1/06/2015

♪ ဒီဇိုင်းနှင့် မျက်နှာပြင် အရွယ်အစားသစ်တို့ဖြင့် ပွဲထွက်လာသည့် Lenovo Yoga 3 ♫



Lenovo သည် ၁၁ လက်မနှင့် ၁၄ လက်မအရွယ် အသီးသီးရှိသော Yoga 3 ထုတ်ကုန်ကို CES ပြပွဲတွင် မိတ်ဆက်ပေးခဲ့သည်။

Lenovo သည် ၂၀၁၄ ခုနှစ်နှောင်းပိုင်းက Yoga 3 Pro ကို ထုတ်လုပ်ခဲ့ပြီး ၎င်းထုတ်ကုန်သည် ထွက်ရှိသမျှ Yoga ထုတ်ကုန်များတွင် ဆန်းသစ်မှုအရှိဆုံး ထုတ်ကုန်တစ်ခုဖြစ်ခဲ့သည်။ Yoga 3 Pro သည် ယခင်ထွက်ရှိထားသော ဗားရှင်းများထက် ပါးလွှာပြီး သာမန် laptop မှ ၃၆၀ ဒီဂရီအထိလှည့်နိုင်သည့် ပတ္တာပါဝင်သည်။ ယခု CES 2015 ပြပွဲတွင် Lenovo သည် Yoga 3 Pro နှင့်အလွန်ဆင်တူသော Yoga 3 ထုတ်ကုန်ကို ပြသခဲ့ပြီး ထုတ်ကုန်သစ်များတွင် ပတ္တာနှစ်ခုဖြင့် ဖန်တီးထားသော ဒီဇိုင်းပါဝင်လာသည်။ Lenovo က အဆိုပါ ပတ္တာဒီဇိုင်းသည် Yoga 3 ကိုသုံးစွဲရာတွင် လွယ်ကူမှုရှိစေရန် မွမ်းမံ ထားခြင်း ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။

Yoga 3 ၁၄ လက်မဗားရှင်း၏ အထူမှာ ၁၈.၃ မီလီမီတာရှိပြီး 1,920x 1,080 pixel display ကို အသုံးပြုထားသည်။ Yoga 3 ၁၁ လက်မဗားရှင်း၏ အထူမှာ ၁၅.၈ မီလီမီတာရှိကာ Yoga 3 Pro ထက် အလွန်အမင်း ပေါ့ပါးကြောင်း သိရသည်။ ၁၄ လက်မဗားရှင်းတွင် Intel Core i-series CPU များပါဝင်သောကြောင့် အလွန်ကောင်းမွန်သည့် စွမ်းဆောင်ရည်နှင့် ဘက်ထရီသက်တမ်း ထောက်ပံ့မှုရရှိမည်ဖြစ်သည်။ Yoga 3 ၁၁ လက်မဗားရှင်းတွင်မူ Intel Core M ကို အသုံးပြုထားသည်။

Lenovo သည် Yoga 3 ကို အဝါ၊ ငွေ၊ အဖြူနှင့် အနက်ဟူ၍ အရောင်လေးမျိုးဖြင့် ထုတ်လုပ်သွားမည်ဖြစ်ပြီး ၁၁လက်မ Yoga 3 ကို ကန်ဒေါ်လာ ၇၉၉ ဖြင့်လည်းကောင်း၊ ၁၄ လက်မ Yoga 3 ကို ကန်ဒေါ်လာ ၉၇၉ ဖြင့်လည်းကောင်း ရောင်းချပေးမည်ဟု သိရသည်။

Ref : CNET

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 



www.pyaephyo.com