3/10/2015

♪ ၂၀၁၅ တွင် စမတ်ဖုန်း သန်း ၁၀၀ ရောင်းချရန် Xiaomi စီစဉ်နေ ♫


Xiaomi သည် ယခုနှစ်တွင် အမေရိကန်၌ စမတ်ဖုန်းများ ရောင်းချရန် စီစဉ်ဖွယ်မရှိသော်လည်း စမတ်ဖုန်း သန်း ၁၀၀ ရောင်းချနိုင်ရန် ရည်မှန်းထားကြောင်း သိရသည်။

ကုမ္ပဏီအနေဖြင့် စမတ်ဖုန်း သန်း ၈၀ မှ သန်း ၁၀၀ အတွင်း ရောင်းချနိုင်ရန် စီစဉ်နေကြောင်းနှင့် ယခုနှစ် စုစုပေါင်းဝင်ငွေ ယွမ် ၁၀၀ ဘီလီယံမှ ၂၀၀ ဘီလီယံ (အမေရိကန်ဒေါ်လာ ၁၆ ဘီလီယံမှ ၃၂ ဘီလီယံ) ရရှိရန် မျှော်မှန်းထားကြောင်း Xiaomi အမှုဆောင်အရာရှိချုပ် လီဂျွန်က တရုတ်နိုင်ငံ၏ ပြည်သူ့ လွှတ်တော်နှင့် သက်ဆိုင်သော သတင်းစာရှင်းလင်းပွဲတွင် သတင်းထောက်များထံ ပြောကြားခဲ့သည်။

Xiaomi အနေဖြင့် ယခုနှစ်ကုန်တွင် မျှော်မှန်းထားသည့်အတိုင်း စမတ်ဖုန်းများ ရောင်းချခဲ့ရပါက ၂၀၁၄ ခုနှစ် ရောင်းအားထက် နှစ်ဆနီးပါး ရှိလာမည် ဖြစ်သည်။ ပြီးခဲ့သည့်နှစ်က Xiaomi သည် စမတ်ဖုန်း ၆၁ သန်း ရောင်းချခဲ့ရပြီး ဝင်ငွေ ယွမ် ၇၄.၃ ဘီလီယံ (အမေရိကန်ဒေါ်လာ ၁၂ ဘီလီယံ) နီးပါး ရရှိခဲ့သည်။

ထို့အပြင် ကုမ္ပဏီအနေဖြင့် ယခုနှစ်အတွင်း smart hardware ထုတ်ကုန်များအပေါ်တွင် ဆက်လက် အာရုံစိုက်သွားမည် ဖြစ်ကြောင်း လီဂျွန်က ပြောကြားခဲ့ပြီး လျှပ်စစ်ကား ထုတ်လုပ်ရန် စီစဉ်နေသည် ဟူသော သတင်းများကို ငြင်းဆိုသွားခဲ့သည်။

Ref: TechInAsia

Internet Journal

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 




www.pyaephyo.com