အရောင်းမြှင့်တင်ရေး
အစီအစဉ်အဖြစ် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ မိတ်ဆက်ပေးခဲ့သည့် ဆွေသဟာ
ဝန်ဆောင်မှုကို ကန့်သတ်ရက် ပြည့်ပြီးနောက်ပိုင်း ဆက်လက်အသုံးပြုနိုင်ရန်
ဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်း အဆိုပါ လုပ်ငန်းဌာနက သတင်းထုတ်ပြန်ခဲ့သည်။
ဆွေသဟာ ဝန်ဆောင်မှုကို မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက ဇန်န၀ါရီလ ၁၂ ရက်မှ မတ်လ ၃၁ ရက်အထိ ဝန်ဆောင်မှု ပေးအပ်ခဲ့ခြင်းဖြစ်သော်လည်း အသုံးပြုသူ လိုအပ်ချက်အရ ဝန်ဆောင်မှုကို ကန့်သတ်ရက် တစ်စုံတစ်ရာ ထပ်မံ မထုတ်ပြန်ခင်အထိ ဆက်လက်အသုံးပြုခွင့် ရရှိသွားမည်ဟု သိရသည်။
ပုံမှန်အားဖြင့် မိုဘိုင်းဖုန်းပြောဆိုခကို တစ်မိနစ် ၅၀ ကျပ် သတ်မှတ်ထားသော မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းသည် ဆွေသဟာဝန်ဆောင်မှု၌ ပြောဆိုခကို တစ်မိနစ် ၃၅ ကျပ်သာ ကောက်ခံပြီး အင်တာနက် အသုံးပြုခကိုမူ တစ်မိနစ်လျှင် ၂ ကျပ်နှုန်း ကောက်ခံနေရာ မှ Data စနစ်ဖြင့် 1 MB လျှင် ၇ ကျပ် ပြား ၅၀ အဖြစ်သို့ ပြောင်းလဲကောက်ခံထားခြင်း ဖြစ်သည်။
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ အဆိုပါဝန်ဆောင်မှုကို ကြိုက်နှစ်သက်သူများနှင့် မကြိုက်နှစ်သက်သူများ အပြန်အလှန် တည်ရှိနေကြသော်လည်း လက်ရှိအချိန်၌ ၎င်းတို့၏ အသုံးပြုသူ အရေအတွက် သည် နှစ်လကြာ ကာလအတွင်း အရေအတွက် ၅ သန်းအထိ ရောက်ရှိလာခဲ့ကြောင်း သိရသည်။
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ သတင်းထုတ်ပြန်ချက်အရ တစ်မိနစ်လျှင် ၂၅ ကျပ်ဖြင့် မိုဘိုင်းဖုန်း သုံးလုံးကို အသံခေါ်ဆိုမှု ပြုလုပ်နိုင်မည့် ဆွေသဟာ ဝန်ဆောင်မှုအတွက် အသုံးပြုသူများသည် မိုဘိုင်း ဖုန်းနံပါတ်များကို စာရင်းထပ်မံ ပေးသွင်းရန်လိုအပ်ကြောင်း အဆိုပါ နံပါတ်ဖြည့်သွင်းခြင်းကို တစ်လျှင် တစ်ကြိမ် စာရင်းဖြည့်သွင်းနိုင်ကြောင်း သိရသည်။
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ GSM နှင့် WCDMA မိုဘိုင်းဖုန်းလိုင်း အသုံးပြုသူများသည် ဆွေသဟာ ဝန်ဆောင်မှုကို အသုံးပြုလိုပါက 1332 သို့ SWE ဟု ရေးသားပေးပို့ရန် လိုအပ်ကြောင်း၊ ဆွေသဟာ ဝန်ဆောင်မှု၌ အင်တာနက်စနစ် အသုံးပြုနိုင်စေရန် 400 MB (၂,၈၀၀ကျပ်) ၊ 1 GB (၆,၅၀၀ကျပ်) ၊ 5 GB (၂၅,၀၀၀ကျပ်) စသည့် Package များကိုလည်း ရောင်းချပေးနေကြောင်း သိရသည်။