2/11/2017

♪ “Cele Cele Small Post မှာ Comment ၀င်ရေးမိလို့ စွပ်စွဲခံလိုက်ရတယ် ဆိုတဲ့ အလှမယ် မျိုးကိုကိုစန်း နှင့်တွေ့ဆုံခြင်း” ♫

Image may contain: 1 person, text

မျိုးကိုကိုစန်းရယ်လို့ စပြီးဖြစ်တည်လာပုံလေးကို ပြန်ပြီး မိတ်ဆက်ပေးပါဦး။

-----သမီးက Miss International Queen Myanmar 2014 ပေါ့နော်၊ ပြည်တွင်းမှာက Miss Rainbow Ribbon ဆိုပြီး ပြိုင်ပွဲလုပ်တယ်။ အဲဒီကမှ တစ်ဆင့် ထိုင်းနိုင်ငံမှာ Miss International Queen 2014 ပြိုင်ပွဲအတွက် မြန်မာနိုင်ငံ ကိုယ်စားပြုအနေနဲ့ သွားရောက်ယှဉ်ပြိုင်ခဲ့တာပါ

ပြိုင်ပွဲပြီးတဲ့ နောက်ပိုင်းမှာ အနုပညာအလုပ်တွေ ဆက်လုပ်ဖြစ်တာမျိုးရှိ သေးလား။ လက်ရှိကရော ဘာတွေလုပ်ဖြစ်နေလဲ။

-----ပြိုင်ပွဲပြီးပြီးချင်းမှာတော့ အနုပညာလုပ်ငန်းတွေ လုပ်ဖြစ်ပါတယ်၊ ပြီးတော့ ရုပ်ရှင်ရိုက်ဖို့ တစ်ခုကမ်းလှမ်းလာ တယ်၊ နောက်ပိုင်းကြမှ အဲဒီ ရုပ်ရှင်ရိုက်ဖို့ကိစ္စက အကြောင်းတစ်ခုခုကြောင့် ပျက်သွားတယ်။ အဲဒီ အတောအတွင်း မှာက ရုပ်ရှင်ရိုက်ဖို့ကိုပဲ အာရုံစိုက်နေခဲ့တော့ တခြား အလုပ်တွေကို လက်မခံဖြစ်ခဲ့ဘူး၊ တချို့ဗီဒီယိုကားလေးတွေ ကမ်းလှမ်း တာတွေကိုလည်း မလုပ်ဖြစ်လိုက်သလို နေတာကလည်း မန္တလေးမှာဆိုတော့ ဒီလောကနဲ့နည်းနည်း အဆက်အသွယ်ပြတ်သလိုဖြစ်သွားတယ်။

လက်ရှိကတော့ အနုပညာလုပ်ငန်းတွေ ပြန်စဖို့ လုပ်နေတာလား။

-----အမှန်က နောက်သုံးလေးလလောက်မှ သေချာပြန်လုပ်ဖို့ပဲ၊ အခုက လသာတုန်းဗိုင်းငင်ပေါ့၊ အချိန်လည်းရှိ နာမည်လည်းရှိနေတုန်း လုပ်ဖြစ်သွား တာပါ။ အစကတော့ ရန်ကုန်ကို အလည်ပဲလာတာ၊ ဟိုတလောက ဆယ်လီ ဆယ်လီစမောဘာညာနဲ့ ကိစ္စတွေဖြစ်ပြီးနောက်မှာ အလုပ်ကလေးတွေ ပေါ်လာတာဆိုတော့ ဆက်လုပ်ဖြစ်သွား တာရှင့်။

မျိုးကိုကိုစန်းအနေနဲ့ ဆိုရှယ်မီဒီယာရဲ့အကျိုးသက်ရောက်မှုတွေကို ခံခဲ့ရတဲ့သူ လည်းဖြစ်တော့ ဒီလိုမျိုး ဆိုရှယ်မီဒီယာ အသုံးပြုမှုနဲ့ပတ်သက်ပြီး ဘယ်လို မြင်မိလဲ။

-----သမီးအဖြစ်က ပြောမယ်ဆိုရင်တော့ အသံကြောင့်ဖားသေသွားတာပေါ့။ ဘာလို့လဲဆိုတော့ သူတို့ရဲ့ထင်ကြေး၊ ကောလာဟလတစ်ခုနဲ့ ကိုယ်က မဟုတ်မမှန် ဆွဲအစိခံရပြီး အနစ်နာခံလိုက်ရတယ်၊ ပြီးတော့ ဟိုဘက် ဒီဘက်က တစ်ဖက်နဲ့တစ်ဖက် စွပ်စွဲနေတာများနေတာ၊ အခုနောက်ပိုင်းဆိုရင် ဆိုရှယ်မီဒီယာကို သိပ်တောင် မသုံးဖြစ်တော့ဘူး၊ ကွန်းမန့်တွေလည်း ၀င်ဖတ်ချင်မှဖတ်တော့တယ်။ လိုတဲ့သူရှိသလို မလိုတဲ့သူလည်း ရှိတယ်လေ။ မလိုတဲ့သူ ကွန်းမန့်မြင်ရရင် စိတ်ဆင်းရဲရတယ်လေ။ ဆယ်လီဆယ်လီစမော ဆိုတဲ့ ကိစ္စဖြစ်ပြီး နှစ်ရက်သုံးရက်အတွင်း ဖုန်းကို ကိုင်ချင်စိတ်မရှိလောက် တဲ့အထိဖြစ်သွားတယ်၊ ကြောက်သွားတာ။

ဆယ်လီဆယ်လီစမောဆိုပြီး စွပ်စွဲလာလောက်တဲ့အထိဖြစ်သွားတာက ဘယ်လိုအကြောင်းကြောင့်လို့ ထင်မိလဲ။

-----အမှားရယ်လို့တော့မရှိပါဘူး။ သမီးအကြောင်းကိုလည်း သိနေကြတာပဲ။ သမီးက အမြဲတမ်း ပျော်ပျော်ရွှင်ရွှင် နေတတ်တယ်။ ဖေ့ဘုတ်မှာလည်း share တာပြုတာဘာညာတော့ ရှိတာပေါ့။ သူများတွေလည်း လုပ်တာပါပဲ၊ ဘာလို့ ကိုယ့်တစ်ယောက်တည်းမှ ကွက်ပြီးထင်သွားလဲတော့မသိဘူး။

Page တစ်ခုကနေ မျိုးကိုကိုစန်းက ဆယ်လီဆယ်လီစမောပါ ဆိုပြီး ပြောလာတာမျိုးရော ရှိခဲ့လား။

-----ရှိတယ်။ ဆယ်လီဆယ်လီစမော မထောက်ခံသူများဆိုတဲ့ page က မက်ဆင်ဂျာ အက်ပလီကေးရှင်းတစ်ခုကနေ Screen shot တွေကို လုပ်ကြံပြီး ရေးထားတော့ ထင်သွားကြတာလည်းဖြစ်မယ်။ ဒါပေမယ့် သိကြပါတယ်၊ သမီးစကား ပြောတဲ့ပုံစံက သူတို့လုပ်ထားတဲ့ screen shot ထဲကလိုမဟုတ်ဘူး ဆိုတာကိုတော့။

အခုက ဆိုရှယ်မီဒီယာကနေတစ်ဆင့် ဒီလိုမျိုးစွပ်စွဲခံရတဲ့ အနေအထားဖြစ်ခဲ့ တော့ နောက်ပိုင်း ဆိုရှယ်မီဒီယာ အသုံးပြုမှုကို ပြန်ပြီးပြင်ဆင် သွားဖို့ ဆင်ခြင်သွားဖို့ရှိလား။

-----ပြင်ဆင်ရမှာပေါ့။ အခုဆိုရင် ကိုယ်ဘာလုပ်လုပ် အားလုံးက သတိထား နေတဲ့ အချိန်ဆိုတော့လေ၊ တချို့တွေဆို နည်းနည်းပါးပါးတော့ အနေ အထိုင်ဆင်ခြင်ဖို့ ပြောလာတယ်၊ သူတို့ဘက်ကလည်း ကောင်းတဲ့ ဘက်ကပြောတာဆို တော့ ကိုယ့်ဘက်ကလည်း လိုက်နာရတာပေါ့။

စွပ်စွဲခံရတုန်းက ဆက်သွယ်ရေး ဥပဒေ ပုဒ်မ-၆၆/ဃ နဲ့ ဆိုတော့ ဒီပုဒ်မနဲ့ ပတ်သက်ပြီးတော့ရော ဘယ်လိုမြင်မိလဲ။

----- ၆၆ ဃ နဲ့ ပတ်သက်ပြီးပြောရမယ်ဆိုရင် ဒီပုဒ်မက အားနည်းနေ တယ်လို့ မြင်တယ်။ ဘာပဲပြောပြော မရှိသင့်ဘူးလို့ မပြောဘူး။အားနည်းနေတယ်၊ ပြင်ဆင်သင့်တယ်လို့တော့ထင်တယ်။ အထူးသဖြင့် အာမခံမရတဲ့ ပုဒ်မဖြစ်လို့ မဟုတ်မမှန် စွပ်စွဲခံရရင် အဲဒီလူအတွက် အရမ်းကို နစ်နာတယ်။

ဒီပြဿနာတွေ ဖြစ်လာပြီးတဲ့နောက်ပိုင်းမှာ မျိုးကိုကိုစန်းရဲ့ ပရိသတ်တွေနဲ့ သဟဇာတမဖြစ်တော့တာမျိုးရော ကြုံရသေးလား။

----- သမီးပရိသတ်အစစ်ဆိုရင်တော့ သမီးဒီလိုမျိုး မလုပ်ဖူးဆိုတာကို အကုန်ယုံကြည်ပြီးသား၊ အကုန်လုံးကလည်း သမီးအကြောင်းလည်းသိတော့ မဖြစ်နိုင်ဘူးဆိုတာ သူတို့သိတယ်။ ဒါကြောင့် သူတို့နဲ့ Against ဖြစ်တာမျိုး တော့ မရှိဘူးရှင့်။

ဘန်ကောက်သွားတဲ့ အနေအထားတစ်ခုပေါ်မှာ စွပ်စွဲဖို့ဖြစ်လာတော့ ဒါက တိုက်ဆိုင်သွားတာမျိုးလား။

----- ဘန်ကောက်မှာက သမီးက လူနာစောင့်လိုက်သွားတာ၊ ဆေးရုံနဲ့ သမီးတည်းတဲ့ နေရာနဲ့တောင် တက်စီမစီးတတ်လို့ တက်စီခတွေ ပိုပေး လိုက်ရတာမျိုးတွေရှိတယ်။ သူတို့ပြောတဲ့နေရာတွေကို သွားဖို့ဆိုရင် ကိုယ့်ဘာသာတောင် ဒီနားအနီးတစ်ဝိုက်တင်ပဲ လည်နေပါတယ်ဆိုမှ သူတို့ပြောတဲ့ နေရာတွေသာသွားရရင် ပြန်တောင်ရောက်မှာ မဟုတ်ဘူး၊ အနီးတစ်ဝိုက်က ဈေးလောက်ပဲသွားဖြစ်တယ်။

အခုစွပ်စွဲခံခဲ့ရတဲ့ အနေအထားမှာ ဖြေရှင်းမှုပိုင်း အခက်အခဲတွေဘာတွေ ရှိခဲ့သေးလား။

-----အဓိကက သူတို့စွပ်စွဲတာခံရတာဖြစ်တဲ့အတွက် သူတို့သံသယရှင်းအောင် သမီးအနေနဲ့ အစစ်ခံခဲ့လိုက်တယ်။ ဒီလောက်ပဲ အစစ်ခံပြီးသွားရင်တော့ ပြီးသွားပြီ။ ကိုယ်အစစ်ခံပြီးပြီ ကိုယ်အပြစ်မလုပ်ဘဲနဲ့ တခြားဘာမှကို ထပ် မဖြေရှင်းတော့ဘူး။ သက်သေအရှင်းဆုံး ပြခဲ့ပြီ၊ ကိုယ်လည်း သက်သေကို အရှင်းဆုံးပြခဲ့ပြီးပြီ၊ ဒီအမှုနဲ့ မသက်ဆိုင် ဘူးဆိုတာကိုလည်း ပြခဲ့ပြီးပြီ။

ညီမလေးအနေနဲ့ စာနယ်ဇင်း ရှင်းလင်းပွဲလေးလုပ်တယ်၊ ဒီကိစ္စနဲ့ပတ်သက်ပြီး ဘာမှပြန်လုပ်ဖို့ မရှိဘူးလို့လည်း ပြောတော့ ဘယ်လိုကြောင့် ဆုံးဖြတ်ဖြစ် သွားတာလဲ။

-----အဲဒါက အေးဆေးဆေးဆေး နေချင်တာလည်းပါတာပေါ့။ ဘာလို့လဲဆို တော့ အရင်တည်းကလည်း အမှုကိစ္စ မပြောနဲ့ ကိုယ့်အနေနဲ့ ငယ်ငယ်တည်း က အခုထိ ရန်တောင်မဖြစ်ဘူးတဲ့သူ။ အမှုကိစ္စဆိုတာက အချိန်ကုန်၊ လူပင်ပန်း၊ ငွေပင်ပန်း၊ နှစ်ဖက်လုံး ပင်ပန်းတယ်ဆိုတော့ သူ့ဘက်က အပြစ်ရှိတယ်ဆိုရင် ကံတရားက သူ့ကိုအပြစ်ပေးသွား လိမ့်မယ်၊ ကိုယ့်အနေ နဲ့လည်း အတိတ်က၀ဋ်ကြွေးရှိလို့ မတရားခံခဲ့ရပြီးပြီ၊ သူ့ဘက်က သူတစ်ပါးကို မဟုတ်မမှန် လုပ်တယ်ဆိုရင် ကံတရားက သူ့ကိုအပြစ်ပေးလိမ့်မယ်၊ သူ့ဘက် ကလည်း မလုပ်ခဲ့ဘူး၊ အမှန်အတိုင်းပဲလုပ်တာ ဆိုရင်တော့ ကံတရားက အပြစ်မပေးဘဲ နေလိမ့်မယ်လို့ပဲ ယုံကြည်မိပါတယ်။

အခုလိုမျိုး ဆယ်လီဆယ်လီစမောလို့ နာမည်တပ်ခံလိုက်ရပြီး စွပ်စွဲခံရတဲ့ အချိန်မှာ အနုပညာရှင်တွေထဲက တစ်မျိုးထင်တာမျိုးရော ကြုံရသေးလား။

-----အဲလိုမျိုးတော့ မရှိဘူးရှင့်။ တချို့တွေကြတော့လည်း မသေချာ မရေရာ လို့ ဘာမှဝင်မပြောကြတာလည်း ပါတယ်၊ ဒီကိစ္စမျိုးက မသေချာဘဲပြော တာလည်း ကောင်းတာမဟုတ်ဘူးလေ။

ဒီပြဿနာလေး ဖြစ်ပြီးတဲ့နောက်မှာ ဆယ်လီစမောအကောင့်က ပျောက်သွား တော့ အဲဒီပေါ်မှာရော ဘယ်လိုမြင်မိလဲ၊ ဆယ်လီဆယ်လီစမောနဲ့ အဆက် အသွယ်တွေဘာတွေ ရှိခဲ့သေးတာလား။

-----အဲဒီဆယ်လီဆယ်လီစမောအကောင့် ပျောက်သွားတာမှာ သူတင်ထား တာတော့တွေ့တယ် သူနားတော့မယ် ဘာညာ၊ ဘာပဲပြောပြော ကိုယ်ပြန် ထွက်လာတဲ့အချိန်မှ နားလို့လည်း သူ့ကိုကျေးဇူးတင်တယ်လို့ ပြောလို့ရတယ်။ ကိုယ်အထဲရောက်နေတုန်း သူပျောက်သွားရင် ကိုယ့်ဘ၀ကသွားပြီလေ။ အဲဒီအကောင့်နဲ့ အဆက်အသွယ်တော့ မရှိပါဘူး။

ကိုယ့်ဘက်ကနေ တခြားသူတွေက ဆယ်လီဆယ်လီစမောပါလို့မှားပြီး သံသယ၀င်မိစေမယ့် အချက်မျိုး ကိုယ်တိုင်ပြု လုပ်မိတာမျိုးရောရှိလား။

-----ဆယ်လီဆယ်လီစမောအောက်မှာတော့ အရမ်းကြီးတိုက်ဆိုင်တယ်ဆိုပြီး ကွန်းမန့်ဝင်ရေးမိတာတော့ရှိတယ်။ ဒါပေမယ့် ဒီလိုမျိုး ကွန်းမန့်ဝင်ရေးရုံနဲ့ တရားခံလို့ ထင်ရလောက်တဲ့အထိတော့ မဖြစ်လောက်ဘူးလို့ ထင်တယ်။ ဘာလို့လဲဆိုတော့ ဆယ်လီဆယ်လီစမောအောက်မှာ ကွန်မန့်ဝင်ရေးရုံနဲ့ ဒီလူဟာ တရားခံဆိုရင် သူတို့ရဲ့စဉ်းစား ချင့်ချိန်နိုင်စွမ်းက ဘာလဲလို့ မေးရမလိုဖြစ်နေပြီ။

အခုဆိုရင် ဆိုရှယ်မီဒီယာကို ကိုယ့်အနုပညာ promote လုပ်ဖို့ ကိုယ့်ကို လူသိဖို့ သုံးလာကြတယ်၊ သုံးရင်းနဲ့ပဲ ခုနလိုမျိုး အဆိုး ဖြစ်ရပ်လေးတွေ ကြုံလာတာပေါ်မှာရော ဘယ်လိုမြင်မိပါသလဲ။

-----ဒီဘက်ခေတ်မှာက လူတွေက တီဗီလည်း သိပ်မကြည့်ကြတော့ဘူးလေ၊ အချိန်ပြည့်လိုဖေ့ဘုတ်ပဲ သုံးလာကြတာ၊ အနုပညာရှင်တွေကလည်း ကိုယ့်ရဲ့ activities တွေအကုန်လုံးက ဆိုရှယ်မီဒီယာမှာပဲ promote လုပ်နေကြရတာ လေ။ ဒါကလည်း သုံးတတ်ရင်တော့ ဆေးဖြစ်တယ်။ မသုံးတတ်ရင်တော့ ဘေးဖြစ်တာပေါ့။

ပုံမှန်ပဲသုံးနေတဲ့သူတွေကို တစ်ခုခုလွဲချော်တာလေးမြင်တာနဲ့ ဥပဒေပိုင်း ဆိုင်ရာအရ လုပ်လာတဲ့အပေါ် ဘယ်လို ထင်မိလဲ။

-----ဥပဒေပိုင်းအရဆိုရင် သူတို့အနေနဲ့ သေသေချာချာ စုံစမ်းစစ်ဆေးပြီးမှ လုပ်သင့်တယ်၊ ဒီအမှုက အာမခံမရတဲ့ အမှုဆိုတော့လေ၊ မဟုတ်ခဲ့ဘူးဆိုရင် အဲဒီလူအတွက် အရမ်းနစ်နာတာကိုး။

အချုပ်ခံခဲ့ရတုန်းက ကိုယ်က LGBT တစ်ယောက်ဖြစ်နေတဲ့ အခါကြတော့ ဘယ်လိုအခက်အခဲတွေ ကြုံရသေးလဲ။

-----အဲဒါကတော့ စခန်းကို သမီးစရောက်တည်းက သူတို့ကို request လုပ်တော့ သူတို့လက်ခံတယ်။ အမျိုးသမီးအဆောင်မှာ သပ်သပ်ချုပ်ထား ပေးတယ်။ ဒါပေမယ့် အမျိုးသမီး အကျဉ်းသားရောက် လာရင်တော့ အမျိုးသားဆောင်ပြန်ပြောင်းမယ်၊ ပြောင်းရင်လည်း စိတ် မပူပါနဲ့၊ သူတို့က ၂၄ နာရီ အစောင့်ချထားပြီး CCTV တွေလည်း ရှိတဲ့ အတွက် စိတ်မပူဖို့ပေါ့။

ဒီကြားထဲမှာ အခက်ခဲဆုံးအရာက ဘယ်ဟာဖြစ်မယ်လို့ ထင်လဲ။

----LGBT မို့ဆိုတာထက် မိန်းမပုံဆိုတော့ ပိုပြီးအခက်အခဲဖြစ်တာပေါ့နော်။ ဘယ်လိုပြောမလဲ၊ ယောက်ကျားလေး လိုဝတ်တာဆိုရင် ကိစ္စမရှိပေမယ့်။ သမီးလို မိန်းကလေးလို ၀တ်တဲ့သူအတွက်ကတော့ အခက်အခဲတွေက အများကြီးပါပဲ။

ဆိုရှယ်မီဒီယာသုံးလို့ အခုလိုဖြစ်ရတာဆိုတော့ ဒီဆိုရှယ်မီဒီယာကို ဆက်သုံး ဖြစ်ဦးမှာပါပဲလား။

သုံးတာတော့သုံးဖြစ်မယ်၊ ဒီဆိုရှယ်မီဒီယာကပဲ promote လုပ် နေရတာဆို တော့လေ၊ ကိုယ့်ရဲ့ activities တွေကလည်း ဒီမှာပဲ စောင့်ကြည့်ကြရတာလေ။ ဒါပေမယ့် အရင်ထက်တော့ ပိုပြီး ဆင်ဆင်ခြင်ခြင်သုံးဖြစ်မယ်။

အခုနောက်ပိုင်း ဆိုရှယ်မီဒီယာအသုံးပြုမှုတွေက ဘယ်လိုပြောင်းလဲသွားပြီလဲ။

အနုပညာပိုင်းကိုပဲ ဇောင်းပေးတင်ဖြစ်တော့တယ်၊ အခွင့်အရေးလည်းရတုန်း လုပ်ရတာဆိုတော့လေ။ အရင်တုန်း ကတော့ စာလေးတွေတင်ဖြစ်တယ်၊ ဒါပေမယ့် ပရိသတ်တွေရော သူငယ်ချင်းတွေကပါ ဒီအချိန်မှာ မတင်ပါနဲ့ဦး။ အေးအေးဆေးဆေးနဲ့ အလုပ်ကိုပဲ အာရုံစိုက်ဖို့ request လေးလုပ်တော့ အခုမဟုတ်ပေမယ့် နောက်ပိုင်းတော့ ကိုယ့်အကောင့်နဲ့ကိုယ် ပုံမှန်ဆက်ရှိမှာ ပါ။ အရင်တစ်နေ့ကို post ၁၀ ခုလောက်တင်ပေမယ့် အခု တစ်နေ့ကို ၁ခုလောက်ပဲ တင်တာမျိုးပေါ့။

အခုလိုမျိုးဖြစ်ခဲ့တဲ့ ဆိုရှယ်မီဒီယာဆိုးကျိုးကနေ ဘာတွေကို ခံယူလိုက်မိ တာမျိုးရှိလဲ။

----- အဓိကကတော့ ကိုယ်နဲ့မဆိုင်ရင် ၀င်မပါတာအကောင်းဆုံးပါပဲ။ တစ်ခါတလေကြရင် ကိုယ်တွေက စနောက်လိုက်တာတစ်ခုကို အတည်ယူ တာမျိုးက တချို့လူတွေရဲ့စာဖတ်အား အဲဒီလောက်တောင် နည်းနေပြီလား ဆိုတာပေါ့။ စာပိုဒ်တစ်ခုပြောချင်တာကို မတွေးဘဲ လိုရာ ဆွဲတွေးကြတာ များတယ်။

နောက်ပိုင်းကြရင် ဖေ့ဘုတ်မှာ စနောက်တဲ့ စကားလုံးတွေ ဆင်ခြင်သွားဖို့ ရှိတာလား။

----- ကိုယ်တိုင်လည်း စနောက်ခံရပြီး အဲဒီအကျိုးဆက်က ဒီလောက်အထိ ဖြစ်လာတာလေ၊ ဖြစ်နိုင်မယ်ဆိုရင် မဟုတ်ဘဲနဲ့ အာမချောင်ပါနဲ့ပေါ့။ ကိုယ်အာချောင်လိုက်တာတစ်ခုက တခြားသူကို ထိခိုက်စေတယ်လေ။ အသံကြောင့်ဖားသေတာက ပိုဆိုးပါတယ်လို့။

ရန်ကုန်မှာ အခြေချဖို့စဉ်းစားဖြစ်သေးလား။

-----အခုက အလုပ်ရှိလို့နေဖြစ်တာပါ၊ ပြီးတာနဲ့ မန္တလေးပြန်မယ်။ အလုပ်ရှိခဲ့ ရင်တော့ ရန်ကုန်ပြန်လာမှာပေါ့။ ရန်ကုန် မှာ အခြေချဖို့ကတော့ မသေချာ သေးပါဘူး။

အခုလက်ရှိ အနုပညာပိုင်းအရ ဘာတွေလုပ်ဖြစ်နေလဲ။

-----လက်ရှိတော့ commercial တွေလက်ခံထားတယ်၊ ပြီးတော့ ဓာတ်ပုံရိုက် ဘာညာလုပ်တယ်။ ဖြစ်နိုင်ရင်တော့ သရုပ်ဆောင် ဘက်ကိုလည်း ကူးချင်ပါ သေးတယ်။

ဘာများဖြည့်စွက်ပြောချင်ပါသေးလဲ။

အလုပ်တွေပြန်လုပ်နေပါတယ်။ ပြဿနာဖြစ်ပြီးနောက်ပိုင်း ရလာတဲ့ အနေအထားပေါ်မူတည်ပြီး လုပ်တာဆိုပေမယ့် အခွင့်အရေးယူတယ်လို့လည်း မထင်စေချင်ပါဘူး။ အားပေးကြပါဦးလို့ ပြောချင်ပါတယ်။

အခုလိုဖြေပေးတာကျေးဇူးတင်ပါတယ်။

ရဲလင်းလင်းသန်း

Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal






<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 






www.pyaephyo.com