Asus က CES ပွဲတွင် စမတ်ဖုန်း အသစ်နှစ်လုံးကို ကြေညာလိုက်ပါသည်။
Zenfone 2
Zenfone 2 တွင် ၅.၅ လက်မ 1080p မျက်နှာပြင်ပါရှိပြီး မျက်နှာပြင်၏ ဘယ်၊ ညာဘက်ရှိ ဘေးဘောင်များသည် သေးငယ်ပါသည်။ မျက်နှာပြင်ကို Gorilla Glass 3 ဖြင့် ကာကွယ်ထားပါသည်။ LTE ဆက်သွယ်မှုကို Dual-SIM Slot နှစ်ခုစလုံးတွင် အသုံးပြုနိုင်မည် ဖြစ်ပြီး 2.3GHz Intel Atom Z3580 Chipset တပ်ဆင်ထားပါသည်။ ကမ္ဘာ့ ပထမဆုံး အနေဖြင့် 4GB RAM ပါရှိသော စမတ်ဖုန်း ဖြစ်လာပါသည်။
HDR , Manual Mode ပါသော 13MP Camera ကို အနောက်ဘက်တွင် တပ်ဆင်ထားပြီး အရှေ့ဘက်ရှိ 5MP ကင်မရာသည် ၁၄၀ ဒီဂရီ မြင်ကွင်းကျယ်ဖြင့် Selfie Panorama ဓါတ်ပုံများကို ရိုက်ကူးနိုင်ပါသည်။ 3000mAh Battery တပ်ဆင်ထားပြီး လျှင်မြန်စွာ အားပြန်ဖြည့်နိုင်သော နည်းပညာက ၃၉ မိနစ်အတွင်း ၆၀ ရာခိုင်နှုန်းကို အားဖြည့်ပေးနိုင်ပါသည်။
ZenUI နောက်ဆုံး ဗားရှင်းထည့်သွင်းပေးထားပြီး Theme, Fonts, Icons များကို စိတ်ကြိုက်ပြောင်းလဲနိုင်ပါသည်။ Android 5.0 Lollipop ကို အခြေပြုထားသဖြင့် Apps , File တစ်ခုချင်းစီအတွက် Password များသတ်မှတ်ထားနိုင်ပါသည်။ Instant Updates စွမ်းဆောင်ချက်က Firmware ကို Update ပြုလုပ်ပေးသည့် ရာသီစက်ဝန်းမရောက်ခင်တွင်ပင် ZenUI Apps များကို နောက်ဆုံးဗားရှင်းသို့ အဆင့်မြှင့်ပေးနိုင်ပါသည်။
Zenfone 2 ကို အနက်၊ ရွှေ၊ အညို၊ အနီ၊ အဖြူရောင်များ ထုတ်လုပ်ပေးထားပြီး ၂၀၁၅ ခုနှစ် နှစ်လယ် တွင် ရောင်းချမည် ဖြစ်သည်။ 2GB RAM/ 16GB Storage အမျိုးအစားကို ဒေါ်လာ ၁၉၉ ဖြင့် ရောင်းချ မည် ဖြစ်ပြီး 4GB RAM အမျိုးအစား၏ ဈေးနှုန်းကို မသိရသေးပါ။
Zenfone Zoom
Zenfone Zoom တွင် ၅.၅ လက်မ 1080p Display , 13MP Camera တပ်ဆင်ထားပါသည်။ သူ၏ အဓိက စွမ်းရည်မှာ 3x Optical Zoom Lens ဖြစ်ပြီး Optical Image Stabilization နည်းပညာလည်း ပါရှိပါသည်။ Zoom Lens မှ လွဲ၍ Zenfone Zoom သည် Zenfone 2 နှင့် တူညီသော Specification များပါရှိပါသည်။
Zenfone Zoom တွင် LG G3 တွင် အသုံးပြုထားသော Focus System နှင့် တူညီသည့် True Tone LED Flash နှင့် Laser Focus ပါရှိပါသည်။ Asus က Zenfone Zoom ကို CES တွင် ပြသခြင်းမရှိဘဲ Lens ၏ အောက်တွင် xenon flashlight ဟု ရေးသားထားသည့် Zenfone Zoom ၏ ဓါတ်ပုံတစ်ပုံကို သာ ပြသထားပါသည်။
Asus က Zenfone Zoom ကို ဒေါ်လာ ၃၉၉ ဖြင့် ဇူလိုင်လ မတိုင်မီတွင် ရောင်းချပေးမည် ဖြစ်သည်။ အနက်နှင့် အဖြူရောင်များ ရွေးချယ်နိုင်မည် ဖြစ်သည်။