7/28/2015

♪ Telenor အသုံးပြုသူအရေအတွက် ၉.၅ သန်းရှိ ဟုဆို ♫


ဆက်သွယ်ရေး အော်ပရေတာ တစ်ခုဖြစ်သော Telenor ၏ မိုဘိုင်း ဖုန်းဝန်ဆောင်မှုကို လူဦးရေ ၉.၅ သန်းခန့် ဝင်ရောက်အသုံးပြုနေကြသည်ဟု အဆိုပါ ဆက်သွယ်ရေး အော်ပရေတာက သတင်းထုတ်ပြန်ခဲ့သည်။

ယခုနှစ် မေလအကုန်၌ အသုံးပြုသူ အရေအတွက် ၆.၄ သန်းသာ ရှိခဲ့သော Telenor သည် ယခုနှစ် ဇွန်လသို့ ရောက်ရှိလာသည့်အခါ အသုံးပြုသူ အရေအတွက် ၉.၅ သန်းသို့ ရောက်ရှိလာခဲ့ခြင်းဖြစ် သည်။

“အသုံးပြုသူအားလုံးရဲ့ ၅၅ ရာခိုင်နှုန်းက အင်တာနက် Data စနစ်ကို သုံးနေကြတယ်။ ဒါက Telenor အတွက်တော့ အံ့သြစရာပါပဲ” ဟု Telenor ၏ CEO ဖြစ်သူ Mr. Petter Furberg က ပြောသည်။

ယခုနှစ်အစပိုင်း၌ မိုဘိုင်း အသုံးပြုသူ အရေအတွက် ၁.၇ သန်းခန့်ကသာ အင်တာနက်စနစ်ကို အသုံးပြုခဲ့ကြခြင်းဖြစ်ပြီး နှစ်ဝက်တာ ကာလအတွင်း အင်တာနက် အသုံးပြုသူ အရေအတွက် ၅ သန်းဝန်းကျင်သို့ ရောက်ရှိလာခဲ့ခြင်းလည်း ဖြစ်သည်။

အလားတူ ဆက်သွယ်ရေး အော်ပရေတာတစ်ခုဖြစ်သည့် MPT ၌ မိုဘိုင်းဖုန်း အသုံးပြုသူ အရေအတွက် ၁၃ ကျော်ရှိသည်ဟု သိရသော်လည်း အခြားသော ဆက်သွယ်ရေး အော်ပရေတာတစ်ခုဖြစ်သည့် Ooredoo အနေဖြင့် ၎င်းတို့၏ မိုဘိုင်းဖုန်း အသုံးပြုသူ အရေအတွက်ကို ထုတ်ပြန်ကြေညာထားခြင်း မရှိခဲ့ပေ။

၂၀၁၄ ခုနှစ် စက်တင်ဘာလမှ စတင်၍ မိုဘိုင်းဖုန်း ဝန်ဆောင်မှုကို ပေးအပ်ခဲ့သည့် Telenor သည် လက်ရှိအချိန်၌ တိုင်းဒေသကြီးနှင့်ပြည်နယ် ၁၁ ခုတို့၌ မိုဘိုင်းဖုန်းကွန်ရက်ကို ချဲ့ထွင်နိုင်ခဲ့ပြီး တာဝါတိုင် အရေအတွက်အားဖြင့် ၂၃၀၀ ကျော် စိုက်ထူနိုင်ခဲ့ပြီ ဖြစ်ကြောင်း သိရသည်။

နိုင်ငံလူဦးရေ၏ ၅၀ ရာခိုင်နှုန်းကျော်ကို ကွန်ရက်လွှမ်းခြုံလာနိုင်သည့်အတွက် လပိုင်းအနည်းငယ်အတွင်း ယခုကဲ့သို့ မိုဘိုင်းဖုန်း အသုံးပြုသူ အရေအတွက် တိုးတက်လာခဲ့ခြင်းဖြစ်ကြောင်း၊ ၎င်းတို့အနေဖြင့် ၂၀၁၅ ခုနှစ် အကုန်ပိုင်း၌ တာဝါတိုင်ပေါင်း ၃ ထောင်မှ ၄ ထောင်အကြား တည်ဆောက်နိုင်မည်ဟု ခန့်မှန်းထားကြောင်း သိရသည်။

မိုဘိုင်းဖုန်း အသုံးပြုသူ ၁၃ သန်းကျော် ပိုင်ဆိုင်ထားသည့် MPT သည် KDDI နှင့် ပူးပေါင်းပြီးသည့်နောက်ပိုင်း အသုံးပြုသူ အရေအတွက် ၇ သန်းခန့် တိုးမြင့်ပိုင်ဆိုင်လာခြင်းဖြစ်ပြီး ယခင်က MPT ၏ အသုံးပြုသူ အရေအတွက်သည် ၆ သန်းခန့်သာ ရှိသည်ဟု KDDI မှ ဈေးကွက်ဒါ ရိုက်တာဖြစ်သူ Mr. Takashi Shigeno က ပြောသည်။

Credit to ==> Internet Journal

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 




www.pyaephyo.com