Apple က iPhone 7 နဲ့ iPhone 7 Plus တို့မှာ Headphone Jack ကို
ဖယ်ရှားလိုက်ပါတယ်။ Apple က အနာဂတ်ဟာ Wireless လို့ ဟောကိန်းထုတ်ပြီး
Bluetooth Earbuds ဖြစ်တဲ့ AirPods ကို ကြေညာခဲ့ပါတယ်။ အခုဆိုရင် AirPods
ကို ရောင်းချပေးလိုက်ပြီ ဖြစ်တဲ့အတွက် စာဖတ်သူများအတွက်
ဝေဖန် သုံးသပ်ပေးလိုက်ပါတယ်။
ဒီဇိုင်းနဲ့ သက်တောင့်သက်သာရှိမှု

AirPods ရဲ့ ဒီဇိုင်းဟာ ဆန်းသစ် လှပပါတယ်။ နားကြပ်မှာ လက်တံလေးတစ်ခုက အောက်ကို တွဲကျနေတာက အမြင်ထူးခြားပါတယ်။ ပလတ်စတစ်ဖြင့် နားကြပ်တစ်ခုလုံးကို တည်ဆောက်ထားပါတယ်။ လူများစွာ စမ်းသပ်တပ်ဆင်ကြည့်တော့လည်း အားလုံးနဲ့ အဆင်ပြေပြီး သက်တောင့်သက်သာရှိပါတယ်။ ခေါင်းလှုပ်ရမ်းတော့လည်း အောက်ကို ပြုတ်ကျခြင်း မရှိပါဘူး။ ဒါပေမယ့် စိတ်မချရဘူးလို့ ခံစားရပါတယ်။
အသံအရည်အသွေး

နားကြပ်ကို စမ်းသပ်နားဆင်ကြည့်တဲ့ အခါမှာ Orchestra သီချင်းများ အပါအ၀င် သီချင်း အမျိုးအစားအားလုံးမှာ အသံအရည်အသွေး အလွန်ကောင်းမွန်တာကို တွေ့ရပါတယ်။ သံစုံတေးသီချင်းများမှာ အသံအလွှာများကို တစ်ခုချင်းစီ ကြားနေရပါတယ်။ AirPods ဟာ iPhone 7 နဲ့ တွဲဖက် ရောင်းချခဲ့တဲ့ EarPods ထက် အသံအရည်အသွေးအပိုင်းမှာ များစွာ သာလွန်နေပါတယ်။
ဆက်သွယ်မှု

AirPods ကို ဖုန်းအနားကပ်လိုက်ပြီး ဖုန်းစကရင်မှာ ရွေးချယ်လိုက်တာနဲ့ Pair လုပ်ပြီးပါပြီ။ ပထမတစ်ကြိမ် Pair လုပ်ပြီးတာနဲ့ နောက်ပိုင်းမှာ နားကြပ်ကို နားမှာ တပ်လိုက်တာနဲ့ အလိုလို Pair လုပ်ပေးမှာ ဖြစ်ပါတယ်။ နားကြပ်ကို နားကနေချွတ်လိုက်ရင် အလိုလို Unpair လုပ်မှာပါ။ အလွန်ကောင်းမွန်တဲ့ ဆက်သွယ်မှု ဖြစ်ပါတယ်။
Siri
AirPods မှာ Remote မပါဘဲ ဒစ်ဂျစ်တယ်ကိုယ်ရေးလက်ထောက် Siri ကိုသာ အသံဖြင့် ခိုင်းစေရမှာပါ။ နားကြပ်ကို ၂ ချက်မြန်မြန်နှိပ်ရင် Siri ကို ဆင့်ခေါ်နိုင်ပါတယ်။ အဲဒီနောက်မှာ အသံ အတိုး၊ အကျယ်၊ သီးချင်းကျော်တာတို့ အပါအ၀င် အခြားအလုပ်များကို ပါးစပ်ကနေ ခိုင်းစေနိုင်ပါတယ်။ နားကြပ်ကို နားက ထုတ်လိုက်ရင် Pause လုပ်ပေးမှာပါ။ ဒါပေမယ့် ဆူညံနေတဲ့ နေရာမှာ အသံအမိန့်ပေးစနစ်က မကောင်းတဲ့အတွက် ထိန်းချုပ်ခလုတ် ဒါမှမဟုတ် Gesture များကို ထည့်ပေးသင့်ပါတယ်။
ဘက်ထရီ သက်တမ်း
နားကြပ်အောက်ခြေမှ လက်တံဟာ ကြည့်ရဆိုးပေမယ့် အဲဒီနေရာမှာ ဘက်ထရီ တပ်ဆင်ထားပါတယ်။ လက်တံဟာ အနည်းငယ်ကြီးမားတဲ့အတွက် ဘက်ထရီ သက်တမ်း အလွန်ကောင်းပါတယ်။ တစ်ခါအားသွင်းထားရင် ၅ နာရီကြာ အသုံးခံပါတယ်။ Charging Case နဲ့ အားသွင်းရတာလည်း အလွန်လျှင်မြန်ပါတယ်။
အားသာချက်
AirPods ရဲ့ အသံအရည်အသွေးက အလွန်ကောင်းမွန်ပါတယ်။ ဘက်ထရီ သက်တမ်းကလည်း အလွန် အသုံးခံတာကို တွေ့ရပါတယ်။ ဖုန်းနဲ့ နားကြပ်ကို တစ်ခါပဲ Pair လုပ်ရတာက အဆင်ပြေပါတယ်။
အားနည်းချက်
ဆူညံနေတဲ့ ပတ်ဝန်းကျင်မှာ Siri ကို သုံးရတာ အဆင်မပြေတဲ့အတွက် ထိန်းချုပ်ခလုတ်များ ထည့်ပေးသင့်ပါတယ်။ မာကျောတဲ့ ပလတ်စတစ်က အောက်ကို ပြုတ်ကျနိုင်တယ်လို့ ခံစားရပြီး ဆီလီကွန်ကို သုံးသင့်ပါတယ်။ ဘက်ထရီ မြှပ်နှံထားတဲ့ လက်တံက ရုပ်ဆိုးတယ်လို့ ထင်ရပါတယ်။

www.pyaephyo.com