ဖုန်းငွေဖြည့်ကတ်
သုံးစွဲသူများအနေဖြင့် ဇွန်လ (၁) ရက်နေ့မှစတင်ကာ ကုန်သွယ် လုပ်ငန်းခွန်ဆောင် ရတော့မည်ဖြစ်ကြောင်း ဆက်သွယ်ရေးနှင့် သတင်းအချက်အလက်
နည်းပညာဝန်ကြီးဌာနမှ ထုတ်ပြန်လိုက်သည်။ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊
Telenor၊ Ooredoo မိုဘိုင်းဖုန်း သုံးစွဲသူများ အားလုံး အဆိုပါ အခွန်ကို
ပေးဆောင်ရ မည် ဖြစ်ကြောင်း သိရသည်။
“MEC က မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းအောက်မှာ ဖြစ်တဲ့ အတွက် MEC ဖုန်းသုံးစွဲသူတွေလည်း ပါဝင်မှာ ဖြစ်ပါတယ်” ဟုမြန်မာ့ စီးပွားရေးကော်ပိုရေးရှင်း (MEC) မှ တာဝန်ရှိသူက ပြောသည်။ ဇွန် (၁) ရက်နေ့မှ စတင်၍ ကုန်သွယ်လုပ်ငန်းခွန် ၅ ရာခိုင်နှုန်းကို ပြည်ထောင်စု အစိုးရ ကိုယ်စား ဖုန်းအော်ပရေတာများက သုံးစွဲသူများထံမှ ကောက်ခံပြီး အစိုးရသို့ ပေးသွင်းသွားမည်ဖြစ်ကြောင်း ကြေညာ ထားသည်။
အဆိုပါ ထုတ်ပြန်ကြေညာချက်ကို အော်ပရေတာတစ်ခု ဖြစ်သော Ooredoo Myanmar ဝက်ဘ်ဆိုက် စာမျက်နှာတွင်လည်း ထုတ်ပြန်ထားသည်။ ဇွန်လ (၁) ရက်နေ့မှ စတင်၍ ဖုန်းငွေဖြည့်ကတ် အသုံးပြုသူများ အနေဖြင့် တစ်ထောင်တန်ငွေဖြည့် ကတ်အသုံးပြုပါက သုံးစွဲခွင့်တန်ဖိုး ၉၅၂ ကျပ်ရရှိကာ ကုန်သွယ်လုပ်ငန်းခွန် တန်ဖိုး ၄၈ ကျပ် ပေး ဆောင်ရမည် ဖြစ်ကြောင်း၊ သုံးထောင်တန် ငွေဖြည့်ကတ် အသုံးပြုပါက သုံးစွဲခွင့်တန်ဖိုး ၂၈၅၇ ကျပ် ရရှိကာ ကုန်သွယ်လုပ်ငန်းခွန် ၁၄၃ ကျပ်ပေးဆောင်ရ မည် ဖြစ်ကြောင်း သိရသည်။
ငါးထောင်တန်ငွေဖြည့် ကတ်အသုံးပြုပါက ၄၇၆၂ ကျပ်သုံးစွဲခွင့်တန်ဖိုး ၄၇၆၂ ရရှိပြီး ကုန်သွယ်လုပ်ငန်းခွန် ၂၃၈ ကျပ်၊ တစ်သောင်း တန် ငွေဖြည့်ကတ် အသုံးပြုပါက သုံးစွဲခွင့်တန်ဖိုး ၉၅၂၄ ကျပ်၊ ကုန်သွယ်လုပ်ငန်းခွန် ၄၇၆ ကျပ် ပေးဆောင်ရမည် ဖြစ်ကြောင်း သိရသည်။

Internet Journal