောက်ထား ရမည်ဖြစ်ကြောင်း သိရသည်။

Credit to ==> Internet Journal

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 




www.pyaephyo.com