၂၀၁၆ ကတော့ Samsung အတွက် ကံဆိုးတဲ့ နှစ်လို့ ပြောလို့ရပါတယ်။ Note 7
ဖုန်းတွေ ပေါက်ကွဲခဲ့သလို တရားရင်ဆိုင်မှုတွေ ရှိခဲ့ပါတယ်။ ဒါပေမယ့်လည်း
Samsung ဟာ သူ့ရဲ့ သမိုင်းမှာ အကောင်းဆုံး ဖုန်းတွေဖြစ်တဲ့ Galaxy S7 နဲ့
S7 Edge တို့ကို ထုတ်လုပ်နိုင်ခဲ့ပါတယ်။ ဒါ့အပြင် Notebook 9 နဲ့ ArtPC
Pulse Desktop တို့လို အကောင်းဆုံး ထုတ်ကုန်များကို ချပြနိုင်ခဲ့ပါတယ်။
KS9500 Series 4K TV များဟာ အကောင်းဆုံး 4K TV စာရင်းဝင်ခဲ့ပါတယ်။
ဈေးနှုန်းသက်သာတဲ့ Gear VR Headset ကိုလည်း ဖန်တီးနေပါတယ်။ အဲဒီအတွက် ၂၀၁၇
မှာ Samsung ချပြမယ့် ထုတ်ကုန်များကလည်း စိတ်ဝင်စားဖို့ ကောင်းနေပါတယ်။
မိုဘိုင်း
လာမယ့်နှစ်မှာတော့ Samsung က စမတ်ဖုန်း ၆ လုံး လောက်ထုတ်လုပ်မှာပါ။ Galaxy S8 , S8 Edge နဲ့ Note 8 တို့ကတော့ သေချာပေါက် ချပြမယ့် ဖုန်းတွေပါ။ Samsung က စွမ်းဆောင်ရည်နိမ့်နဲ့ စွမ်းဆောင်ရည်သင့် Galaxy A Series များကိုလည်း ဖန်တီးနေပါတယ်။ Galaxy A3 , A5 နဲ့ A7 တို့ ဖြစ်ပါတယ်။ ဖုန်းအားလုံးကို အဆင့်မြှင့်ထားမှာပါ။ Galaxy S8 မှာ USB-C ပါလာနိုင်ပါတယ်။
iPhone 7 မှာလို Galaxy S8 မှာ Headphone Jack ကို ဖြုတ်ထားနိုင်ပါတယ်။ နောက်ပြီး Galaxy S8 ကို ဘေးဘောင်မဲ့ ဒီဇိုင်း ဖန်တီးမှာ ဖြစ်ပြီး Home Button နဲ့ လက်ဗွေရာ အာရုံခံ ကိရိယာကို စကရင်အောက်မှာ မြှပ်ထားမှာပါ။ ပေါက်ကြားထွက်ပေါ်နေတဲ သတင်းများအရ 4K Screen , 6GB RAM , Dual-Lens Rear Camera တို့ တပ်ဆင်ထားမှာပါ။
Samsung ရဲ့ ထုံးစံအတိုင်း Mobile World Congress(MWC) မတိုင်ခင် တစ်ရက်မှာ S8 , S8 Edge တို့ကို မိတ်ဆက်နိုင်ပါတယ်။ Samsung က ၂၀၁၇ အစောပိုင်းမှာ ခေါက်ချိုးနိုင်တဲ့ ဖုန်း ၂ လုံးကို မိတ်ဆက်မယ်လို့ သတင်းထွက်နေပါတယ်။
တက်ဘလက်နဲ့ ကွန်ပြူတာ
Samsung က လာမယ့်နှစ် ပထမကွာတားမှာ Galaxy Tab S2 Tablet ကို မိတ်ဆက်မှာ ဖြစ်ပါတယ်။ ယခုနှစ်မှာ ထုတ်လုပ်ရောင်းချခဲ့တဲ့ Galaxy TabPro S မှာ Android အစား Windows 10 ကို ထည့်သွင်းပေးခဲ့ပါတယ်။ တက်ဘလက်မှာ ၀င်းဒိုးကို စတင် ချဉ်းကပ်ခဲ့တာကြောင့် လာမယ့်နှစ်ထုတ် တန်ဖိုးနည်း တက်ဘလက်များမှာလည်း ၀င်းဒိုး ထည့်သွင်းပေးနိုင်ပါတယ်။ သတင်းတွေအရ လာမယ့်နှစ်ထုတ် Galaxy Tab S3 ကို မော်ဒယ် ၂ မျိုးထုတ်လုပ်ပေးမှာ ဖြစ်ပြီး LTE ပါတဲ့ မော်ဒယ်နဲ့ မပါတဲ့ မော်ဒယ် ဖြစ်ပါတယ်။
လာမယ့်နှစ်မှာ မိတ်ဆက်မယ့် Samsung ရဲ့ Android Tablet သတင်းတွေကိုတော့ မသိရသေးပါဘူး။ တက်ဘလက်အစား လက်တော့၊ တက်ဘလက် ၂ မျိုးသုံးတွေကို ထုတ်လုပ်နိုင်ပါတယ်။ SamMobile က လာမယ့်နှစ်မှာ Galaxy TabPro S2 ကို မော်ဒယ် ၄ မျိုး ထုတ်လုပ်မယ်လို့ အတည်ပြုထားပါတယ်။ အဲဒီတက်ဘလက်များဟာ ၁၂ လက်မ 2160×1440 Screen ဖြစ်ပြီး Intel Core M Series Processor ကို ထည့်သွင်းထားမယ်လို့ သတင်းထွက်နေပါတယ်။
Samsung ရဲ့ လာမယ့်နှစ်ထုတ် ကွန်ပြူတာ သတင်းများကိုတော့ မကြားရသေးပါဘူး။ ဒါပေမယ့် ယခုနှစ်ထုတ် Notebook 9 ထက် စွမ်းရည်မြင့်မားတဲ့ လက်တော့တွေကိုတော့ မိတ်ဆက်မှာ သေချာပါတယ်။ ဒါ့အပြင် ယခုနှစ်ထက် စွမ်းရည်မြင့်မားတဲ့ ပီစီများကိုလည်း မြင်ရဦးမှာပါ။
4K TV
4K TV များဟာ လာမယ့်နှစ်မှာ ပိုမိုရေပန်းစားလာမှာပါ။ ယခုနှစ်ထုတ် KS9500 Series များဟာ အရည်အသွေးမြင့် အသံနဲ့ HDR ပုံရိပ် နည်းပညာ ကောင်းမွန်မှုကြောင့် ပြိုင်ဖက်များထက် သာလွန်ခဲ့ပါတယ်။ ဖောက်သည်များရဲ့အကောင်းမြင်တဲ့ ဝေဖန်သုံးသပ်ချက်များစွာကို ရခဲ့တဲ့အတွက် Samsung က လာမယ့်နှစ်မှာလည်း အကောင်းစား 4K TV များကို မိတ်ဆက်မှာ သေချာပါတယ်။
LG နဲ့ Sony တို့က OLED Display များကို ပြောင်းသုံးနေကြပေမယ့် Samsung ကတော့ သူ့ရဲ့ Quantum Dot နည်းပညာကိုပဲ ဆက်သုံးမယ်လို့ အတည်ပြုထားပါတယ်။ ဒီနည်းပညာဟာ OLED ထက် ကြည်လင်ပြတ်သားမှုနဲ့ အလင်းရောင် အပိုင်းမှာ ပိုမိုသာလွန်တယ်ဆိုတာ သက်သေပြပြီးပါပြီ။ ဒါ့အပြင် Quantum Dot ဟာ ကုန်ကျစားရိတ်သက်သာတဲ့ အတွက် ဈေးနှုန်းအပိုင်းမှာ အသာစီး ရနိုင်ပါတယ်။
Virtual Reality
မကြာခင်ကပဲ Samsung က တတိယမျိုးဆက် Gear VR Headsets များကို မိတ်ဆက်ခဲ့ပါတယ်။ လာမယ့်နှစ်မှာတော့ ပိုမိုပြည့်ဝတဲ့ အတွေ့အကြုံကို ခံစားနိုင်ဖို့အတွက် မျက်စိနဲ့ ပါးစပ်ကို အာရုံခံနိုင်တဲ့ နည်းပညာကိုပါ ထည့်သွင်းတော့မှာပါ။ ဒါပေမယ့် ဒါဟာ Samsung မှတ်ပုံတင်ထားတဲ့ Patent တစ်ခုသာဖြစ်ပြီး အမှန်တကယ် ထည့်သွင်းချင်မှ ထည့်သွင်းမှာပါ။ ပိုမိုကောင်းမွန်တဲ့ Apps နဲ့ Resolution များ ဖြစ်အောင် လာမယ့်နှစ်မှာ Samsung က ကြိုးစားအားထုတ်မှာ ဖြစ်ပါတယ်။

www.pyaephyo.com