5/23/2016

♪ “iOS 9.3 ၏ မြှုပ်ကွက်များ” ♫


iOS Version များကို နှစ်စဉ် major update များ ပြုလုပ်လျှက်ရှိရာ iOS Version များမှာ တစ်ခုထက်တစ်ခု စွမ်းဆောင် ရည် ပိုကောင်းလာပြီး ပို၍ လည်း ရှုပ်ထွေးလာသည်။ major update အသစ်မထွက်မီ စပ်ကြားတွင် ပြုလုပ်သော minor update များလည်း iOS ၏ စွမ်းဆောင်ရည်ကို မြှင့်တင် ပေးနေရာ iOS အကြောင်း စဉ်ဆက်မပြတ် သိဖို့လိုလာပါသည်။ ယခု နောက်ဆုံး ရောက်နေသည်မှာ iOS 9.3 ဖြစ်သည်။ iOS 9.3 တွင် iPhone သုံးစွဲသူများ အလွယ်တကူ မသုံးဖြစ်သေးသော မြှုပ်ကွက်လေးများ ရှိနေ သည်။ ယင်းတို့မှာ အဘယ်နည်း။

<Schedule night shift mode>
iPhone 5S မှာ နောက်ပိုင်း၊ iPad Air မှ နောက်ပိုင်း device များတွင် ဤစွမ်းဆောင်ရည်ကို သုံးနိုင်သည်။ iPhone သို့မဟုတ် iPhone ၏ မျက်နှာပြင်အား ညဥ့်နက်ပိုင်းတွင် အချိန်ကြာကြာ ကြည့်ခြင်းသည် အိပ်စက်မှုကို အနှောင့်အယှက်ဖြစ်စေ နိုင်သည်။ အဘယ်ကြောင့်ဆိုသော် Screen မှ ထုတ်လွှတ်သော အပြာရောင်အလင်းတန်းသည် အိပ်စက်မှု အထောက်အကူပြု သော မယ်လာတိုနင်ဟော်မုန်း ထွက်ရှိမှုကို လျော့ကျ စေသောကြောင့်ဖြစ်သည်။ iOS 9.3 တွင်ပါလာသော night shift mode သည် iPhone သို့မဟုတ် iPad screen ပေါ်တွင် လိမ္မော်ရောင်ပျော့အလင်း ကို ပိုမိုလွှတ်ထုတ်ပြီး အပြာရောင်အလင်း၏ ပြင်း အားကို ကန့်သတ်ပေး သည်။ ထို့ကြောင့် အိပ်ပျော်မှု အနှောင့်အယှက်မဖြစ်စေရန် ကူညီသည်။

Settings > Display Brightness > Night shift သို့ဝင်ပြီး တွေ့ရသော Schedule slider ကို ညာဘက်သို့ ဆွဲရွှေ့ပေး ရပါမည်။ ယင်းနောက် from > To field နေရာတွင် တစ်ချက်ခေါက်ပါမည်။ Custom Schedule သို့ သွားပါ မည်။ ပြီးလျှင် Turn on at ခေါင်းစဉ်အောက်တွင် မိမိဖွင့်လိုသော အချိန် တစ်ခုကို ထည့်သွင်းပေးပါမည်။ အလားတူပင် Turn off at ဟူသော ခေါင်းစဉ်အောက်တွင် အချိန်တစ်ခုကို ထည့်သွင်းပေးရပါမည်။ ထိုအခါ အချိန်ကာလတစ်ခုအပေါ် မူတည်ပြီး Night shift mode ကို ဖွင့်ခြင်း၊ ပိတ်ခြင်း လုပ်ပေးပါမည်။အခြားလုပ်ကိုင်နိုင်သော နည်းလမ်းတစ်ရပ်မှာ မှောင်ရီပျိုးလာချိန်တွင် ယင်း mode အား အလိုအလျောက် သက်ဝင်လာ စေရန် activate လုပ်ပြီးနေ့အလင်းရောင် ရှိလာချိန်တွင် အလိုအလျောက် ရပ်ဆိုင်းသွားစေရန် စီစဉ်ဆောင်ရွက်ခြင်းဖြစ်ပါသည်။ Night shift mode ကို အလုပ်လုပ်စေရန် Sunset to sunrise နေရာတွင် တစ်ချက်ခေါက်ရပါမည်။ ယင်း mode ၏ အလုပ် လုပ်မှု အလျှော့အတင်းအား Colour Temperature slider ကို ရွှေ့ပေးပြီး ချိန်ညှိနိုင်ပါသည်။

<Switch on Night Shift Mode instantly>
ဤစွမ်းဆောင်ချက်ကိုလည်း iPhone 5S မှ နောက်ပိုင်း၊ iPad Air မှ နောက်ပိုင်း device များတွင် အသုံးပြုနိုင်သည်။ Night shift effect အား ချက်ချင်းလက်ငင်း အသက်ဝင်စေလိုသည်ဟုဆိုလျှင် setting > Display & Brightness > Night shift သို့ဝင်ပြီး until Tommorrow slider ကို ညာဘက် သို့ လူကိုယ်တိုင် တွန်းရွှေ့ပေးရပါမည်။ အခြားလုပ်နိုင်သော နည်းလမ်း တစ်ရပ်မှာ Screen ၏ အောက်ခြေမှ အပေါ်သို့ ပွတ်ဆွဲပြီး Control center ကိုဖွင့်ရပါမည်။ ယင်းနောက် Night shift button နေရာတွင် တစ်ချက်ခေါက် ရပါမည်။ Screen ၏ အောက်ခြေ၀ဲဘက်တွင် နေနှင့်လပုံ icon ပြထားသော နေရာဖြစ်ပါသည်။

<Duplicate images in the photos app>
ဤစွမ်းဆောင်ချက်ကို iPhone 4S မှ နောက်ပိုင်းနှင့် iPad 2 မှ နောက်ပိုင်း device များတွင် အသုံးပြုနိုင်သည်။ iOS 9.3 သည် ဓာတ်ပုံများကို ကော်ပီ ပွားနိုင်ရန် လျင်မြန်သော နည်းလမ်းတစ်ရပ်ကို ပေါင်းထည့်ပေးခဲ့သည်။ မိမိတည်းဖြတ်ပြင်ဆင်ရန် အတွက် ရည်ရွယ်ထားသော ဓာတ်ပုံတစ်ပုံအား အရံအဖြစ် သိမ်းဆည်းရန် ကော်ပီပွားလိုသည်ဟုဆိုလျှင် ဤစွမ်းဆောင်ချက် က အထူးကောင်းမွန်သည်။ ဓာတ်ပုံကို ကော်ပီပွားရန် Photo app ကိုဖွင့်ပါ။ မိမိပွားယူလိုသော ဓာတ်ပုံတွင် တစ်ချက်ခေါက်ပါ။ ပြီးလျှင် share button နေရာတွင် တစ်ချက်ခေါက်ပါ။ screen အပေါ် ညာဘက်ထောင့်တွင်ရှိသော မြားပုံ icon နေရာဖြစ်ပါသည်။နောက်ထပ်ပေါ်လာမည့် screen တွင် မိမိ ရွေးချယ်ထားသော ဓာတ်ပုံကို အပေါ်ဘက်နားတွင် မြင်တွေ့ရပါမည်။ ယင်း ဓာတ်ပုံ၏ အောက်နားတွင် အပြာရောင်အမှန်ခြစ် အမှတ်အသားကို တွေ့ရပါမည်။

ဓာတ်ပုံ ရွေးချယ်ထားကြောင်း ပြသခြင်း ဖြစ်ပါသည်။ ယင်းနောက် screen ၏ အောက်ဘက် ဘယ်ဘက်တွင် တွေ့ရသော duplicate icon (စာရွက်နှစ်ရွက်ထပ်ထားသည့် ပုံပေါ်တွင် + လက္ခဏာ တပ်ထားသော icon) နေရာတွင် တစ်ချက်ခေါက်ပါ။ ပြီးလျှင် screen ၏ အပေါ် လက်ဝဲထောင့်တွင် ရှိသော camera roll နေရာတွင် တစ်ချက်ခေါက် ပါ။ မိမိရွေးချယ်ထားသော ဓာတ်ပုံတို့အား Camera Roll library ထဲတွင် ထပ်မံပေါင်းထည့်ပေးပါမည်။ most recent additions အဖြစ် ပြသပေး ပါမည်။

<Use new 3D Touch Sub – menus>
ဤစွမ်းဆောင်ချက်ကိုမူ iPhone 6S နှင့် 6S Plus တို့တွင်သာ အသုံးပြု နိုင်ပါမည်။ 3D Touch shortcuts သည် အသစ် စက်စက် စွမ်းဆောင်ချက် ဖြစ်သည်။ Screen ကို ကြာကြာဖိထားခြင်းဖြင့် options menu ပေါ်လာ စေရန် ယင်းက ကူညီဆောင် ရွက်ပေးသည်။ 3D Touch Shortcut သည် iOS 9.0 ထဲက ပါဝင်လာခဲ့ပြီး ယခုအခါတွင် ပိုမိုများပြားသော app များနှင့် တွဲဖက် ၍ အလုပ်လုပ်လာနိုင်သည်။ ယင်း app များထဲတွင် Weather ၊ app store ၊ stocks ၊ health ၊ compass နှင့် settings တို့ ပါဝင်သည်။ App store app shortcut သည် Phone အတွင်းရှိ app များကိုပင် update လုပ်နိုင်သည်။ ယင်းကို သုံးရန်အတွက် homescreen သို့သွားပါ။ ဤစွမ်းဆောင်ချက် အသုံးပြု၍ ရနိုင်သော app တစ်ခုပေါ်တွင် ကြာကြာ ဖိထားလိုက်ပါ။ ထိုအခါ ယင်း app နှင့် သက်ဆိုင်သော submenu ပေါ်လာမည်။ ယင်း menu ထဲမှ မိမိအလိုရှိသော option ကို ရွေးနိုင်ပါမည်။
<Customise Your News app>
ဤစွမ်းဆောင်ရည်ကို iPhone 4S မှ နောက်ပိုင်း၊ iPad 2 မှ နောက်ပိုင်း device များတွင် အသုံးပြုနိုင်သည်။ News app ထဲရှိ For You section ထဲတွင် လာပေါ်မည့် article များအား ရွေးချယ်ရာတွင် ပိုမိုတိုးတက် ကောင်းမွန်စေရန် apple ၏ စွမ်း ဆောင်ချက်ဖြစ်သည်။ မိမိစိတ်ကြိုက် article များ ရွေးချယ်နိုင်ရန် News app ကိုဖွင့်ပါ။ Screen ၏ အောက်ခြေ ၌ရှိသော menu bar တွင်ရှိသော explore တွင် တစ်ချက်ခေါက်ပါ။ ယင်းနောက် categories များကိုကြည့်ပါ။ မိမိစိတ်ဝင်စားသော article တွင် + လက္ခဏာလေးကိုနှိပ်ပါ။ ယင်းတို့ကို ဖယ်ရှားလိုလျှင် Favourites တွင် တစ်ချက်ခေါက်ပါ။ Edit ကိုရွေးပါ။ ယင်းနောက် မိမိ ဖယ်ရှားလိုသော အရာပေါ်ရှိ ကြက်ခြေခတ်လက္ခဏာတို့ကိုနှိပ်ပါ။
<Password - Protect Your Notes app>
နောက်ပိုင်းထွက် iOS များတွင် Note app ဖြင့် မိမိဖန်တီးထားသော Note များအား Password ဖြင့် ကာကွယ်ထား နိုင်စွမ်းကို apple က ထပ်ပိုး ပေးခဲ့သည်။ အထိအခိုက် အဆုံးအပါး မခံနိုင်သော Note များ (ဥပမာ- PIN Code ၊ Password စသည်များ) အား လုံခြုံစိတ်ချစွာ ထားသိုသုံးစွဲနိုင် မည်ဖြစ်၍ iOS အား ပိုမိုယုံကြည်စိတ်ချမှု ရှိလာစေနိုင်ပါသည်။ ယင်းကို သုံးရန် homescreen ရှိ settings တွင် တစ်ချက်ခေါက်ပါ။ ပေါ်လာသော screen ၏ လက်ဝဲဘက်အကွက်ရှိ Notes ကို ရွေးပါ။ ယင်းနောက် password ကိုရွေးပါ။ Password အသစ်တစ်ခု ထည့်သွင်းနိုင်ရန်အတွက် device က ညွှန်ကြားသည့်အတိုင်း လုပ် ဆောင်ပါ။ယင်းနောက် Note app ကိုဖွင့်ပါ။ Password ဖြင့် ကာလိုသော Note တစ်ခုကိုရွေးပါ။ ယင်း Note သည် iCloud သို့မဟုတ် My iPad folder ထဲတွင်ရှိရပါမည်။ ယင်းနောက် Share button ကိုနှိပ်ပါ။ ပြီးလျှင် Lock Note ကိုရွေးပါ။ မကြာသေးခင်က မိမိ ဖန်တီးခဲ့သော password ကိုထည့်ပေးရန် တောင်းဆိုလာသည့်အခါ ထည့်ပေးပါ။ ဖွင့်ထားသော ခလောက်ပုံကို ဘယ်ဘက်ခြမ်းရှိ Note title ဘေးတွင် ပေါ်လာသည်ကို တွေ့ရပါမည်။ Note တစ်ခုကို ကာလိုတိုင်း ယင်းလုပ်ငန်းစဉ်ကို ထပ်မံ ပြုလုပ်ရပါမည်။ Password ဖြင့် ကာထားသော Note များကို Lock လုပ်မည်ဆိုလျှင် Screen အပေါ် ညာဘက်ထောင့်တွင်ရှိ သော သော့ပုံ icon လေးကို တစ်ချက်ခေါက်ပါ။ ပွင့်နေသော သော့ခလောက်ပုံမှ ပိတ်နေသော သော့ခလောက်ပုံသို့ ပြောင်းသွား ပါမည်။

ဧဧသက်(ဖြိုးဓနဒစ်ဂျစ်တယ်ဓာတ်ပုံ)
Mobile Guide Journal (Every Monday)
https://web.facebook.com/officialmobileguidejournal


<<< စိတ်ဝင်စားတယ်ဆိုရင်အောက်ကကြော်ငြာကိုဝင်ရောက်လေ့လာနိုင်ပါတယ်ဗျာ။ >>>