အားသာချက်
ဖုန်းမှာ ဖွဲ့စည်း တည်ဆောက်ထားတဲ့ Hardware စနစ်ပိုင်းတွေနဲ့ ဖုန်းတွင်းအသုံးပြု စနစ်ပိုင်းတွေမှာ ကောင်းမွန်တာ တွေ့ရပါတယ်။ ဖုန်းမှာဖွဲ့စည်းထားတဲ့ CPU, GPU နဲ့ ကင်မရာ စနစ်ပိုင်းတွေမှာ ကောင်းမွန်ပါတယ်။ ကင်မရာ ပိုင်းမှာတော့ Mega Pixel မြင့်မားတဲ့ ကင်မရာကို အသုံးပြုထားတာ ဖြစ်တဲ့အတွက် ကောင်းမွန်တဲ့ ဓာတ်ပုံတွေကို ဖန်တီးနိုင်တဲ့အပြင် ဒီဖုန်းမှာတော့ Sony ရဲ့အသုံးပြုနေကျ BRAVIA Engine ကို အသုံးမပြုဘဲ X-Reality Engine စနစ်ကို အသုံးပြုထားတာ တွေ့ရပါတယ်။ ဂရပ်ဖစ်စနစ်မှာ ဂိမ်းကစားခြင်းနဲ့ ရုပ်ရှင်ကြည့်ခြင်းတွေ အတွက်လည်း ကောင်းမွန်တဲ့ ရုပ်ထွက် မြင်ကွင်းတွေကို ခံစားနိုင်တဲ့အပြင် ပါဝါအသုံးပြုခြင်း အတွက်လည်း ကောင်းမွန်တဲ့ Power Saving စနစ် ပါဝင်ပါတယ်။ ရေစိုခံ ဖုန်းအမျိုးအစား တစ်ခုဖြစ်ပြီး ရေအောက် ၁ မီတာ အနက်မှာ မိနစ် ၃၀ ခန့် နေနိုင်တဲ့အပြင် ရေစိုခံ အကြမ်းခံနိုင်မှု အဆင့် IP68 ရှိတဲ့ဖုန်းပါ။
အားနည်းချက်
ဖုန်းရဲ့ Screen ပေါ်မှာ Double Tap နှစ်ချက် ပုတ်လိုက်တဲ့ အချိန်မှာ Screen ကိုဖွင့်ပေး နိုင်ပေမယ့် Screen ကို Lock ပြန်လုပ်ဖို့ အတွက်တော့ Lock လုပ်တဲ့ စနစ်မပါဝင်တဲ့အတွက် ပါဝါခလုတ်ကိုပဲ အသုံးပြုရ ပါလိမ့်မယ်။
ဒီဇီုင်း
ဖုန်းရဲ့ကိုယ်ထည် တစ်ခုလုံးဟာ သတ္တုကိုယ်ထည် ပုံစံမျိုး ပြုလုပ်ထားတဲ့ ပလတ်စတစ် ကိုယ်ထည် ဖွဲ့စည်း တည်ဆောက်မှု ပုံစံပါ။ ဘေးဘောင်တွေကလည်း သတ္တုဘေးဘောင် ပုံစံမျိုး ပြုလုပ်ထားတဲ့ ပလတ်စတစ် ဘေးဘောင်ပါပဲ။ ကိုင်တွယ် အသုံးပြုချိန်မှာ ပါးလွှာမှုနဲ့ ပေါ့ပါးခြင်းကို ခံစားနိုင်တဲ့အပြင် ထိတွေ့မှုကလည်း စိတ်ကျေနပ်စရာပါပဲ။ ဖုန်းတစ်ခုလုံးရဲ့အရွယ်အစားကတော့ အထက်အောက် အမြင့် ၁၄.၆ စင်တီမီတာရှိပြီး ဘေးတိုက် အကျယ်ကတော့ ၇.၂ စင်တီမီတာ ရှိပါတယ်။ အလေးချိန်ကတော့ ၁၅၂ ဂရမ်ရှိတဲ့အတွက် အရမ်းပေါ့ပါးတဲ့ ပုံစံတော့ မဟုတ်ပါဘူး။ ထုထည်ကလည်း ၀.၇၃ စင်တီမီ တာဖြစ်တဲ့အတွက် ပါးလွှာတဲ့ ဖုန်းအမျိုးအစား တစ်ခုပါပဲ။ ဖုန်းရဲ့ညာဘက် ဘေးဘောင်မှာတော့ Sim Card ပေါက်၊ ကင်မရာခလုတ်၊ အသံအတိုး အကျယ်ခလုတ်နဲ့ ပါဝါခလုတ်တွေ ရှိနေပြီး ဘယ်ဘက် ဘေးဘောင်မှာတော့ USB ပေါက်နဲ့ ပါဝါအားသွင်းတဲ့ Dock Charger ပေါက်တွေ တည်ရှိပါတယ်။ စပီကာ တွေကတော့ ဖုန်းရဲ့အရှေ့ဘက် မျက်နှာပြင် အထက်ပိုင်းနဲ့ အောက်ခြေပိုင်း နှစ်နေရာမှာ တပ်ဆင်ထားတာ ဖြစ်ပါတယ်။
ကွန်ရက်
GSM ကွန်ရက်စနစ်သုံး ဖုန်းအမျိုးအစားဖြစ်ပြီး 2G/ 3G ကွန်ရက် စနစ်တွေမှာ အသုံးပြု နိုင်ပါတယ်။ Nano Sim တစ်ကတ်သာ ထည့်သွင်း အသုံးပြုနိုင်မယ့် Single Sim ဖုန်းအမျိုးအစားပါ။
မြင်ကွင်း
Screen မြင်ကွင်းအကျယ် ၅.၂ လက်မရှိပြီး IPS LCD capacitive touchscreen အမျိုးအစားပါ။ Screen Resolution အနေနဲ့ 1080 x 1920 Pixel (~424 ppi pixel density) ရှိပါတယ်။
နည်းပညာ
နည်းပညာ ပိုင်းမှာတော့ ဒီဖုန်းဟာ ကင်မရာ ပိုင်းမှာပိုပြီး အသားပေးထားတာကို တွေ့ရပါတယ်။ ကင်မရာ စနစ်ပိုင်းမှာ စုံလင်တဲ့ ဓာတ်ပုံအသုံးပြု Effect တွေအပြင် ကင်မရာကို ကိုယ့်စိတ်ကြိုက် ပုံစံမျိုးချိန်ညှိ အသုံးပြုနိုင်မယ့် စနစ်တွေပါ ပါဝင်နေပါတယ်။ ကင်မရာမှာ အသုံးပြုရမယ့် စနစ်တွေကိုလည်း သီးခြားဖော်ပြ ပေးထားပြီး ထပ်မံလိုအပ်တဲ့ ကင်မရာ အသုံးပြု စနစ်တွေကိုလည်း အွန်လိုင်းကနေ ရယူအသုံးပြုနိုင်တဲ့ ပုံစံမျိုးပြုလုပ် ပေးထားတာ တွေ့ရပါတယ်။ ကင်မရာပိုင်းမှာ ဓာတ်ပုံတွေကို ဖုန်းကသတ်မှတ် ပေးတဲ့အတိုင်း အကောင်းဆုံး ရိုက်နိုင်မယ့် Superior Auto စနစ်၊ ကင်မရာကို ကိုယ့်စိတ်ကြိုက် အလင်းအမှောင်၊ Shutter Speed အစရှိတဲ့ ဓာတ်ပုံကင်မရာ တစ်လုံးမှာ ပါဝင်တဲ့ Manual စနစ်တွေအတိုင်း ချိန်ညှိအသုံးပြုနိုင်မယ့် Manual စနစ်၊ ကိုယ့်ရဲ့ဓာတ်ပုံမှာ Effect တွေကို စုံလင်စွာ ထည့်သွင်း ရိုက်ကူးနိုင်မယ့် AR effect အစရှိတဲ့ စနစ်တွေ ပါဝင်နေပါတယ်။ ကိုယ်ရိုက်လိုက်တဲ့ ဓာတ်ပုံတွေကို အွန်လိုင်းနဲ့ ချိတ်ဆက်ပြီး လူမှုကွန်ရက် စာမျက်နှာ တွေပေါ်ကို တိုက်ရိုက် Sharing ပြုလုပ်နိုင်မယ့် Social Live ဆိုတဲ့ စနစ်တွေကလည်း အသုံးပြုသူတွေ ထိတွေ့ရမယ့် နည်းပညာတွေပဲ ဖြစ်ပါတယ်။ ဒါ့အပြင် Animation Effect တွေကို ထည့်သွင်း ရိုက်ကူးနိုင်မယ့် AR fun စနစ်၊ ဗီဒီယို စနစ်မှာလည်း 4K Video စနစ်၊ Sound Photo စနစ်အပြင် အခြားကင်မရာ အသုံးပြုနည်းပညာတွေ စုံစုံလင်လင် ပါဝင်နေတာ တွေ့ရမှာပါ။ တစ်နေ့တာ လှုပ်ရှားမှုနဲ့ ကျန်းမာရေးအတွက် Lifelog ဆိုတဲ့ စနစ်ကလည်း အသုံးပြုသူတွေ ထိတွေ့ရမယ့် နည်းပညာတစ်ခုလို့ ဆိုရမှာပါ။
အသေးစိတ်ဖော်ပြချက်
Quad-core 2.5 GHz Krait 400 CPU နဲ့ Qualcomm MSM8974AC Snapdragon 801 Chipset တွေကို အသုံးပြုထားတာ ဖြစ်ပြီး ဂရပ်စနစ် အတွက်လည်း Adreno 330 GPU ကိုထည့်သွင်း ပေးထားတဲ့အပြင် Sony ရဲ့ ဂရပ်ဖစ် အင်ဂျင်စနစ် တစ်ခုဖြစ်တဲ့ X-Reality Engine စနစ်ကို အသုံးပြုထားတာ တွေ့ရပါတယ်။ ဖုန်းမှတ်ဉာဏ်ကတော့ Internal Memory 16GB ပါဝင်ပြီး RAM ကတော့ 3GB RAM ဖြစ်ပါတယ်။ မှတ်ဉာဏ်ထပ်တိုး အသုံးပြုဖို့ အတွက်လည်း Micro SD Card 128GB ထိထပ်မံ ထည့်သွင်း အသုံးပြု နိုင်ပါတယ်။ နောက်ဘက် ကင်မရာကတော့ 20.7 Mega Pixel ရှိတဲ့ ကင်မရာဖြစ်ပြီး ရှေ့ကင်မရာကတော့ 2.2 Mega Pixel ကင်မရာပါ။ Android OS Version 4.4.4 ကို အသုံးပြု ထားတာဖြစ်ပြီး Bluetooth v4.0, A2DP, apt-X နဲ့ microUSB v2.0 (MHL 3 TV-out), USB Host စနစ်တွေ ပါဝင်ပါတယ်။ ဖုန်းမှာထည့်သွင်း အသုံးပြုထားတဲ့ ဘက်ထရီဟာ Li-Ion 3100 mAh ဘက်ထရီ အမျိုးအစား ဖြစ်တဲ့အတွက် စမတ်ဖုန်းအတွက် လုံလောက်တဲ့ ဘက်ထရီ အမျိုးအစား တစ်ခုဖြစ်ပြီး Power Saving ပါဝင်တဲ့အတွက် အဆင်ပြေပါတယ်။
သုံးသပ်ချက်
ဖုန်းတစ်ခုလုံးကို ခြုံငုံသုံးသပ် ကြည့်မယ် ဆိုရင်တော့ ဖုန်းမှာပါဝင်ဖွဲ့စည်း တည်ဆောက်ထားတဲ့ CPU, GPU, Graphic Engine, Memory အစရှိတဲ့ စနစ်တွေဟာ မြင့်မား ကောင်းမွန်တယ်လို့ ဆိုနိုင်ပါတယ်။ ဒါ့အပြင် ဖုန်းကို ကိုယ်တွယ် အသုံးပြုချိန်မှာလည်း အရွယ်အစားနဲ့ အထိအတွေ့က လက်ထဲမှာ ကိုင်တွယ်အသုံးပြု ရတာအဆင်ပါတယ်။ ရေစိုခံဖုန်း အမျိုးအစား တစ်ခုဖြစ်တဲ့ အတွက်လည်း ဖုန်းကိုအသုံးပြု ချိန်မှာ ရေစိုခြင်းကို ဂရုစိုက်ရမှု တစ်ခုသက်သာ စေပါတယ်။ ကင်မရာပိုင်းမှာ အသုံးပြုနိုင်တဲ့ နည်းပညာ စနစ်တွေ အများအပြား ပါဝင်နေတဲ့အတွက် ဓာတ်ပုံဝါသနာရှင်တွေ အတွက်တော့ စိတ်ကျေနပ်စရာပါပဲ။

Internet Journal