3/26/2015

♪ Telenor က ဟန်းဆက် အသစ်နှစ်မျိုးကို ဈေးကွက်သို့ တင်သွင်း ရောင်းချသွားမည် ♫


ဆက်သွယ်ရေး အော်ပရေတာတစ်ခုဖြစ်သည့် Telenor သည် Lava အမျိုးအစား ဟန်းဆက်တစ်မျိုးနှင့် Alcatel အမျိုးအစား ဟန်းဆက်တစ်မျိုးကို ဈေးကွက်အတွင်း မတ်လ ၂၆ ရက်မှ စတင်ကာ ရောင်းချပေး သွားမည်ဟု ကြေညာခဲ့သည်။

၎င်းတို့သည် ၂၀၁၄ ခုနှစ် စက်တင်ဘာလအတွင်း Maximus အမည်ဖြင့် တရုတ်နိုင်ငံထုတ် ဟန်းဆက်နှစ် မျိုးကို ဈေးကွက်အတွင်းသို့ တင်သွင်းရောင်းချခဲ့ကြောင်း၊ အသုံးပြုသူ လိုအပ်ချက်အရ ယခင်ထက် ဈေးနှုန်း အနည်းငယ် ပိုမိုမြင့်မားသည့် ဟန်းဆက်နှစ်မျိုးကို ယခု ထပ်မံရောင်းချပေးခြင်းဖြစ်ကြောင်း သိရသည်။

Telenor သည် ဈေးကွက်အတွင်း ၁၉,၉၀၀ ကျပ်တန် Maximus အမည်ရှိ 2G ကွန်ရက်အသုံးပြု Keypad ဟန်းဆက်များကို အလုံးရေ ၂ သိန်း ၈ သောင်းအထိ ရောင်းချနိုင်ခဲ့ပြီး 3G ကွန်ရက်အသုံးပြုသည့် ၄၉,၉၀၀ ကျပ်တန် Touch Screen ဟန်းဆက်များကို အလုံးရေ ၂ သောင်းခွဲအထိ ရောင်းချနိုင်ခဲ့ကြောင်း သတင်း ထုတ်ပြန်ခဲ့သည်။

“မြန်မာက တရုတ်၊ ထိုင်း၊ အိန္ဒိယနဲ့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့နိုင်ငံပါ။ ဟန်းဆက်တွေကအများကြီး ဝင်လာလို့ရပါတယ်။ Telenor အနေနဲ့က ဟန်းဆက် အရောင်းဈေးကွက်ကိုတော့ ပြိုင်ဆိုင်ဖို့ အစီအစဉ် မရှိပါဘူး။ Telenor ရဲ့ ဟန်းဆက်အရောင်းဈေးကွက်က မပြောပလောက်ပါဘူး” ဟု Telenor ၏ CEO ဖြစ်သူ Mr. Petter Furberg က ပြောသည်။

Telenor မှ အသစ်ထပ်မံရောင်းချမည့် ဟန်းဆက်နှစ်မျိုးကို တရုတ်နိုင်ငံရှိ စက်ရုံများမှ တင်သွင်းလာ မည် ဖြစ်သော်လည်း Brand တစ်ခုဖြစ်သည့် Alcatel သည် ပြင်သစ်အခြေစိုက် ဟန်းဆက်ကုမ္ပဏီ တစ်ခုဖြစ်ပြီး Lava သည် အာရှနိုင်ငံများအတွင်း ဈေးကွက်ဝင်ရောက် ထိုးဖောက်နေသည့် Brand တစ်ခုဖြစ်ကြောင်း သိရသည်။

မတ်လ ၂၆ ရက်မှ စတင်ရောင်းချမည့် Lava အမှတ်တံဆိပ်ပါ Telenor ဟန်းဆက်များသည် Keypad ဟန်းဆက်များ ဖြစ်သော်လည်း 3G ကွန်ရက်ကို ထောက်ပံ့ပေးနိုင်မည်ဖြစ်ပြီး ဈေးနှုန်း အနေဖြင့် ၂၈,၉၀၀ ကျပ် သတ်မှတ်ထားကြောင်း အလားတူ Touch Screen ဖြင့် Alcatel အမှတ်တံဆိပ်ပါ Telenor ဟန်းဆက်များကို ဈေးနှုန်းအနေဖြင့် ၅၉,၉၀၀ ကျပ် သတ်မှတ်ထားကြောင်း သိရသည်။

အဆိုပါ ဟန်းဆက်နှစ်မျိုးကို တိုင်းဒေသကြီးနှင့် ပြည်နယ် ၉ ခုရှိ Telenor အရောင်းဆိုင် ၅၀ ကျော်၌ ဝယ်ယူရရှိနိုင်မည်ဖြစ်ပြီး ဟန်းဆက်အတွက် အာမခံ ၁၈ လနှင့်အတူ ဟန်းဆက်ဝယ်ယူ အသုံးပြုသည့်အတွက် လစဉ်အပိုဆောင်း ဝန်ဆောင်မှုများအဖြစ် အခမဲ့ အသံခေါ်ဆိုခြင်းများ၊ အခမဲ့ စာတိုပေးပို့ခြင်းနှင့် အခမဲ့ အင်တာ နက် အသုံးခွင့်များကို ပေးအပ်သွားမည်ဟု သိရသည်။

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 




www.pyaephyo.com