Ooredoo Myanmar သည် ၎င်း၏ မိုဘိုင်းဖုန်း နံပါတ်အလှများကို iPhone နှင့် တွဲဖက်ရောင်းချရန် စီစဉ်ဆောင်ရွက်နေသည်ဟု သိရသည်။
Ooredoo ၏ မိုဘိုင်းဖုန်း အသုံးပြုသူများထံ မတ်လ ၁၇ ရက်က SMS တစ်စောင် ဝင်ရောက်လာခဲ့ပြီး အဆိုပါ SMS တွင် iPhone 6 နှင့် iPhone 6 Plus ကို ၎င်းတို့၏ တရားဝင် အရောင်း ဆိုင်များ၌ မကြာခင် ဝယ်ယူနိုင်တော့မည်ဟု ရေးသားဖော်ပြထားကြောင်း သိရသည်။
“ဒါက နံပါတ်အလှတွေနဲ့ တွဲရောင်းဖို့ စီစဉ်ထားတာပါ။ Apple ကို တရားဝင် ကိုယ်စားလှယ် ရရှိထားတဲ့ TMW နဲ့ ပေါင်းပြီး လုပ်ထားတာပါ။ မကြာခင်မှာ ထပ်ပြီး ကြေညာပေးပါမယ်” ဟု Ooredoo ၏ ပြန်ကြားရေးတာဝန်ခံ ဒေါ်သီရိကြာညိုက ပြောသည်။
Ooredoo ၏ တရားဝင် ထုတ်ပြန်ကြေညာချက်များအရ iPhone 6 နှင့် iPhone 6 Plus ဝယ်ယူသူများသည် ကြယ်တစ်ပွင့်အဆင့်ရှိသည့် Ooredoo မိုဘိုင်းဖုန်း နံပါတ်အလှကို ပိုင်ဆိုင်ရရှိမည့်အပြင် ၄၅,၀၀၀ ကျပ် တန်ဖိုးရှိသည့် ဝန်ဆောင်မှုများကိုလည်း ၂၀,၀၀၀ ကျပ်ဖြင့် အသုံးပြုခွင့် ရရှိမည်ဟု သိရသည်။
အဆိုပါ iPhoe 6 နှင့် iPhone 6 Plus ဟန်းဆက်ဈေးနှုန်းများကို တရားဝင် ထုတ်ပြန်ကြေညာထားခြင်း မရှိသော်လည်း အဆိုပါဟန်းဆက်များကို ဝယ်ယူသူတိုင်း နံပါတ်အလှကို သတ်မှတ်ချက် အတိုင်း ရွေးချယ် ခွင့် ပေးအပ်မည်ဟု သိရသည်။ ထို့အပြင် iPhone နှင့် Ooredoo ဆင်းမ်ကတ်နှင့် တွဲဖက် အသုံးပြုသူများ အား အထူးအစီအစဉ်အဖြစ် ဝန်ဆောင်မှုများကို ၅ ကြိမ်အထိ ဝယ်ယူ အသုံးပြုခွင့်ရရှိမည်ဟု သိရသည်။