5/23/2016

♪ “Top Superphones Revealed” ♫


နှစ်စဉ်နှစ်တိုင်းစွမ်းဆောင်ရည်မြင့်ထိပ်တန်းစမတ်ဖုန်းတွေပေါ်ထွက်လာကြပါတယ်။ ၂၀၁၆ မှာလည်း ကမ္ဘာအ၀န်းမှ ထိပ်တန်းစမတ်ဖုန်းထုတ်လုပ်သူ များသာမက နည်းပညာကုမ္ပဏီငယ်များက အံ့သြစရာစမတ်ဖုန်းများကို မိတ်ဆက်ခဲ့ကြတဲ့ အတွက် စိတ်လှုပ်ရှားခဲ့ကြရပါတယ်။ Samsung ၊ LG ၊ HTC တို့က အံ့သြစရာစမတ် ဖုန်းများကိုကြေညာမယ်လို့ ကျွန်တော်တို့ မျှော်လင့်ခဲ့ကြရပါတယ်။ ဒါပေမယ့်လည်းစွမ်းဆောင်ရည်မြင့် စမတ်ဖုန်း နယ်ပယ်ထဲအခြေကျလာတဲ့ Huawei နဲ့ Xiaomi တို့ကလည်း အံ့မခန်း စမတ်ဖုန်းများကိုပြသနိုင်ခဲ့ကြပါတယ်။ သူတို့ရဲ့စမတ်ဖုန်းများဟာ တန်ဖိုး အားဖြင့်လည်းပိုမိုသက်သာနေပါတယ်။ Android ချစ်မြတ်နိုးသူတွေအတွက် ကတော့ အရင်ကထက်ရွေးချယ်စရာတွေများပြားလာပါပြီ။ ၂၀၁၆ မှာ သင်ဝယ်ယူချင်စရာ ကောင်းတဲ့ ဒိတ်ဒိတ်ကြဲပြိုင်ဖက်စမတ် ဖုန်းများကို ဖော်ပြပေးလိုက်ပါတယ်။ အဲဒီစမတ်ဖုန်းများကို သေချာလေ့လာဖတ်ရှုပြီး သင့်အတွက်အဆင်အပြေဆုံးတစ်ခုကိုရွေးချယ်ဖို့အကြံပေးလိုက်ပါတယ်။

<LG G5>
Google ရဲ့အစိတ်အပိုင်းများကို ဖြုတ်၊ တပ်လဲလှယ်နိုင်တဲ့ စမတ်ဖုန်း စီမံကိန်း Project Ara ကြောင့် Modular Smartphone နည်းပညာကို သိရှိခဲ့ ကြပါတယ်။ LG G5 ကတော့ကမ္ဘာအ၀န်းမှလူသားများ Modular Smartphone နည်း ပညာကို မြည်းစမ်းခွင့်ရမယ့် ပထမဆုံးစမတ်ဖုန်းဖြစ်ပါ တယ်။အဓိက Module ခေါ် အစိတ်အပိုင်းကတော့ ဘက်ထရီသက်တမ်း ကိုတိုးမြှင့်ပေးမှာပါ။ ဖုန်းရဲ့အောက်ခြေမှ ဖြုတ်၊ တပ်နိုင်တဲ့ဘက်ထရီ အစိတ်အပိုင်းကဘက်ထရီအသစ်ကို ထည့်သွင်းအားဖြည့်စေနိုင်ပါတယ်။ ဘက်ထရီအစိတ်အပိုင်းအပိုများ ကလည်းဈေးသက်သာပါတယ်။ ကင်မရာ အစိတ်အပိုင်းကလည်း G5 ရဲ့စွမ်းဆောင်ရည်မြင့်ကင်မရာကို စွမ်းရည်များ ပိုမိုတိုးတက်စေပါတယ်။ စွမ်းဆောင်ရည်မြင့် ဒစ်ဂျစ်တယ် ကင်မရာလို G5 ကို အသုံးပြုနိုင်မှာပါ။ ကင်မရာအစိတ်အပိုင်းမှာ ဘက်ထရီအပို ပါတဲ့အတွက် ဘက်ထရီသက်တမ်းကိုလည်း တိုးတက်စေပါတယ်။ LG က အဲဒီအစိတ် အပိုင်း များကို ဖုန်းမှာလွယ်ကူစွာတပ်ဆင် နိုင်အောင် ပြုလုပ်ပေးထား ပါတယ်။ အဲဒီအစိတ်အပိုင်းများကို စက္ကန့်ပိုင်းအတွင်းတပ်ဆင်ခြင်းဖြင့် G5 ကို ထူးခြားဆန်းသစ်တဲ့ ကိရိယာတစ်ခုအဖြစ်ပုံစံပြောင်းနိုင်ပါတယ်။ အဲဒီ အစိတ်အပိုင်းများကိုရောင်းချဖို့လည်းအဆင်သင့်ဖြစ်နေပါပြီ။ စတင် ရောင်းချမယ့်နိုင်ငံများကိုရင်ခုန်စွာနဲ့ စောင့်စား နေကြရပါပြီ။ LG ကတော့ Modular Smartphone နယ်ပယ်မှာဦးဆောင်နေပါပြီ။ Samsung, Sony, Google တို့ကလည်း LG ကိုမကြာခင်မှာ အမှီလိုက်တော့မှာဖြစ်တဲ့အတွက် စိတ်ဝင်စားစရာကောင်းနေပါပြီ။
G4 ဟာအကောင်းဆုံး Android Phone တွေထဲကတစ်လုံးလို့ ကျွန်တော်တို့ အကြိမ်ကြိမ်ပြောခဲ့ကြပြီးပါပြီ။ ဒါပေမယ့် LG ရဲ့ဒီနှစ်ထုတ် G5 ကတော့ အပြတ်အသတ်သာလွန်နေတယ်ဆိုတာသံသယဖြစ်စရာမလိုပါဘူး။ G5 ဟာ G Series စမတ်ဖုန်းတွေထဲမှာကဏ္ဍပေါင်းစုံကနေ တော်လှန်ဆန်းသစ်မှုများ ကိုဖန်တီးထားတဲ့ စမတ်ဖုန်းဖြစ်ပါတယ်။ LG က ပြိုင်ဖက်များ ထက်သာလွန် တဲ့ နည်းပညာအသစ်ကို ဖွင့်ဟပြလိုက်တာလည်း ဖြစ်ပါတယ်။LG က G5 ရဲ့ အနောက်ဘက်မှာကင်မရာနှစ်လုံးကို ဆန်းသစ်တပ်ဆင်ပေးထားပါတယ်။ G4 ရဲ့ 16MP Camera အပြင် မြင်ကွင်းကျယ် 8MP Camera နဲ့လည်း အားဖြည့်ထားပါတယ်။ ၁၃၅ ဒီဂရီမြင်ကွင်းကို ဖမ်းယူပေးနိုင်တာက စမတ်ဖုန်း ဓာတ်ပုံ နယ်ပယ်မှာ စိတ်ကူးပုံဖော်လို့တောင်မရတဲ့နည်းပညာပါ။ ဓာတ်ပုံရိုက်ကူးတဲ့နည်းလမ်းအသစ်ကို မိတ်ဆက်လိုက်တာဖြစ်ပြီး ရိုက်ကူး ထားတဲ့ဓာတ်ပုံများကိုကြည့်ရှုဖို့စိတ်လှုပ်ရှားနေရပါပြီ။

G5 ဟာ စွမ်းဆောင်ရည်မြင့် စမတ်ဖုန်းဖြစ်တဲ့အတွက် Specifications အပိုင်း မှာလည်းထိပ်တန်းပါပဲ။ အလွန် လျင်မြန်တဲ့ Snapdragon 820 Processor ကိုအသုံးပြုထားတဲ့ ပထမဆုံးဖုန်းဖြစ်ပါတယ်။ အလုပ်များကောင်းစွာပြုလုပ် ဖို့ 4GB RAM ပါရှိပါတယ်။ LG က သူ့ရဲ့စမတ်ဖုန်းများမှာဘက်ထရီ သက်တမ်းကို အလွန်ကောင်းမွန်အောင်လုပ်ပေးလေ့ရှိတဲ့အတွက် G5 မှာ လည်းဘက်ထရီသက်တမ်းကကောင်းမွန်မှာပါ။ဒီနှစ်ထဲမှာတွေ့ခဲ့ကြရတဲ့ စွမ်းဆောင်ရည်မြင့် စမတ်ဖုန်းများနဲ့မတူဘဲ LG က G5 မှာစွန့်စားမှု တွေကို ပြုလုပ်ခဲ့ပါတယ်။ ကင်မရာစုဖွဲ့မှု အသစ်၊ ဖြုတ်၊ တပ်နိုင်တဲ့အစိတ်အပိုင်း များနဲ့ အလုပ်လုပ်နိုင်မှု အမြန်နှုန်းများဟာ စမတ်ဖုန်းစွဲလမ်းသူများအတွက် ထောင့်စုံကနေ စဉ်ဆက်မပြတ် တိုးတက်ကောင်းမွန်အောင်ပြုလုပ်ပေးနေတဲ့ LG ရဲ့ရည်ရွယ်ချက်ကို ပြသနေပါတယ်။ G5 ဟာ Samsung Phone များ ထက် ရောင်းအားကောင်းသွားမလားဆိုတာ စိတ်ဝင်စားစရာပါ။ လူတွေ စမတ်ဖုန်းအသုံးပြုတဲ့နည်းလမ်း ကို တော်လှန်ဆန်းသစ်စေမလားဆိုတာ ကလည်း စောင့်ကြည့်စရာပါ။

<Samsung Galaxy S7>
Samsung Galaxy S7 အကြောင်းကိုကြော်ငြာဆိုင်းဘုတ်များ၊ အွန်လိုင်းနဲ့ တီဗွီများကနေ သိပြီးလောက်ပါပြီ။ ဒီနှစ်ထုတ် စမတ်ဖုန်းများထဲမှာ ကြော်ငြာ အားကောင်းကောင်းအသုံးပြုခဲ့တဲ့ ဖုန်းဖြစ်ရုံသာမက သမိုင်းတစ်လျှောက်မှာ လည်း ကြော်ငြာအား အကောင်းဆုံးဖုန်းဖြစ်ပါတယ်။ Samsung က ပြီးခဲ့တဲ့ နှစ် အနည်းငယ်ကစပြီးသူ့စမတ်ဖုန်းများရဲ့ အရည်အသွေးကိုတစ်ဆင့် မြင့်အောင်ပြုလုပ်ပေးခဲ့တဲ့ အတွက် ဒါဟာမလိုအပ်ဘူးလို့ပြောလို့မရပါဘူး။ သူရောင်းချခဲ့တဲ့ ဖုန်းများထဲမှာ စွမ်းဆောင်ချက်အများဆုံးထည့်သွင်း ပေးခဲ့ ပြီး ဒီဇိုင်းအပိုင်းမှာလည်း ဆန်းသစ်တော်လှန်ခဲ့ပါတယ်။ S7 မှာဒီဇိုင်း အသစ် ကို အဓိကထားပုံဖော်ထားပါတယ်။ ပလတ်စတစ်ကို လုံးဝအသုံးမပြုထားဘဲ အဆင့်အတန်းမြင့်တဲ့ သတ္တုကိုယ်ထည်ကိုတပ်ဆင်ထားပါတယ်။ ရုတ်တရက် ကြည့်ရင်တော့ အစိတ်အပိုင်းအချို့မှာ S6 နဲ့ S7 ဟာ ကွဲပြားမှုအနည်းငယ် သာရှိတယ်လို့ထင်ရပါတယ်။ S7 မှာ နေရာအနည်းငယ်ကိုသာပြင်ဆင် ထားတဲ့ ပုံပေါ်ပါတယ်။

ဒါပေမယ့် S7 နဲ့ပတ်သက်ပြီး စိတ်ကျေနပ်စရာက Samsung ဟာ Customer များရဲ့ အသံများကို ဂရုထားနားထောင် ခဲ့ပါတယ်။ ပရိသတ် များရဲ့တုံ့ပြန်မှုကနေ S7 ရဲ့ အစိတ်အပိုင်းများ ကိုပုံဖော်ခဲ့ပါတယ်။ ပြန်လည် ထည့်သွင်းပေးခဲ့တာကတော့ ရေအနက် ၁ မီတာအထိယူဆောင် အသုံးပြု လို့ရတဲ့ IP68 စံနှုန်းရှိတဲ့ရေစိုခံနိုင်တဲ့စွမ်းရည်ပါ။ ဒီထက်ထူးခြားတာက microSD Slot ကို ပြန်လည်တပ်ဆင်ပေးခဲ့တာပါ။ အရင်ကထက် ရုပ်ရှင်၊ ဗီဒီယို၊ ဓာတ်ပုံများကိုပိုမိုသိမ်းဆည်းကြည့်ရှုနိုင်ပါပြီ။ Samsung ဟာ SD Card Slot ကိုဖယ်ရှားခဲ့တဲ့ စမတ်ဖုန်းထုတ်လုပ်သူ အနည်းငယ်ထဲက တစ်ခု ဖြစ်ပါတယ်။ အခုပြန်လည်ထည့်ပေးလိုက်တဲ့ အတွက်ဒါဟာကြိုဆိုစရာပါ။

LG G5 လိုတော့ ဖြုတ်၊ တပ်နိုင်တဲ့ဘက်ထရီတော့မပါပါဘူး။ ဒီနှစ် နှောင်းပိုင်းမှာ ဖြုတ်၊ တပ်နိုင်တဲ့ဘက်ထရီပါတဲ့ S7 ကို ထုတ်လုပ်ရောင်းချဖို့ မျှော်လင့်မိပါတယ်။ S7 ကိုကမ္ဘာအ၀န်းမှာသန်းပေါင်းများစွာရောင်းချရမှာ သံသယဖြစ်စရာမလိုပါဘူး။

<Samsung Galaxy S7 Edge>
Galaxy Series နဲ့ Edge ကြားမှာ အဓိကကွဲပြားခြားနားချက်တစ်ခုတော့ အမြဲရှိပါတယ်။ ဒါကတော့ မျက်နှာပြင်ကွေးဖြစ် ပါတယ်။ S7 Edge နဲ့ ယခင်မျိုးဆက်တို့ဟာ အနည်းငယ်သာ ကွဲပြားမှုရှိပါတယ်။ ဒါပေမယ့် မျိုးဆက်သစ်မှာမျက်နှာပြင်ကွေးကို ဆန်းသစ်မွမ်းမံထားပါတယ်။ S7 Edge မှာမျက်နှာပြင်ကွေးနှစ်ခုပါရှိပြီး Customize လုပ်နိုင်တဲ့ ရွေးချယ်မှုများစွာ ပါရှိပါတယ်။ သင်အသုံးပြုချင်တဲ့ စွမ်းဆောင်ချက်များအပေါ်မူတည်ပြီး Panels ပေါင်း ၉ ခုပါရှိပါတယ်။ အားကစားသတင်းအသစ်များကနေ သင် အသုံးအများဆုံး App Shorts များအထိမျက်နှာပြင် ကွေးမှာထားရှိနိုင်ပါ တယ်။ Samsung က S7 Edge ရဲ့ မျက်နှာပြင်ကွေးများကိုကြိုက်သလို ပြုပြင်နိုင်အောင် လုပ်ပေးထားပါတယ်။ မျက်နှာပြင်ကွေးမှ Panel ကို သေးငယ်အောင်လုပ်နိုင်ပါတယ်။ Transparent ကို ကြိုက်ရင်လည်း အိုကေ ပါတယ်။

<Xiaomi Mi 5>
လွန်ခဲ့တဲ့တစ်နှစ်အတွင်းမှာတရုတ်ဟာ Android Phone အဓိက ထုတ်လုပ် တဲ့နိုင်ငံများထဲမှ တစ်ခုဖြစ်လာပါတယ်။ အခြားကုမ္ပဏီများရဲ့ ဒီဇိုင်းများကို ပုံတူကူးချတဲ့ တရုတ်ဖုန်းများကိုပြောတာမဟုတ်ပါဘူး။ တကယ်ကို စွမ်းဆောင်ရည် မြင့်မားတဲ့ တရုတ်ဖုန်းများကိုပြောတာပါ။ အဲဒီတရုတ် ကုမ္ပဏီများထဲမှာ Xiaomi က အဓိက နေရာကနေပါနေပါတယ်။ သူ့ရဲ့ Mi Phone များဟာ တရုတ်ပြင်ပမှာလူကြိုက်များနေပါတယ်။ သူ့ရဲ့ နောက်ဆုံး ထုတ် Mi 5 ဟာစွမ်းဆောင်ရည်မြင့်ဖုန်းများထဲကတစ်လုံးပါ။ အလွန်လျင်မြန် တဲ့ Processor၊ အလွန် ကြည်လင်ပြတ်သားတဲ့မျက်နှာပြင်၊ လှပခန့်ညားတဲ့ ဒီဇိုင်းတို့ဖြင့် တည်ဆောက်ထားပါတယ်။ သူဟာ အခြားပြိုင်ဖက်စွမ်းဆောင် ရည်မြင့် စမတ်ဖုန်းများထက် အပြတ်အသတ် သာလွန်နေတာက ဈေးနှုန်း ချိုသာခြင်းပါ။ အခြားစွမ်းဆောင်ရည်မြင့် စမတ်ဖုန်းများ နဲ့လည်း စွမ်းရည် အပိုင်းမှာယှဉ်ပြိုင်နိုင်ပါတယ်။ ဈေးနှုန်းကတော့ အခြားဖုန်းများထက် ထက်ဝက်သက်သာပါတယ်။ ရှောင်မီက Mi 5 ကိုအကန့်အသတ်နဲ့ ထုတ်လုပ် ရောင်းချပါတယ်။ ရှောင်မီနဲ့ရင်းနှီးသူများကတော့ Mi Phone များကို အစောပိုင်းမှာဝယ်ယူ ချင်ရင် Invite-Only စနစ်နဲ့ သာဝယ်နိုင်တာကိုသိကြ ပါတယ်။ ရှောင်မီကသူ့ဖုန်းကိုဝယ်ဖို့အတွက် ငွေများများသုံးစရာမလိုဘူး ဆိုတာ သက်သေပြနေတာပါ။ ရှောင်မီကို တရုတ်ပြင်ပမှာသိသူဟာ အခြား ဖုန်းထုတ်လုပ်သူကုမ္ပဏီကြီးများနဲ့ယှဉ်ရင်တော့ နည်းပါးပါတယ်။ ဒါပေမယ့် လည်း လာမယ့်နှစ်မှာတော့ ဒီအဆိုဟာမှားယွင်းသွားနိုင်ပါတယ်။

<Xiaomi Mi 5 ရဲ့ အကောင်းဆုံးစွမ်းဆောင်ချက်များ>
<Nano SIMS>
Dual SIMs ကိုခေတ်ပေါ်စမတ်ဖုန်းများမှာတွေ့နေကြရပါပြီ။ ဒါပေမယ့် Mi 5 ဟာ Dual Nano SIM Slots ကို ထည့်ပေး ထားတဲ့ဖုန်းအနည်းငယ်ထဲမှ တစ်ခု ဖြစ်ပါတယ်။

<Four-Axis Stabilisation>
လက်တုန်နေတဲ့အခါမှာတောင် ရိုက်ကူးတဲ့ဓာတ်ပုံ၊ ဗီဒီယိုများရဲ့ အရည် အသွေးကို ကောင်းမွန်စေတဲ့ Stabilisation နည်းပညာကို ကင်မရာမှာ ထည့်သွင်းပေးထားပါတယ်။ အဆန်းသစ်ဆုံးမဟုတ်ပေမယ့် ဓာတ်ပုံများမှ Blur ဖြစ်နေတာတွေကို လျှော့ချပေးနိုင်ပါတယ်။

<Alternative Android>
Mi 5 မှာ Stock Android အစား MIUI Skin ကိုအသုံးပြုထားပါတယ်။ အဲဒီ နှစ်ခုကြားမှာ တူညီမှုများစွာရှိပေမယ့် MIUI ဟာ ကန့်သတ်မှုများမရှိဘဲ ဖုန်းကို နှစ်သက်သလို Customize လုပ်ချင်သူများအတွက် ပိုမိုသင့်တော် ပါတယ်။

<App Management>
Mi 5 မှာ App များကိုသီးခြားစီစီမံခန့်ခွဲနိုင်တဲ့စနစ်ပါလာပါတယ်။ အဲဒီ အတွက် ဘယ် Apps များဟာဘယ်အချိန်မှာ အလုပ်လုပ်သလဲဆိုတာ အသုံးပြုသူကသိနိုင်ပါတယ်။ ဥပမာအားဖြင့် အချိန်အပိုင်းအခြားတစ်ခု အတွင်းမှာ နောက်ကွယ်ကနေ အလုပ်လုပ်မယ့် Apps များကိုရွေးချယ်နိုင် ပါတယ်။

<Huawei P9>
Huawei က Android Device များကိုထုတ်လုပ်တဲ့အခါမှာ နည်းဗျူဟာ မျိုးစုံကိုအသုံးပြုနေပါတယ်။ သူ့ သမိုင်း တစ်လျှောက်မှာလည်း သိသာ တဲ့တိုးတက်မှုများကိုတွေ့ခဲ့ရပါတယ်။ Nexus 6P ကြောင့်လည်း တစ်စိတ် တစ်ပိုင်းပါပါ တယ်။ Huawei ကစွမ်းဆောင်ရည်မြင့် ဖုန်းအချို့ကိုလည်း ထုတ်လုပ်ထားပါတယ်။ သူ့ရဲ့ P9 Series အသစ်ဟာသူထုတ်လုပ်ဖူးသမျှ ဖုန်းတွေနဲ့ မတူဘဲကွဲပြားဆန်းသစ်ပါတယ်။ အစောပိုင်းသတင်းများအရ Huawei က P9 Series များကိုဖန်တီးနေတယ်ဆိုတာ သိရပေမယ့် နှစ်အနည်းငယ် အကြာက ဖုန်းများရဲ့မျိုးဆက်များဖြစ်မယ်လို့ ထင်ခဲ့ကြပါ တယ်။ P9 Series များဟာဈေးနှုန်းနဲ့စွမ်းရည်အပိုင်းမှာဆန်းသစ် ကွဲပြား ပါတယ်။ ဒါပေမယ့် P9 ဖုန်းသုံးလုံးမှာ တူညီမှုတစ်ခု ရှိပါတယ်။ အဲဒါကတော့ ဒီဇိုင်းဖြစ်ပါတယ်။ အဲဒီအထဲမှာလူစိတ်အ၀င်စားဆုံးက အရွယ်ကြီး P9 Max ဖြစ်ပါတယ်။ သူ့မှာ ၆.၂ လက်မမျက်နှာပြင်တပ်ဆင်ထားပါတယ်။

ဒီလောက်အရွယ်ကြီးတဲ့ဖုန်းမျိုးကို ကြားတောင်မကြားဖူးပါဘူး။ ဒါပေမယ့် Huawei ကိုစိတ်ချယုံကြည်ရတဲ့အချက်တစ်ခုက သူဟာဖောက်သည်များရဲ့ တုံ့ပြန်မှုများကို ဂရုစိုက်ပါတယ်။ P9 Max ဟာ ဈေးကွက် ထဲမှာတော့ အပါးလွှာဆုံးဖုန်းများထဲမှတစ်ခုပါ။ အရွယ်ကြီးပေမယ့်လည်း ကြာရှည် အသုံးခံအောင်ဘက်ထရီကိုအလေးပေး ထားပါတယ်။ Processor ကလည်း အဲဒီ အရွယ်ကြီးဖုန်းကို ထိန်းကျောင်းနိုင်ပါတယ်။ P9 ကတော့ သာမန် အရွယ်ဖုန်းများကို ကိုင်ချင်သူများအတွက်ပါ။ လက်သေးငယ်တဲ့ လူများ အတွက် P9 Lite က ရွေးချယ်စရာပါ။ အရွယ်သေးပြီးဈေးသက်သာပေမယ့် P9 Lite မှာလည်းစွမ်းဆောင်ချက်များပြည့်ဝပါတယ်။ ဒီဖုန်းသုံးလုံးစလုံးမှာ ကင်မရာအလွန်ကောင်းမွန်ပြီး Customize လုပ်နိုင်တဲ့ ရွေးချယ်မှုများစွာ ပါရှိပါတယ်။Huawei P9 Series စမတ်ဖုန်းသုံးလုံးထဲကနေသင်နှစ်သက် တာကိုရွေးချယ်နိုင်ပါတယ်။ သင်နဲ့အဆင်ပြေတာပဲဖြစ်ဖြစ်၊ ဈေးနှုန်းကြောင့် ပဲဖြစ်ဖြစ် ဒီဖုန်းသုံးလုံးထဲကတစ်လုံးကတော့ ကိုင်ဆောင်ချင်စရာပါပဲ။

<Huawei P9 ရဲ့ အကောင်းဆုံးစွမ်းဆောင်ချက်များ>
<Fingerprint Scanner>
ဖုန်းကိုလွယ်ကူစွာ Unlock လုပ်ဖို့အတွက် Huawei က အနောက်ဘက်မှာ Fingerprint Scanner ကိုတပ်ဆင်ပေးထား ပါတယ်။ အဲဒီအတွက် စိတ်ရှုပ်စရာကောင်းတဲ့ Lockscreen နဲ့ Password များကို ကျော်လွှားဖို့ မလိုတော့ပါဘူး။ အခြားအလုပ် များလုပ်ဖို့အတွက်လည်း Fingerprint Scanner ကိုအသုံးပြုနိုင်ပါတယ်။

<Dual Lenses>
LG G5 မှာလိုပဲ P9 မှာ Dual Camera ကိုတပ်ဆင်ထားတဲ့အတွက် အသေးစိတ် ကျတဲ့ဓာတ်ပုံများကိုရိုက်ကူးပေးနိုင်ပါတယ်။ ဓာတ်ပုံ ပရော်ဖက်ရှင်နယ်သမားများအတွက် ကင်မရာ နှစ်ခုကြားမှာခွဲခြား ပေးထား တဲ့ Shooting Modes အသစ်များလည်း ပါပါတယ်။

<Monster Storage>
၆.၂ လက်မအရွယ်ရှိတဲ့အရွယ်ကြီး P9 Max ကိုရွေးချယ်ရင်တော့ Internal Storage များပြားစွာရရှိမှာပါ။ 64GB ပါတဲ့အတွက် သင့်ရဲ့ မီဒီယာအားလုံး အတွက် အဆင်ပြေပါတယ်။

<Processing Power>
Huawei က သူ့ဖုန်းများမှာစွမ်းရည်မြင့်တဲ့ Processor များကိုသုံးလေ့ရှိပါ တယ်။ P9 မှာလည်း အဲဒီလိုပဲတည်ဆောက်ပေး ထားပါတယ်။ Kirin Octa-core Processor က သင် ကြိုက်တဲ့အလုပ်မျိုးကို ပြုလုပ်နိုင်စေပါတယ်။

<HTC 10>
HTC နဲ့ ပတ်သက်တဲ့ကောင်းတဲ့အချက်တစ်ခုကသူ့ရဲ့ ထုတ်ကုန်မိတ်ဆက်ပွဲ များမှာ မိတ်ဆက်မယ့်အရာများကို ခန့်မှန်းလို့မရတာပါ။ HTC က ဒီနှစ် Mobile World Congress မှာ ဖုန်းအသစ်ကို မိတ်ဆက်ခြင်းမရှိပေမယ့် 10 ကို ဈေးကွက်ထဲမိတ်ဆက်တော့မယ်ဆိုတဲ့ သတင်းများကတော့ကြားသိနေရ ပါတယ်။ အရင်နှစ်ထုတ် M9 ကလည်း ၂၀၁၅ခုနှစ်ရဲ့ အကောင်းဆုံး စမတ်ဖုန်းထဲမှ တစ်လုံးဖြစ်ခဲ့ပါတယ်။ M9 နဲ့ 10 ကြားမှာကွဲပြားမှုသိပ်မရှိ ပါဘူး။ ဒါပေမယ့်လည်း 10 ဟာ စိတ်ဝင်စားစရာ ကောင်းပါတယ်။ LG G5 မှာလိုပဲ HTC က ကင်မရာနည်းပညာကိုအသားပေးထားပါတယ်။ HTC က Ultrapixel အစားဈေးကွက်ထဲမှ စမတ်ဖုန်းအားလုံးထက် Pixels ပိုများတဲ့ ကင်မရာကိုတပ်ဆင်ပေးထားပါတယ်။ 23MP Camera ဖြစ်တဲ့အတွက် M10 ရဲ့ကင်မရာဟာ ကြည်လင် ပြတ်သားမှုကိုအဓိက ပြုလုပ်ပေးထားပါတယ်။ ကင်မရာအဆင့်မြှင့်ထားတဲ့အပြင် Camera App မှာလည်း ပြောင်းလဲမှုတွေ ပြုလုပ်ပေးထားပါတယ်။ Shooting Modes များစွာကိုလည်း ထည့်ပေးထား ပါတယ်။

ဗီဒီယိုရိုက်ကူးတဲ့ နည်းလမ်းများကိုလည်း ဆန်းသစ်ပေးထားပါတယ်။
HTC ကစွမ်းရည်မြင့် Processor ကိုလည်းအသုံးပြုထားပါတယ်။ Octa-core Processor တပ်ဆင်ပေးထားပါတယ်။ RAM ကိုလည်းများပြားစွာထည့် ပေးထားပါတယ်။ 3000mAh ကျော်တဲ့ဘက်ထရီကိုလည်းတပ်ဆင်ပေးထား ပါတယ်။ HTC ဟာ ဒီနှစ်ထဲမှာ Samsung, LG တို့ရဲ့နောက်ကောက်ချခြင်း မခံဘူးဆိုတဲ့သဘောပါပဲ။ HTC က စမတ်ဖုန်းနယ်ပယ်မှာ ပြန်လည် ဦးမော့ လာဖို့ အသုံးပြုတဲ့နည်းဗျူဟာကလည်း ချီးမွမ်းစရာပါ။ တစ်နှစ်အတွင်း မှာ ဖုန်းအနည်းငယ်ကိုသာ ထုတ်လုပ်ပါတယ်။ ထုတ်လုပ်တဲ့ ဖုန်းတွေကလည်း အရည်အသွေးအကောင်းစားများပါပဲ။

<HTC ရဲ့တန်ဖိုးနည်းဖုန်းများ မကြာမီလာမည်>
စွမ်းဆောင်ရည်မြင့်ဖုန်းများထဲမှာ HTC ရဲ့ ဖုန်းများဟာသတင်းခေါင်းစီး များမှာ အုပ်စိုးနိုင်ခြင်းမရှိပါဘူး။ ဒါပေမယ့် တန်ဖိုးနည်းဖုန်းဈေးကွက် ကတော့ မကြုံစဖူးကြီးထွားလာနေပါတယ်။ HTC က အဲဒီလိုတန်ဖိုးနည်း စမတ်ဖုန်းများကို ထုတ်လုပ်လာတာ ကြာပါပြီ။ မကြာခင်ကလည်း တန်ဖိုးနည်း ဖုန်းတစ်လုံးကိုကြေညာခဲ့ပါတယ်။ တန်ဖိုးနည်းဖုန်းတွေ ထဲမှာ တော့ ပလတ်စတစ် ကိုယ်ထည်နဲ့တည်ဆောက်ထားတဲ့ Desire 530 ဟာ တန်ဖိုးနည်းပေမယ့် စွမ်းရည်ကောင်းတယ်လို့ပြောလို့ရပါတယ်။ မျက်နှာပြင် က ကောင်းမွန်ပါတယ်။ အသံကလည်းအဆင်ပြေပါတယ်။ ဘက်ထရီ သက်တမ်း ကလည်း အသုံးခံပါတယ်။ တန်ဖိုးနည်းဖုန်းတွေ ထဲမှာတော့ ရွေးချယ်စရာတစ်ခုပါ။2200mAh Battery ကတော့အထင်သေးစရာပါ။ ဒါပေမယ့် ထည့်သွင်းထားတဲ့ Processor ရဲ့ခိုင်းစေမှုကိုကောင်းစွာ ကိုင်တွယ်နိုင်ပါတယ်။ 8MP Camera ကတော့ စွမ်းဆောင်ရည်နိမ့် တန်ဖိုးနည်း ဖုန်းများအတွက် လုံလောက်တာထက်ပိုပါ တယ်။ HTC Desire ဖုန်းများကိုလူတွေ နှစ်သက်ကြပါတယ်။ HTC က အဲဒီတန်ဖိုးနည်းဖုန်းများကို ဘယ်လိုဆန်းသစ်ထုတ်လုပ်မလဲ ဆိုတာ စိတ်ဝင်စားစရာကောင်းပါတယ်။

<Sony Xperia X Performance>
Sony က Mobile World Congress ပွဲမှာ သူ့ရဲ့ဖုန်းများကို မိတ်ဆက်ခြင်း မရှိပေမယ့် အဲဒီပွဲနောက်ပိုင်းမှာတော့ စွမ်းဆောင်ရည်မြင့် Xperia ဖုန်းများ ကို မိတ်ဆက်ခဲ့ပါတယ်။ Huawei လိုပဲ Sony ကလည်း စွမ်းဆောင်ရည်မြင့် စမတ်ဖုန်းများ အတွက် သီးခြား Brand အသစ်တစ်ခုကို မိတ်ဆက်လိုက်ပါ တယ်။ ၂၀၁၆ ခုနှစ်အကုန်မှာလည်း Sony က စွမ်းဆောင်ရည်မြင့် ဖုန်းများ ကို မိတ်ဆက်မယ်လို့မျှော်လင့်ရပါတယ်။ Sony က နောက်ဆုံးမိတ်ဆက်ထား တဲ့ စွမ်းဆောင်ရည်မြင့်စမတ်ဖုန်းများ ထဲမှာတော့ Sony Xperia X Performance ဟာအကောင်းဆုံးပါပဲ။Sony Xperia X Performance ဟာ ဈေးကွက်ထဲမှာရောင်းချနေတဲ့ ကွေးညွှတ်ဒီဇိုင်းစမတ်ဖုန်း အနည်းငယ်ထဲက တစ်ခု ဖြစ်ပါတယ်။ နောက်ပြီး အလွန်ပါးလွှာတဲ့စမတ်ဖုန်းဖြစ်ပါတယ်။ ဒီနှစ် ထုတ်စမတ်ဖုန်းတွေထဲမှာလည်း အကောင်းဆုံးကင်မရာကို ပိုင်ဆိုင်ထားပါ တယ်။ အဓိကကင်မရာအနေနဲ့ 23 Megapixel Camera ကို တပ်ဆင် ပေးထား ပါတယ်။ ကင်မရာမှာ ကြိုတင် ခန့်မှန်းနိုင်တဲ့ Autofocus စွမ်းဆောင်ချက်ဖြစ်တဲ့ Predictive Hybrid Autofocus Mode နည်းပညာ အသစ်ကိုလည်း ထည့်သွင်း ပေးထားပါတယ်။ လှုပ်ရှားနေတဲ့ရုပ်ပုံများကို ရိုက်ကူးရာမှာအရည်အသွေးကောင်းမွန်စေပါတယ်။ ဒါဟာ အခြား စွမ်းဆောင်ရည် မြင့်စမတ်ဖုန်းများမှာ မပါရှိတဲ့နည်းပညာဖြစ်ပါတယ်။

အဲဒီကင်မရာနဲ့ရိုက်ကူးထားတဲ့ ဓာတ်ပုံများကိုကြည့်ရတာ Autofocus ဟာ အလွန်တိကျကောင်းမွန်ပြီး အခြားဖုန်းကင်မရာများထက် အလွန်ကွာခြား တာကို တွေ့ရပါတယ်။Sony ရဲ့ စွမ်းဆောင်ရည်မြင့်စမတ်ဖုန်းများကို ဒုတိယနှစ်ဝက်မှာ မိတ်ဆက်တဲ့နည်းဗျူဟာက စွန့်စားရာကျပါတယ်။ ဒါပေမယ့်လည်း Samsung, LG တို့ရဲ့စမတ်ဖုန်းများကို မနှစ်သက်သူများ အတွက် Sony ရဲ့ စမတ်ဖုန်းများဟာ ရွေးချယ်စရာ ဖြစ်ပါတယ်။ Sony Xperia X Performance ဟာ အလွန်ကောင်းမွန်တဲ့ စမတ်ဖုန်းဖြစ်ပါတယ်။ ဒါပေမယ့် ထူးခြားဆန်းသစ်တဲ့ စွမ်းဆောင်ချက်များသိပ်မပါရှိပါဘူး။

<စမတ်ဖုန်းမှ ဓာတ်ပုံရိုက်ကူးမှုနည်းပညာရဲ့နောက်ထပ်ခြေလှမ်းတစ်ဆင့်>
Sony မှာ ပရော်ဖက်ရှင်နယ်ကင်မရာအရည်အသွေးရှိတဲ့စမတ်ဖုန်း ကင်မရာများကို ဖန်တီးတဲ့သမိုင်းကြောင်း များစွာ ရှိပါတယ်။ သူ့ရဲ့ဒစ်ဂျစ် တယ်ကင်မရာများထုတ်လုပ်ခြင်းနဲ့ Exmor Sensors များဖန်တီးခြင်းများ ကြောင့်လည်းဖြစ်ပါတယ်။ X Performance ရဲ့လှုပ်ရှားမှုများကို ကြိုတင် ခန့်မှန်းနိုင်တဲ့စွမ်းရည်ပါရှိတဲ့ 23 Megapixel Camera က စိတ်ဝင်စားစရာ အကောင်းဆုံးပါ။ ဒီနည်းပညာဟာမယုံနိုင်စရာပါပဲ။ လှုပ်ရှားမှုများကို ကြိုတင်ခန့်မှန်းပြီး အရာဝတ္ထုများကိုတိကျစွာ Focus ပြုလုပ်နိုင်ပါတယ်။ ဘယ်လိုအခြေအနေမှာဖြစ်ဖြစ် အရည်အသွေးမြင့်မားတဲ့ဓာတ်ပုံများကို ရိုက်ကူးပေးနိုင်ပါတယ်။Sony Xperia X Performance ရဲ့ကင်မရာဟာ Sony ရဲ့အလျင်မြန်ဆုံးကင်မရာအဖြစ် မှတ်တမ်းတင်ထားသင့် ပါတယ်။ ၀.၆ စက္ကန့်အတွင်း မှာဓာတ်ပုံရိုက်ကူးပေးနိုင်ပါတယ်။ ဓာတ်ပုံများကိုဖန်တီး တဲ့ အချိန်ကလည်း အလွန်လျင်မြန်ပါတယ်။ အရည်အသွေးကျဆင်းခြင်း လည်းမရှိပါဘူး။ Instagram မှာ ဓာတ်ပုံတင်ချင်သူများအတွက်လည်း စိတ်ပူစရာမလိုပါဘူး။ အရှေ့ ဘက်မှာ 13 Megapixel Camera တပ်ဆင် ပေးထားပြီး အလင်းရောင်နည်းပါးတဲ့နေရာများမှာတောင် ဓာတ်ပုံကောင်း များ ရိုက်ကူးပေးနိုင်ပါတယ်။

Mobile Guide Journal (Every Monday)
https://web.facebook.com/officialmobileguidejournal


<<< စိတ်ဝင်စားတယ်ဆိုရင်အောက်ကကြော်ငြာကိုဝင်ရောက်လေ့လာနိုင်ပါတယ်ဗျာ။ >>>