5/08/2015

♪ အလယ်အလတ်စမတ်ဖုန်းဈေးကွက်ကို အသစ်ဝင်ရောက်လာမယ့် Acer Liquid Jade Z ♫


အခုချိန်မှာ စမတ်ဖုန်းဈေးကွက်မှာ စမတ်ဖုန်းထုတ်လုပ်သူအချင်းချင်းယှဉ်ပြိုင်တဲ့ ပုံစံဟာ မသိမသာ ပြောင်း လဲလာခဲ့ပြီ ဖြစ်ပါတယ်။ နည်းပညာ အသစ်အဆန်းတွေနဲ့ အဆင့်မြင့် Hardware တွေကို အသုံးပြုထားတဲ့ hige-end စမတ်ဖုန်းတွေကို အချိန်အတိုင်းအတာတစ်ခုအထိကြာတဲ့အချိန် ဒါမှမဟုတ် ဈေးကွက်ထဲမှာ အလွန်အမင်းလိုအပ်လာတဲ့ အချိန်မှသာ ထပ်မံထုတ်လုပ်ကြပြီး ပုံမှန်အချိန်မျိုးမှာ အသုံးပြုသူတွေကို ဆွဲဆောင်ထားနိုင်မယ့် mid-range စမတ်ဖုန်းတွေကို ဆက်တိုက်ဆိုသလို ထုတ်လုပ်လာခဲ့ကြပါတယ်။

အထူးသဖြင့် ဈေးကွက်ထဲမှာ အလယ်အလတ်တန်းစားစမတ်ဖုန်း mid-range ကိုသာ အသားပေးထုတ်လုပ် တဲ့သူတွေဟာ ဈေးကွက်ကို ပိုမိုချဲ့ထွင်လာနိုင်သလို ဈေးနှုန်းလည်း သင့်တင့်တာကြောင့် လူကြိုက်များ လာခဲ့ကြပါတယ်။ အခုအခါမှာ စမတ်ဖုန်းဈေးကွက်ထဲကို PC ထုတ်ကုန်တွေကနေတဆင့် ၀င်ရောက်လာ ခဲ့တဲ့ Acer ဟာ အလားတူ အလယ်အလတ် စမတ်ဖုန်းဈေးကွက်ဝေစုနေရာတစ်နေရာ သူ့ရဲ့ Liquid Series စမတ်ဖုန်းတွေနဲ့ ရယူနိုင်ခဲ့ပြီဖြစ်ပါတယ်။ Liquid Series တွေထဲကမှ သူ့ရဲ့ Liquid Jade Z လို့ခေါ်တဲ့ Hardware အမျိုးအစားကောာင်းမွန်တဲ့ အလယ်အလတ်တန်းစား စမတ်ဖုန်းတစ်လုံးကို ပြီးခဲ့တဲ့ မတ်လအတွင်းမှာ ထပ်မံထုတ်လုပ်ခဲ့ပါတယ်။

Design and Built
ဒီဖုန်းမှာ Acer ရဲ့ ကိုယ်ပိုင်ဟန်ပန်လို့ဆိုနိုင်မယ့် အနားသတ် လုံးဝန်းတဲ့ ပုံစံအတိုင်း တွေ့မြင်ရမှာဖြစ်ပြီး မျက်နှာပြင် ဧရိယာကို အသားပေးတည်ဆောက်ထားတဲ့ အတွက် ဘေးနှစ်ဘက် အနားသတ်ဘောင်တွေ ဟာ အလွန်ကျဉ်းမြောင်းလှပါတယ်။ အနားသတ်ဘောင်တွေလုံးဝန်းပေမယ့် လက်ထဲမှာ ချောထွက် မသွားအောင် ကျောဘက်ကာဗာရဲ့ ပုံစံမှာ Texture လေးတွေထည့်သွင်းပေး ထားပြီး ဘေးပတ်ပတ်လည် ရဲ့ ဘောင်ကို ထိခိုက်မှုဒဏ်ခံနိုင်အောင်တည်ဆောက်ထားပါတယ်။ ဖုန်းရဲ့ မျက်နှာပြင် အပေါ်အောက် အကျယ်အ၀န်းကတော့ အနည်းငယ်နေရာယူတယ်လို့ ထင်ရပြီး အပေါ်ဘက်မှာ Speaker, Camera နဲ့ Sensor စနစ် တွေတည်ရှိမှာ ဖြစ်ပြီး အောက်ဘက်မှာတော့ Acer အမှတ်တံဆိပ် Logo ကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။ ဖုန်းရဲ့ နောက်ကျောဘက်မှာတော့ အရွယ်အစားကြီးမားပြီး အပြင်ကိုအနည်းငယ် ထွက်နေသယောင် တည်ဆောက်ထားတဲ့ ကင်မရာပါဝင်ပြီး အောက်ခြေမှာတော့ အသံထွက် ကြည်လင်ပြတ်သားစေတဲ့ dts speaker ကို တပ်ဆင်ပေးထားပါတယ်။ ကင်မရာနားမှာ အရွယ်အစားသေးငယ်တဲ့ Single LED Flash လေးတစ်ခုပါဝင်ပြီး အလင်းရောင်လိုအပ်တဲ့ ကင်မရာ ရိုက်ကူးမှုတွေအတွက် အပြည့်အ၀စွမ်းဆောင်ပေးနိုင်စေမှာဖြစ်ပါတယ်။

Display and Camera
Liquid Jade Z ရဲ့ မျက်နှာပြင်အရွယ်အစားဟာ 5” ဖြစ်ပြီး စုစုပေါင်းဖုန်းရဲ့ အပေါ်အောက်အကျယ်က 5.65” ရှိပါတယ်။ ဘေးဘက်အကျယ်ဟာလည်း 2.75” ရှိတာကြောင့် အခြား high-end စမတ်ဖုန်းတွေလိုပဲ လက်ထဲမှာ ကိုင်ထားရတာ အချိုးအစားကျန ပြေပြစ်စေမှာ ဖြစ်ပါတယ်။ ဖုန်းရဲ့ အထူဟာလည်း 8.0mm သာရှိပြီး ပေါ့ပေါ့ပါးပါးအသုံးပြုနိုင်စေမှာဖြစ်ပါတယ်။ မျက်နှာပြင်ရဲ့ အရည်အသွေးကတော့ 720x1280p အရည်အသွေးရှိပြီး 294ppi ပါဝင်တဲ့အတွက် ကြည်လင်တောက်ပတဲ့ မျက်နှာပြင်မျိုးနဲ့ ကြည့်ရှုအသုံးပြုနိုင်စေမှာဖြစ်ပါတယ်။ ဒါ့အပြင် မျက်နှာပြင်ကိုလည်း အစင်းရာ၊ အခြစ်ရာတွေ အလွယ်တကူ မထင်စေဖို့အတွက် Gorilla Glass 3 နဲ့ ဖုံးအုပ်ကာကွယ်ပေးထားပါသေးတယ်။ ကင်မရာပိုင်းမှာလည်း 4160x3120 pixels အထိရိုက်ကူးနိုင်တဲ့ 13MP အရည်အသွေးရှိတဲ့ ကင်မရာထည့်သွင်းပေးထားပြီး Video ရိုက်ကူးမယ်ဆိုရင်လည်း 1080p@30fps အထိရိုက်ကူးနိုင်မှာဖြစ်ပါတယ်။ အရှေ့ဘက်မျက်နှာစာ ကင်မရာဟာလည်း 5MP ပါဝင်တဲ့အတွက် ဓာတ်ပုံရိုက်တာ ၀ါသနာပါတဲ့ သူတွေအတွက် ဈေးနှုန်း အနည်းငယ်နဲ့ ရွေးချယ်သင့်တဲ့ ဖုန်းတစ်လုံးဖြစ်ပါတယ်။

Hardware & Feature
ဒီဖုန်းမှာ အဓိက မောင်းနှင်အသုံးပြုထားတဲ့ SoC ကတော့ Mediatek ဖြစ်ပြီး Quad-core 1.5GHz Cortex-A53 CPU ကိုအသုံးပြုပေးထားပါတယ်။ RAM အနေနဲ့လည်း 1GB ရှိတာကြောင့် အလွန်အမင်းမြန်ဆန်ပေမယ့် လုပ်ငန်းဆောင်တာအများအပြားကို တစ်ပြိုင်နက်တည်း လွယ်လွယ်ကူကူပြု လုပ်နိုင်စေမှာဖြစ်ပါတယ်။ အချက်အလက် သိမ်းဆည်းမှုအတွက် 8GB ပါဝင်ပေမယ့် လိုအပ်ခဲ့ရင် 32 GB အထိထပ်မံတိုးချဲ့နိုင်ဖို့ microSD Slot ပါဝင်ပါတယ်။ အလယ်အလတ်တန်းစား စမတ်ဖုန်း တစ်လုံးဖြစ်ပေမယ့် Dual SIM (Nano-Stand-by) အသုံးပြုနိုင်မှာဖြစ်ပြီး Wifi 802.11 b/g/n, Hotspot အစရှိတဲ့ ချိတ်ဆက်နိုင်စွမ်းတွေအကုန်လုံး အသုံးပြုနိုင်မှာဖြစ်ပါတယ်။ Android OS အနေနဲ့လည်း Version 5.0 Lollipop ကို ကိုယ်ပိုင် liquid UI နဲ့ ပေါင်းစပ်ကာ ပေါ့ပါးသွက် လက်အောင် ပြုလုပ်ထားပါတယ်။

Credit : Techspace Journal
Today's Technology မိုဘိုင်းဖုန်းပြုပြင်နည်းသင်တန်း

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 




www.pyaephyo.com