3/19/2015

♪ MWC-2015 မှာ ထင်ပေါ်သွားစေတဲ့ Acer စမတ်ဖုန်းများ ♫


စပိန်နိုင်ငံ ဘာစီလိုနာမှာ မကြာသေးခင်က ကမ္ဘာ့မိုဘိုင်း ညီလာခံကြီးလို့ ခေါ်ဆိုကြတဲ့ MWC-2015 ကို အောင်မြင်စွာ ကျင်းပသွားနိုင်ခဲ့တယ်။ ထုံးစံအတိုင်း မိုဘိုင်း ကွန်ပျူတာ စနစ်သုံး ပစ္စည်းသစ်များကို ထုတ်လုပ်ရေး ကုမ္ပဏီတွေက မိတ်ဆက်ပြသ ကြတယ်။  လူသိများ ကျော်ကြားတဲ့အမှတ်တံဆိပ်ပါ မိုဘိုင်း ကိရိယာတွေကို မြင်တွေ့ကြရသလို လူသိနည်းပါးလှတဲ့ အမှတ်တံဆိပ်ပါ မိုဘိုင်းကိရိယာများကို လည်း တွေ့ကြရတယ်။ အမေရိကန် နိုင်ငံထုတ် မိုဘိုင်း ကိရိယာများနဲ့ တောင်ကိုရီးယား နိုင်ငံကုမ္ပဏီတွေ ထုတ်လုပ်တဲ့ မိုဘိုင်းကိရိယာများက စမတ်ဖုန်းဈေးကွက်ကို  စိုးမိုးနေခဲ့တယ်လို့ ပြောခဲ့ကြရပေမယ့်  ဒီနှစ်မှာတော့  တရုတ်နိုင်ငံက ကုမ္ပဏီတွေ ထုတ်လုပ်တဲ့ မိုဘိုင်းကိရိယာများကိုလည်း ဈေးကွက်အလယ်မှာ ကြီးထွားလာတာကို တွေ့လာရတယ်။ တစ်ချိန်တည်းမှာ တရုတ် (တိုင်ပေ) က ကုမ္ပဏီများရဲ့ မိုဘိုင်း ကိရိယာတွေကိုလည်း လူကြိုက်များခဲ့ကြတယ်။



တရုတ် (တိုင်ပေ) အခြေစိုက် Acer ကုမ္ပဏီအနေနဲ့ "အဆုံးစွန်သော နည်းပညာ ဖန်တီးကြံဆမှုတွေ ခံစားခွင့်ရရှိ စေရမယ်" လို့ ကြွေးကြော် ထားချက်နဲ့အညီ စမတ်ဖုန်း ထုတ်လုပ်မှုတွေကို မြှင့်တင်ဆောင်ရွက်လာခဲ့ရာ MWC- 2015 မှာ မျက်နှာပန်းလှပြီး ထင်ပေါ်သွားတဲ့ အောင်မြင်မှု ရသွားစေတဲ့ စမတ်ဖုန်းသစ်တွေကို မိတ်ဆက်ပြသ နိုင်ခဲ့တယ်။ MWC-2015 ပြပွဲကြီးကို တက်ရောက် လေ့လာခဲ့ကြသူတွေရဲ့ အဆိုအရ ဈေးနှုန်းသင့်တင့် ချိုသာတဲ့ စမတ်ဖုန်းဈေးကို Acer အမှတ်တံဆိပ်က ခြေကုပ်ယူ နိုင်လိမ့်မယ်လို့ ပြောကြားခဲ့ကြတယ်။
၂၀၁၄ ခုနှစ်အထိ Acer စမတ်ဖုန်းက ဈေးကွက်ဝင် အဆင့် ၁၅ သာရှိပေမယ့် ၂၀၁၅ ခုနှစ်မှာ အဆင့် ၅ နေရာကို ရောက်စေရမယ်လို့ ဈေးကွက်ပိုင်းဆိုင်ရာ ဥက္ကဋ္ဌ Towny Huang ရဲ့ပြောကြားခဲ့တဲ့ သတင်းစာ ရှင်လင်းပွဲ တစ်ခုကို မြင်ယောင်လိုက်မိပါတယ်။ Acer စမတ်ဖုန်းသစ်များကို မိတ်ဆက်ပြသခဲ့တဲ့ MWC 2015 ပွဲမှာ Android လည်ပတ်စနစ်နဲ့ တည်ဆောက်ထားတဲ့ liquid Z 220 တို့၊ Z520 တို့ပါဝင်သလို Liquid Z410 တို့၊ အဆင့်မြင့် Liquid Jade S တို့ပါဝင်တဲ့အပြင် Windows လည်ပတ်စနစ်သုံး Liquid M 220 တို့လည်း မြင်တွေ့ခွင့် ရခဲ့ကြတယ်။

ကမ္ဘာနဲ့အဝှမ်း စမတ်ဖုန်း သုံးစွဲသူအရေအတွက် တစ်နှစ်ထက်တစ်နှစ် များပြားလာရာမှာ အနည်းစုက ဈေးနှုန်းကြီးမားပြီး အဆင့်မြင့်တယ်လို့ ယူဆတဲ့ စမတ်ဖုန်းတွေကို အသုံးပြုကြပြီး လူအများစုကတော့ ဈေးနှုန်းသင့်တင့်တဲ့ စမတ်ဖုန်းနဲ့ ဈေးနှုန်းချိုသာတဲ့ စမတ်ဖုန်းတွေကို ဝယ်ယူအသုံးပြု ကြတယ်။ ဒီအတွက် အဆင့်မြင့် စမတ်ဖုန်းလို့ ကြွေးကြော်ရင်း ဈေးနှုန်းကြီးမြင့်တဲ့ ဖုန်းဈေးကွက် အလယ်မှာ ဈေးနှုန်းသင့်တင့်ပြီး အင်္ဂါရပ်ပြည့်စုံမှုရှိတဲ့ စမတ်ဖုန်းတွေက ထင်ထင်ပေါ်ပေါ် ဖြစ်သွားစေမယ်။ ဒီလိုအခြေ အနေမျိုးမှာ Acer ရဲ့စမတ်ဖုန်း အသစ်တွေက မျက်နှာပန်းလှလှ နေရာရသွားခဲ့တာလို့ ဆိုရမှာဖြစ်တယ်။


Acer Liquid Z520 စမတ်ဖုန်းမှာ Android 4.4 (KitKat) နဲ့ လည်ပတ်ဆောင်ရွက်စေပြီး Phablet အဆင့်လို့ ပြောနိုင်မယ့် ၅ လက်မအရွယ် display လေးတပ်ဆင်ထားတယ်။ Snapdragon 400 (1.3GHz) ပရိုဆက်ဆာနဲ့ 1GB RAM တို့ပါဝင်စေပြီး onboard storage ပမာဏ 32 GB အထိ ပေးတဲ့အပြင် micro SD card ထည့်သွင်း အသုံးပြုခွင့်လည်း ပေးထားပြန်ပါတယ်။ Acer အနေနဲ့ all-round high entertainment လို့ ဆိုညွှန်းထားတယ်။ LED flash ပါပြီး auto focus နဲ့ရိုက်ကူးနိုင်တဲ့ 8 MP ကင်မရာနဲ့ 2 MP အရည်အသွေးရှိတဲ့ ရှေ့မျက်နှာစာ ကင်မရာတို့ ပါဝင်တယ်။ သတ်မှတ်ရောင်းချမယ့် ဈေးနှုန်းက ၁၂၀ ဒေါ်လာသာ ဖြစ်တယ်။

Acer Liquid Z 220 စမတ်ဖုန်းရဲ့ display က ၄ လက်မ အရွယ်သာရှိတယ်။ Dual-core snapdragon 200 (1.2 GHz) ပရိုဆက်ဆာနဲ့ 1GB-RAM တို့အပြင် 8GB onboard storage တို့ ပါဝင်တယ်။  Flash ပါတဲ့ 5 MP ကင်မရာနဲ့ selfie အသုံးပြုစရာ 2 MP ကင်မရာကို တပ်ဆင်ထားတယ်။ Android 5.0 Lollipop လည်ပတ်စနစ်နဲ့ အသုံးပြုစေတယ်။ သတ်မှတ်ရောင်းချတဲ့ ဈေးကတော့ ဒေါ်လာ ၁၀၀ သာရှိပါတယ်။ နောက်ဆုံးထုတ် Android Version အသုံးပြုခွင့်ရပြီး ဈေးနှုန်းချိုသာတဲ့အတွက် စိတ်ဝင်စား သူ အများအပြား ရှိသွားရတယ်။

ဧပြီလဆန်းမှာ စတင်ဖြန့်ချိ ရောင်းချတော့မယ်လို့ ကြေညာခဲ့တဲ့ Acer Liquid M220 ကလည်း ဒေါ်လာ ၈၀ နဲ့သာ ရောင်းချမှာဖြစ်ပြီး Windows Phone 8.1 နဲ့ လည်ပတ်ဆောင်ရွက်ပေးမှာ ဖြစ်တဲ့အတွက် လူတိုင်းစိတ်ဝင် စားကြရတယ်။ မကြာမီ ထုတ်ပေးတော့မယ့် Windows Phone 10 ကို အလွယ်တကူ အခမဲ့အဆင့်မြှင့် အသုံးပြုခွင ပေးမယ်လို့လည်း ဆိုညွှန်းထားတယ်။

Liquid M 220 ကို ၄ လက်မအရွယ် Screen လေးနဲ့ မြင်တွေ့ရမှာဖြစ်ပြီး dual SIM စနစ်နဲ့အသုံးပြုခွင့် ရပါလိမ့်မယ်။ LED Flash ပါတဲ့ 5 MP ကင်မရာနဲ့ 2 MP အရည်အသွေးရှိတဲ့ ရှေ့မျက်နှာစာ ကင်မရာတို့ပါရှိမယ်။ 4GB on board storage ပါတဲ့အပြင် micro SD Card တို့ကို အသုံးပြုခွင့် ရနိုင်ပါတယ်။ Windows စနစ်သုံး စမတ်ဖုန်းအလယ်မှာ Liquid M 220 က အသုံးပြုသူများအပေါ် စွဲဆောင်နိုင်ဆုံး ဖြစ်သွားစေတယ်။

Acer Liquid Z 520 တို့၊ Z 220 တို့နဲ့ Liquid M 220 သုံးမျိုးစလုံးက Acer Liquid Leap လို့အမည် ပေးထားတဲ့ smartband နဲ့ တွဲဖက် အသုံးပြုခွင့် ရကြမှာဖြစ်တယ်။ Smartband လေးက ၁ လက်မ အရွယ်ရှိတဲ့ OLED touch display လေးနဲ့ တည်ဆောက်ထားတာ ဖြစ်တယ်။ တစ်ကြိမ်အားသွင်းထားရင် ရက်သတ္တပတ်ကြာ အသုံးပြုလို့ရတယ်။

ရေစိုခံ၊ ရေစိမ်ခံ အမျိုးအစားဖြစ်တယ်။ အီးမေးတို့၊ Calendar တို့၊ SMS notifications တို့အပြင် music controls ကို အသုံးပြုခွင့် ရနိုင်တယ်။ စမတ်ဖုန်းများကို bluetooth 4.0 စနစ်နဲ့ ဆက်သွယ်ခွင့်ရတယ်။ Smartband ကို ရောင်စုံလက်ပတ်ကြိုးနဲ့ ရောင်းချမှာဖြစ်တယ်။ Liquid M220 နဲ့ Smartband တို့ကို ပထမဆုံး EMEA (Europe, Middle East and Africa) ဒေသတွေမှာ ဈေးကွက်ဖြန့်ချိ ပါလိမ့်မယ်။

၂၀၁၄ မှာ အဆင့်မြင့် စမတ်ဖုန်းအပြင် Acer ကုမ္ပဏီက သတ်မှတ်ထားခဲ့တဲ့ Liquid Z 410 နဲ့ Liquid Jade S တို့ကို ၂၀၁၅ ခုနှစ်အတွက် သင့်တင့်တဲ့ ဈေးနှုန်းများနဲ့ ရောင်းချဖို့ စီစဉ်ထားပေးခဲ့ ပြန်ပါသေးတယ်။ Jade S ကို ဒေါ်လာ ၃၀၀ နဲ့ရောင်းချစေပြီး Z410 ကို ၁၄၀ ဒေါ်လာနဲ့ ရောင်းချစေခဲ့တာ ဖြစ်တယ်။ 64 bit မော်ဒယ်တွေကို ဈေးနှုန်း ပြင်ဆင်ကာ ရောင်းချနေချိန်မှာ Liquid Version အသစ်တွေနဲ့ MWC 2015 မှာ မိတ်ဆက်ပေးခဲ့တာကြောင့် ဈေးကွက် ကျွမ်းကျင်သူတွေက Acer ထုတ်စမတ်ဖုန်း တွေက ၂၀၁၅ ခု နှစ်အတွင်း ဈေးနှုန်းသင့်တင့် ချိုသာတဲ့ ဈေးကွက်အဆင့်မှာ နေရာယူနိုင် သွားလိမ့်မယ်လို့ တွက်ဆပြောဆိုကြတယ်။ ပီစီဈေးကွက်မှာ ထိပ်တန်းစာရင်းဝင် ဖြစ်နေတဲ့ Acer အနေနဲ့ မိုဘိုင်းလောကမှာလည်း Acer အမှတ်တံဆိပ်တွေကို နေရာအနှံ့ ဖြန့်ဝေမယ့် အခြေအနေရှိကြောင်း တင်ပြပေးလိုက် ရပါတယ်။

Internet Journal

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 




www.pyaephyo.com