3/04/2015

♪ အင်တာနက်အသုံးပြုခကို ၅၀ ရာခိုင်နှုန်းခန့် လျှော့ချ ♫


မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းသည် ၎င်းတို့၏ အင်တာနက် အသုံးပြုခကို မတ်လ ၄ ရက်မှ ၃၁ ရက်အထိ ၅၀ ရာခိုင်နှုန်း လျှော့ချလိုက်ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။

အင်တာနက် အသုံးပြုခ ၅၀ ရာ ခိုင်နှုန်း လျှော့ချပေးခြင်းသည် ဆွေသဟာဝန်ဆောင်မှု အသုံးပြုသူများ အတွက်သာဖြစ်ပြီး မိနစ်အလိုက် ပေးဆောင်နေသည့် အင်တာနက် အသုံးပြုသူများ ပါဝင်ခြင်းမရှိကြောင်း သိရသည်။

မြန်မာ့ဆက်သွယ်ရေး၏ ဆွေသဟာ ဝန်ဆောင်မှု၌ 1 MB လျှင် ၁၅ ကျပ် သတ်မှတ်ထားသော်လည်း ပရိုမိုးရှင်း ကာလအတွင်း ၅၀ ရာခိုင်နှုန်း လျှော့ချပေးထားသည့်အတွက် 1MB လျှင် ၇ ကျပ်နှင့် ပြား ၅၀ သာ ကျသင့်မည်ဟု သိရသည်။

အထူးခြားဆုံးအနေဖြင့် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းသည် ယခင်က အင်တာနက် အသုံးပြုသူများကို 1GB Plan အထိသာ အသုံးပြုစေခဲ့သော်လည်း ယခုအခါ 5GB Plan ကို စတင် မိတ်ဆက် လိုက်ပြီ ဖြစ်ကြောင်း၊ အဆိုပါ 5GB Plan ကို ပရိုမိုးရှင်းကာလအတွင်း အသုံးပြုမည်ဆိုပါက 1MB လျှင် ၅ ကျပ်နှုန်းသာ ကျသင့်တော့မည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ခဲ့သည်။

ဆက်သွယ်ရေး အော်ပရေတာများအနက် အင်တာနက် အသုံးပြုနိုင်သည့် Plan များကို Ooredoo က အမြင့်ဆုံး ပေးအပ်ထားပြီး အဆိုပါအမြင့်ဆုံး Plan မှာ 10 GB ဖြစ်ကြောင်း၊ တစ်လတာအတွင်း အသုံးပြုရ မည်ဖြစ်သည့် အဆိုပါ အမြင့်ဆုံးသော Plan ကို Ooredoo က ၅၅,၉၀၀ ကျပ် သတ်မှတ်ထားကြောင်း သိရသည်။

မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းအနေဖြင့် ယခင်က 400 MB Plan နှင့် 1 GB Plan သာ ရှိခဲ့သော်လည်း တပေါင်းလပြည့်နေ့ကို အကြောင်းပြု၍ 5 GB Plan ကို စတင်မိတ်ဆက်ပေးခဲ့သည့်အပြင် မတ်လ တစ်လတာကာလအတွင်း ၎င်းတို့၏ အင်တာနက် အသုံးပြုသူများအတွက် ဈေးနှုန်းများကိုလည်း ၅၀ ရာခိုင်နှုန်းဝန်းကျင် လျှော့ချပေးခဲ့သည်။

400 MB Plan အတွက် ယခင် က ၅,၀၀၀ ကျပ် သတ်မှတ်ထားသော်လည်း ပရိုမိုးရှင်းကာလအတွင်း ၂,၈၀၀ ကျပ်အဖြစ်သို့လည်းကောင်း၊ 1 GB Plan ကို ယခင်က ၁၀,၀၀၀ ကျပ် သတ်မှတ်ထားသော်လည်း ပရိုမိုးရှင်းကာလအတွင်း ၆,၅၀၀ ကျပ် အဖြစ်သို့လည်းကောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက ပြောင်းလဲ သတ်မှတ်ပေးခဲ့သည်။

အဆိုပါ PLan များသည် ရက် ၃၀ အတွင်း အသုံးပြုရမည့် Plan များဖြစ်ကြပြီး အသစ်ထပ်မံ မိတ်ဆက်လိုက် သည့် 5 GB Plan ကိုမူ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက ၂၅,၀၀၀ ကျပ် သတ်မှတ်ထားကြောင်း သိရ သည်။

Internet Journal

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 




www.pyaephyo.com