အပြည်ပြည်ဆိုင်ရာ
အင်တာနက်ဆက်ကြောင်း အနေဖြင့် SEA ME WE 3 ဆက်ကြောင်းတစ်ခုကိုသာ ချိတ်ဆက်အသုံးပြုနေသည့် မြန်မာနိုင်ငံသည် ၂၀၁၅ ခုနှစ်အတွင်း AAE 1 အပြည်ပြည်
ဆိုင်ရာ အင်တာနက်ဆက်ကြောင်း အသစ်နှင့် ထပ်မံ ချိတ်ဆက်နိုင်တော့မည်
ဖြစ်ကြောင်း သိရသည်။
Asia Africa Europe 1(AAE 1) အပြည်ပြည်ဆိုင်ရာ အင်တာနက် ဆက်ကြောင်းသည် ပင်လယ်ရေအောက် ဆက်ကြောင်းဖြစ်ပြီး မြန်မာနိုင်ငံကို ငွေဆောင်မြို့နယ်အနီးမှ ကုန်းတွင်းပိုင်းသို့ ဝင်ရောက်လာမည်ဟု သိရသည်။
“ယခုနှစ်ထဲမှာ အပြည်ပြည်ဆိုင်ရာ အင်တာနက်ဆက်ကြောင်းတွေကို မြန်မာက ချိတ်ဆက်အသုံးပြုနိုင် မယ်လို့ ထင်ရတယ်” ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းနှင့် နီးစပ်သူတစ်ဦးက ပြောသည်။
၂၀၁၅ ခုနှစ်အတွင်း မြန်မာနိုင်ငံအနေဖြင့် အပြည်ပြည်ဆိုင်ရာ အင်တာနက်ဆက်ကြောင်း အသစ်များနှင့် ချိတ်ဆက်ရာတွင် AAE 1 အင်တာနက်ဆက်ကြောင်း တစ်ခုတည်းအနေဖြင့်သာ မဟုတ်ဘဲ SEA ME WE 5 အင်တာနက်ဆက်ကြောင်းနှင့်လည်း ချိတ်ဆက်သွားမည်ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက သတင်း ထုတ်ပြန်ထားသည်။
လက်ရှိအသုံးပြုနေသည့် SEA ME WE 3 အင်တာနက်ဆက်ကြောင်းသည် သက်တမ်းလွန်နေသည့် အင်တာနက်ဆက်ကြောင်း တစ်ခုဖြစ်ပြီး မကြာခဏ ပြတ်တာက်မှုများနှင့်လည်း ကြုံတွေ့နေရသည် ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ အင်ဂျင်နီယာချုပ်တစ်ဦးက ပြောသည်။
“SEA ME WE 4 တုန်းက မြန်မာက မချိတ်လိုက်ရဘူးလေ။ SEA ME WE 5 ကိုတော့ မြန်မာအနေနဲ့ မချိတ်လို့ကို မရတော့တဲ့ အနေအထားမှာ ဖြစ်လာတယ်” ဟု ဆက်သွယ်ရေးမှ အမည်မဖော်လိုသူ အင်ဂျင်နီယာမှူးတစ်ဦးက ပြောသည်။
မြန်မာနိုင်ငံအနေဖြင့် တယ်လီကွန်း အခန်းကဏ္ဍကို ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ခဲ့သည့်နောက်ပိုင်း မိုဘိုင်း ဖုန်းကိုင်ဆောင်အသုံးပြုသူနှင့် အင်တာနက် Data အသုံးမှု အခန်းကဏ္ဍသည် အရှိန်အဟုန်နှင့် တိုးတက် မြင့်မားလာခဲ့သည့်အတွက် အင်တာနက် Bandwidth ပိုင်ဆိုင်မှုမှာ အရေးပါသည့် အခြေအနေ သို့ ရောက်ရှိလာခဲ့ကြောင်း၊ အပြည်ပြည်ဆိုင်ရာ အင်တာနက် ဆက်ကြောင်း သစ်များနှင့် ချိတ်ဆက်နိုင်ခြင်း မရှိ သေးသည့် ယခုအချိန်၌ အိမ်နီးချင်းနိုင်ငံများမှ ကုန်းတွင်းဆက်ကြောင်းများကို သွယ်တန်း၍ မြန်မာနိုင်ငံ က ပြန်လည်ဝယ်ယူ အသုံးပြုနေရကြောင်း သိရသည်။

Internet Journal