5/11/2015

♪ ဒီဇိုင်းနှင့် ဓါတ်ပုံစွမ်းဆောင်ချက်များကို အသားပေးထားသော LG G4 ကို ကြေညာ ♫

၁

LG က စွမ်းဆောင်ရည်မြင့် G4 ကို မိတ်ဆက်လိုက်ပါသည်။ LG က ဒီဇိုင်း၊ မျက်နှာပြင်နှင့် ကင်မရာတို့ကို အဓိကထား ပြုလုပ်ပေးထားသည်ဟု ပြောပါသည်။ အနောက်ဘက်ကို သားရေ အစစ်ဖြင့် ဖုံးအုပ်ပေးထားခြင်းက G4 ၏ ထူးခြားချက်ဖြစ်ပါသည်။

အနောက်ဘက်တွင် သားရေဖြင့် ဖုံအုပ်ထားသည့် အမျိုးအစားများအပြင် ပလတ်စတစ်ကာဗာများ တပ်ဆင် ထားသည့် အမျိုးအစားများလည်း ရောင်းချပေးမည် ဖြစ်သည်။ LG က ကိုင်တွယ်ရ အဆင်ပြေစေရန် အနောက်ဘက်ကိုယ်ထည်ကို အနည်းငယ် ကွေးညွှတ်စေရန် ပြုလုပ်ထားသည် ဟု ပြောပါသည်။

LG G4 တွင် ၅.၅ လက်မ QHD Display တပ်ဆင်ထားပါသည်။ LG က အရောင်တိကျမှုကို အဓိက ပံ့ပိုးပေးသည့် Quantum LCD Display ကို အသုံးပြုထားသည်ဟု ပြောပါသည်။ LG က G4 မျက်နှာပြင်သည် G3 ထက် ၅၀ ရာခိုင်နှုန်း ပိုမိုကြည်လင်ပြီး ၂၅ ရာခိုင်နှုန်း ပိုမိုတောက်ပသည်ဟု ပြောပါ သည်။

G4 ကို Qualcomm Snapdragon 808 က မောင်းနှင်မည် ဖြစ်သည်။ 64-bit Chipset ဖြစ်ပြီး Dual-Core Cortex-A57 နှင့် Quad-Core Cortex-A53 တို့ပါသော Core ခြောက်လုံးပါသည့် အမျိုးအစားဖြစ်ပါသည်။ 3GB RAM, 32GB Storage ပါရှိသည့်အပြင် microSD Card ထည့်သွင်းနိုင်ပါသည်။ G4 တွင် Android 5.1 Lollipop ထည့်သွင်းထားပြီး LG ၏ နောက်ဆုံးထုတ် UX 4.0 နှင့် ပေါင်းစပ်ဖန်တီးထားပါသည်။

၂

LG က G4 တွင် ကင်မရာကို အဓိက တီထွင်ပေးထားသည်ဟု ပြောပါသည်။ အနောက်ဘက်တွင် 16MP Camera တပ်ဆင်ထားပြီး Samsung Galaxy S6 ထက် အလင်းလက်ခံရယူမှုနှုန်းမှာ ၁၁ ရာခိုင်နှုန်း ပိုမိုများပြားပါသည်။ G4 ၏ ကင်မရာတွင် Optical Image Stabilization နည်းပညာပါရှိပါသည်။ Camera App တွင် High ISO Settings, Live Histogram , Manual Shutter Speed တို့အပါအ၀င် အဆင့်မြင့် စွမ်းဆောင်ချက်များ ပါရှိပြီး RAW Image များကို ဖမ်းယူပေးနိုင်ပါသည်။ G4 သည် 104MP အရည်အသွေးဖြင့် Panorama ဓါတ်ပုံများကို ရိုက်ကူးနိုင်ပြီး Galaxy S6 သည် 60MP ဖြင့်သာ Panorama ဓါတ်ပုံများကို ရိုက်ကူးနိုင်သည်ဟု သိရပါသည်။ အနောက်ဘက် ကင်မရာနှင့် 8MP Front Camera နှစ်ခုစလုံးသည် 2160p Video (4K) များကို ရိုက်ကူးနိုင်ပါသည်။

G4 သည် ကြိုးမဲ့အားသွင်းစနစ်ကို အထောက်အပံ့ပေးသော်လည်း အထူးပြုလုပ်ထားသော အနောက်ဘက် ကာဗာ လိုအပ်ပါသည်။ G4 တွင် 3000mAh Battery ကို အရှင် တပ်ဆင်ပေးထားပါသည်။ LG G4 ကို ဗြိတိန်ရှိ အရောင်းဆိုင်များတွင် စတာလင်ပေါင် ငါးရာဖြင့် ကြိုတင်မှာယူနိုင်ပြီဖြစ်ပြီး အနောက်ဘက်တွင် သားရေဖြင့် ဖုံးအုပ်ထားသည့် အမျိုးအစားကို အလိုရှိလျှင် စတာလင်ပေါင် ၃၀ ပိုမို ပေးဆောင်ရမည် ဖြစ် သည်။ ဗြိတိန်အရောင်းဆိုင်များက မေလနှောင်းပိုင်းတွင် စတင် ရောင်းချပေး မည် ဖြစ်သည်။


Myanmar Digital Life Journal


<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 



www.pyaephyo.com