မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းသည်
၂၀၁၅ ခုနှစ်အတွင်း ၎င်းတို့၏ တာဝါတိုင်များအားလုံးကို 3G ကွန်ရက် အဆင့်သို့
မြှင့်တင်သွားနိုင်မည်ဟု ခန့်မှန်းထားကြောင်း သတင်းထုတ်ပြန်ခဲ့သည်။
လက်ရှိအချိန်၌ KDDI ၊ Sumitomo တို့နှင့်အတူ ဆက်သွယ်ရေး အော်ပရေတာလုပ်ငန်းများကို လုပ်ကိုင်ဆောင်ရွက်နေသည့် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းသည် ၂၀၁၅ ခုနှစ် နှစ်လယ်၌ ၎င်းတို့ တည်ဆောက်ထားသော တာဝါတိုင်အားလုံးကို 3G ကွန်ရက်အဆင့်သို့ မြှင့်တင်သွားမည်ဖြစ်ကြောင်း သိရသည်။
ကွန်ရက်လွှမ်းခြုံမှု ဧရိယာအဖြစ် ၂၀၁၆ နှစ်ကုန်ပိုင်း၌ မြန်မာနိုင်ငံ၏ ဧရိယာ ၇၀ ရာခိုင်နှုန်းကို လွှမ်းခြုံပေးနိုင်မည်ဟု ခန့်မှန်းထားပြီး ၂၀၁၄ ခုနှစ် နှစ်ကုန်ပိုင်းအထိ တာဝါတိုင်ပေါင်း ၂ ထောင်ကျော်ကို စိုက်ထူနိုင်ခဲ့သည်ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက သတင်းထုတ်ပြန်ထားသည်။
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းသည် ဆွေသဟာ ဝန်ဆောင်မှုနှင့် သာမန်ဝန်ဆောင်မှုဟူ၍ ဝန်ဆောင်မှု အမျိုးအစားနှစ်မျိုးကို လုပ်ကိုင်ဆောင်ရွက်နေသည့် အော်ပရေတာဖြစ်ပြီး ၎င်းတို့၌ အသုံးပြုသူ လူဦးရေ ၁၁ သန်းကျော်ကို ပိုင်ဆိုင်ထားကြောင်း၊ အဆိုပါ လူဦးရေအနက် လူဦးရေ ၅ သန်းသည် ဆွေသဟာ ဝန်ဆောင်မှုကို အသုံးပြုနေကြကြောင်း သိရသည်။
မြန်မာဆက်သွယ်ရေးလုပ်ငန်း၏ သတင်းထုတ်ပြန်ချက်အရ ဆွေသဟာ ဝန်ဆောင်မှုသည် မိတ်ဆက် ပြီး နှစ်ရက်အတွင်း အသုံးပြုသူ ၁ သန်းရှိခဲ့ကာ ၂ လအကြာ ကာလအတွင်း အသုံးပြုသူ ၅ သန်းအထိ တိုးတက်လာခြင်းဖြစ်ကြောင်း သိရသည်။
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ ဆွေသဟာ ဝန်ဆောင်မှုဈေးနှုန်းနှင့် ပတ်သက်၍ အသုံးပြုသူများအနေဖြင့် မကြိုက်နှစ်သက်သူများလည်း အများအပြားရှိနေသည်ဟု သိရသည်။

Internet Journal