5/29/2015

♪ HTC ရဲ့ အလတ်တန်းစား Dual SIM စမတ်ဖုန်းအသစ် Desire 626G+ ♫



ဈေးနှုန်းနဲ့ စပြီးပြောရမယ် ဆိုရင်တော့ HTC ရဲ့ အသစ်စက်စက် စမတ်ဖုန်း Desire 626G+ ဟာ ကျပ် ၂၂၀ ၀၀၀ ဝန်းကျင် (မေလ ၂၈ ရက်နေ့ ဈေးနှုန်းအရ) ကျသင့်မှာဖြစ်ပါတယ်။ ဒါပေမယ့် ဈေးနှုန်းနဲ့ လိုက်ဖက်တဲ့ စွမ်းဆောင်ရည်မျိုး ရရှိနိုင်ပါ့မလား။ လေ့လာကြည့်ရအောင်။ 

Desire 626G+ ဟာ 720p HD ပုံထွက်နှုန်းရှိတဲ့ ၅ လက်မအရွယ် မျက်နှာပြင် တပ်ဆင်ထားပြီး ပုံထွက်သိပ်သည်းဆ 294 ppi ရှိပါတယ်။ ဒါ့ကြောင့်မို့လို့ ဝေဝါးမှုမရှိတဲ့ ကြည့်ပျော်ရှုပျော်ရှိတဲ့ ပုံရိပ်များကို ဖော်ပြပေးနိုင်တဲ့ စမတ်ဖုန်း ဖြစ်ပါတယ်။

MediaTek MT6752 1.7 GHz Octa-core ပရော်ဆက်ဆာ၊ Mali-T760MP2 ဂရပ်ဖစ်ပရော်ဆက်ဆာနဲ့ 1GB RAM တို့ ထည့်သွင်းပေးထားတဲ့ Desire 626G+ ဟာ စွမ်းဆောင်ရည်ပိုင်းမှာ မဆိုးလှဘူးလို့ ပြောရမှာဖြစ်ပါတယ်။ နေ့စဉ်သုံး ဂရပ်ဖစ်အပိုင်းနဲ့ ပြိုင်တူလုပ်ဆောင်မှု (Multitasking) များအတွက် လုံလောက်တဲ့ စွမ်းဆောင်ရည်ပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ဖုန်းတွင်းသိုမှီးမှုပမာဏက 8GB ပဲရှိလို့ microSD ကဒ် ထည့်ကိုထည့်မှ ဖြစ်မယ့်အခြေအနေ ရှိနေပါတယ်။ microSD ကဒ်နဲ့ 32GB ပမာဏအထိ ထပ်ဆောင်ထည့်သွင်း နိုင်ပါတယ်။

2000 mAh ပမာဏရှိတဲ့ ဘက်ထရီ ထည့်သွင်းပေးထားလို့ 3G ကွန်ယက် ဖွင့်ထားပြီး အသင့်အနေအထား (Standby) မှာ ၄၅၈ နာရီ အထားခံမှာဖြစ်ပြီး 3G ကွန်ယက် ဖွင့်ထားပြီး အသုံးပြုမှုမှာတော့ ၁၂ နာရီကျော် တာရှည်ခံပါလိမ့်မယ်။

ဒီစမတ်ဖုန်းရဲ့ ပင်မကင်မရာကတော့ 13MP ဖြစ်ပြီး Autofocus ၊ f/2.2 Aperture ၊ LED Flash နဲ့ 1080p FullHD ဗီဒီယိုရိုက်ကူးမှုစနစ်တို့ ပါရှိပါတယ်။ ရှေ့ဖက် Selfie ကင်မရာကတော့ ပုံထွက်နှုန်း 5MP ရှိပြီး f/2.8 Aperture နဲ့ 1080p ဗီဒီယိုများ ရိုက်ကူးနိုင်တဲ့ ကင်မရာ ဖြစ်ပါတယ်။

ပင်မကင်မရာနဲ့ ရိုက်ကူးထားတဲ့ ဓာတ်ပုံများဟာ အရည်အသွေး ကောင်းမွန်ပြီး အလတ်တန်းစား စမတ်ဖုန်းတစ်လုံးမှာ ရှိသင့်ရှိထိုက်တဲ့ စံနှုန်းကို ကျော်လွန်တယ်လို့ ဆိုနိုင်ပြီး ရှေ့ဖက်ကင်မရာကတော့ Skype နှင့် Facebook Messenger ကဲ့သို့ ဗီဒီယိုနဲ့ ဆက်သွယ်မှု App များ သုံးစွဲရန် အလွန်အသုံးဝင် ပါလိမ့်မယ်။

Desire 626G+ ဟာ လက်ရှိအချိန်မှာ Android 4.4.4 KitKat အသုံးပြုထားပြီး HTC ရဲ့ မူပိုင်ဖြစ်တဲ့ Sense UI ကို အပေါ်မှ ထပ်ဆောင်ထည့်သွင်း ပေးထားပါတယ်။ ဆင်းမ်ကဒ် ၂ ကဒ် ထည့်သွင်းသုံးစွဲနိုင်ပြီး 3G ကွန်ယက်များနဲ့ ချိတ်ဆက်နိုင်ပါတယ်။ White Birch (အဖြူ) ၊ Purple Fire (ခရမ်း) နဲ့ Blue Lagoon (အပြာရင့်ရောင်) ၃ ရောင်နဲ့ ထုတ်လုပ်ထားပါတယ်။

ကနဦး တွေ့ရှိချက်များအရတော့ HTC Desire 626G+ ဟာ ကျပ် ၂၂၀ ၀၀၀ ဆိုတဲ့ ဈေးနှုန်းနဲ့ “တန်” တယ်လို့ ဆိုရမှာဖြစ်ပါတယ်။ 8GB သိုမှီးမှုပမာဏကလွဲလို့ ကျန် အချက်အလက်များဟာ အလတ်တန်းစား စမတ်ဖုန်းတစ်လုံးရဲ့ စွမ်းဆောင်ရည်စံနှုန်းထက် မသာလွန်ရင်တောင် မနိမ့်ကျပါဘူး။
ပုံစံဒီဇိုင်းပိုင်းမှာလည်း HTC ရဲ့ ထုံးစံအတိုင်း မူပိုင်ဟန်နဲ့ ထုတ်လုပ်ထားလို့ နှစ်လိုဖွယ်ရာ ရှိပါတယ်။ ဈေးကွက်ထဲမှာ အလားတူ စမတ်ဖုန်းတွေ များပြားနေလို့ ဝယ်ယူတဲ့အခါမှာ ဇဝေဇဝါ ဖြစ်နိုင်ပေမယ့် HTC ရဲ့ ကွာလတီကတော့ ငြင်းပယ်လို့ မရတာ သေချာပါတယ်။

Myanmar Consumer Guide

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 




www.pyaephyo.com