ပြီးခဲ့သည့်
တနင်္လာနေ့က Apple သည် ပါးလွှာပြီး Retina Display ပါဝင်လာသည့်
အလွန်ပေါ့ပါးမှုရှိသော MacBook laptop အသစ်တစ်မျိုးကို မိတ်ဆက်သွားခဲ့သည်။
MacBook ကို ပြန်လည်ပြင်ဆင် ဖန်တီးခြင်းဖြင့် ကုမ္ပဏီ၏ အရည်အသွေးပိုင်းကို မြှင့်တင်ရန် ကြိုးစားနေကြောင်း Apple အမှုဆောင် အရာရှိချုပ်တင်မ်ကွတ်က ဆန်ဖရန်စစ္စကိုမြို့၌ ကျင်းပခဲ့သည့် သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ Apple ၏ MacBook အသစ်တွင် pixel ပေါင်း ၃.၃ သန်းပါဝင်သည့် ၁၂ လက်မ Retina Display ပါဝင်လာသည်။ ထို့အပြင် ယခု MacBook အသစ်တွင် ပန်ကာမပါဝင်ဘဲ ဘက်ထရီသက်တမ်း ပိုမိုတာရှည်ခံသော Intel ၏ Core M စွမ်းအင်သုံးစွဲမှု သက်သာသည့် ပရိုဆက်ဆာကို အသုံးပြုထားသည်။ Apple အနေဖြင့် MacBook သုံးစွဲသူများအတွက် အခြား laptop များထက် feature များစွာ ပါဝင်လာစေရန် ဖန်တီးပေးထားသည်။
MacBook laptop သစ်သည် ၁၁ လက်မအရွယ်ရှိ MacBook Air ထက် ၂၄ ရာခိုင်နှုန်း ပိုမိုပါးလွှာသည်။ ၎င်း MacBook အသစ်၏ အလေးချိန်မှာ ၂ ပေါင်ဖြစ်သည်။ အထူမှာ ၁၃.၁ မီလီမီတာရှိပြီး laptop အတွင်း ပါဝင်သည့် ဘက်ထရီမှာ ဝက်ဘက်ဆိုက်များကို ၉ နာရီအထိ ကြည့်ရှုနိုင်သည်။ Apple သည် MacBook ကိုကန်ဒေါ်လာ ၁,၂၉၉ ဖြင့်စတင် ရောင်းချသွားမည်ဖြစ်ပြီး ငွေရောင်၊ မီးခိုးရောင်နှင့် ရွှေရောင်ဟူ၍ သုံးမျိုး ထုတ်လုပ်ကာ ဧပြီလ ၁၀ ရက်၌ တင်ပို့ရောင်းချ သွားမည်ဖြစ်သည်။
ထို့အပြင် Apple သည် MacBook သစ်တွင် ပထမဆုံးအကြိမ်အဖြစ် touch response ပါဝင်သည့် trackpad ကိုအဆင့်မြှင့်တင်ပေးပြီး Force Touch နည်းပညာကို ထည့်သွင်းပေးထားခဲ့သည်။ ထို့အပြင် သုံးစွဲသူများ အနေဖြင့် MacBook ဖြင့်အမျိုးမျိုးသော click များကို အသုံးပြုနိုင်ရန် စီစဉ်ပေးထားပြီး Wikipedia ဖြင့်ချိတ်ဆက် ထားသော browser အတွင်းစကားလုံး တစ်လုံးပေါ်တွင် force click ဟုအမည် ရသည့် mouse click ကိုဖိနှိပ်၍ အသုံးပြုနိုင်မည် ဖြစ်သည်။
MacBook သစ်တွင် iPhone သို့မဟုတ် iPad ကဲ့သို့အခြား ထုတ်ကုန်များမှ download နှင့် ဗွီဒီယို output အပြင် အားသွင်းခြင်းတို့ကို connector တစ်ခုတည်းဖြင့် ပြုလုပ်နိုင်သော USB-C port အသစ် ပါဝင်လာသည်။ ထို့အပြင် USB-C port ကို ဘက်ရွေးစရာ မလိုအပ်ဘဲ အသုံးပြုနိုင်မည် ဖြစ်သည်။
Ref : CNET