Twitter
သည် ခွင့်ပြုချက် မရှိဘဲ လိင်ပိုင်းဆိုင်ရာနှင့် အဖော်အချွတ်ပုံများကို
၎င်း၏လူမှုရေး မီဒီယာတွင် တင်ခြင်းကို ပိတ်ပင်လိုက်ကြောင်း သိရသည်။
အကယ်၍ သုံးစွဲသူများအနေဖြင့် ၎င်းစည်းမျဉ်းများကို ချိုးဖောက်ခဲ့ပါက account များကို ပိတ်ပင် သွားမည်ဖြစ်ကြောင်း Twitter က ထုတ်ပြန်သွားခဲ့သည်။ အဆိုပါ အပြောင်းအလဲများသည် ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့မှစ၍ Twitter တွင် အသက်ဝင်လာပြီး လူမှုရေးကွန်ရက်ရှိ အနိုင်ကျင်ခံရသည့် သုံးစွဲသူများ စွန့်ခွာခြင်းကို တားဆီးပေးနိုင်မည် ဖြစ်သည်။ Twitter အနေဖြင့် သတ်မှတ်ထားသော စည်းမျဉ်း အပြောင်းအလဲ တစ်ခုမှာ “သုံးစွဲသူများ အနေဖြင့် အခြားသူများ၏ တစ်ကိုယ်ရေနှင့် လျို့ဝှက်အပ်သည့် အချက်အလက်များကို ဖြန့်ချိခြင်း သို့မဟုတ် တင်ခြင်းအပြင် အကြွေးဝယ်ကတ် နံပါတ်များ၊ လမ်းလိပ်စာ သို့မဟုတ် လူမှုဖူလုံရေး နံပါတ်/ နိုင်ငံသား မှတ်ပုံတင် နံပါတ်များကို ၎င်းတို့၏ ခွင့်ပြုချက်မရှိဘဲ တင်ခွင့်မရှိပေ။ တစ်ဦးတစ်ယောက်၏ ခွင့်ပြုချက်မပါဘဲ ဖြန့်ချိထားသော သို့မဟုတ် ရယူထားသော တစ်ကိုယ်ရေဓာတ်ပုံနှင့် ဗွီဒီယိုများကို တင်ခွင့်မရှိ”ဟုရေးသား ဖော်ပြထားသည်။
ထို့အပြင် Twiiter သည် ရုန့်ရင်းကြမ်းတမ်းသော အပြုအမူများကို တားဆီးရန် မူဝါဒများကိုလည်း ဖော်ပြထားသည်။ ၎င်းတို့မှာ “သုံးစွဲသူများ အနေဖြင့် လူမျိုး၊ နိုင်ငံသား၊ နိုင်ငံဖွား၊ ဘာသာတရား၊ လိင်ပိုင်းဆိုင်ရာ၊ လိင်ကွဲပြားမှု၊ အသက်အရွယ် သို့မဟုတ် မသန်စွမ်းဖြစ်ခြင်း အကြောင်းများကြောင့် အဖွဲ့သို့မဟုတ် တစ်ဦးတစ်ယောက်အပေါ် ခြိမ်းခြောက်ခြင်းအပြင် အခြားသုံးစွဲသူများသို့ တိုက်ရိုက် ခြိမ်းခြောက်ခြင်း တို့ကို ပြုလုပ်ခွင့်မရှိ”ဟုဖော်ပြ ထားသည်။
အွန်လိုင်းတွင် အနှောင့်အယှက် ပေးခြင်းနှင့် အနိုင်ကျင့်ခြင်းသည် Twitter တွင် မြင်တွေ့နေကျ အကြောင်းတစ်ခု ဖြစ်လာသည်။ ထို့ကြောင့် Twitter အမှုဆောင် အရာရှိချုပ် ဒစ်ကိုစတိုလိုသည် လူမှုရေး မီဒီယာပေါ်ရှိ နေ့စဉ်နှင့်အမျှ ဖြစ်ပေါ်နေသည့် နှောင့်ယှက်မှုနှင့် ရိုင်းစိုင်းစွာပြောဆိုမှု စသည့်အားနည်း ချက်များကို ပြုပြင်ရန် အာရုံစိုက်ပြီး ၎င်းလုပ်ရပ်များအပေါ် ပြင်းပြင်းထန်ထန် အရေးယူသွား မည် ဖြစ်ကြောင်း ပြောကြားထားခဲ့သည်။
Ref : CNET