နောက်ဆုံးထွက်ပေါ်လာသော ကောလာဟလသတင်းများအရ Samsung ၏ စမတ်ဖုန်းသစ်များကို သြဂုတ်လတွင် တွေ့မြင်ရဖွယ်ရှိကြောင်း သိရသည်။
ကိုရီးယား မိုဘိုင်းဖုန်းကုမ္ပဏီကြီးသည် screen အရွယ်အစားကြီးမားသည့် စမတ်ဖုန်းများဖြစ်သော Galaxy S6 Edge Plus နှင့် Galaxy Note 5 ကို သြဂုတ်လတွင် မိတ်ဆက်ကြေညာဖွယ်ရှိကြောင်း SamMobile blog site မှ ဖော်ပြခဲ့သည်။ အဆိုပါ စမတ်ဖုန်းနှစ်မျိုးစလုံးကို သြဂုတ်လ ၁၂ ရက်တွင် မိတ်ဆက်ဖွယ်ရှိပြီး သြဂုတ်လ ၂၁ ရက်တွင် ရောင်းချရန် စီစဉ်ထားကြောင်း SamMobile ၏ ရင်းမြစ်များက ပြောကြားခဲ့သည်။
ပြီးခဲ့သည့်နှစ်က အမြတ်ငွေများ ဆိုးရွားစွာကျဆင်းခဲ့သည့် Samsung သည် စမတ်ဖုန်းရောင်းအား နှင့် ဈေးကွက်ရှယ်ယာ ပြန်လည်မြင့်တက်လာစေရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။
ကုမ္ပဏီ၏ ဇူလိုင်လ ၆ ရက်တွင် ထုတ်ဖော်ပြောကြားချက်အရ ရောင်းအားနှင့် ဖောက်သည်များကို Apple ထံ ဆုံးရှုံးခဲ့ရခြင်းနှင့် Xiaomi ကဲ့သို့သော တရုတ်ကုမ္ပဏီများ၏ ဈေးသက်သာသော စမတ်ဖုန်းများကြောင့် သုံးလပတ် အမြတ်ငွေမှာ ၇ ကြိမ်ဆက် ကျဆင်းဖွယ်ရှိကြောင်း သိရသည်။
ထို့ကြောင့် phablet ဟု လူသိများသည့် screen အရွယ်ကြီးမားသော ဖုန်းနှစ်မျိုးကို မိတ်ဆက်ခြင်းသည် ဆုံးရှုံးသွားသည့် ဈေးကွက်ရှယ်ယာများကို ပြန်လည်ရယူနိုင်စေမည့် နည်းလမ်းတစ်ရပ် ဖြစ်လာဖွယ်ရှိ သည်။
အစောပိုင်း ထွက်ပေါ်လာခဲ့သော သတင်းများအရ Samsung သည် Galaxy S6 Edge Plus နှင့် Note 5 ကို စက်တင်ဘာလတွင် ကျင်းပမည့် IFA ပြပွဲ၌ မိတ်ဆက်ကြေညာမည်ဟု ဆိုခဲ့သော်လည်း Samsung အနေဖြင့် Apple ၏ စက်တင်ဘာလ iPhone သစ် မိတ်ဆက်ပွဲမတိုင်မီ Note 5 ကို ကြေညာဖွယ်ရှိကြောင်း Wall Street Journal မှ ပြောကြားခဲ့သည်။
Ref: CNET

Credit to ==> Internet Journal