10/03/2017

♪ " iOS 11 " အကြောင်းအသေးစိတ်ရှင်းလင်းချက်များ ♫

Image may contain: one or more people and phone

iOS 11 ဟာ တရားဝင်ရရှိနိုင်ပြီဖြစ်ပြီး iPhone နဲ့ iPad အတော် များများဆီ ရောက်ရှိလာမှာ ဖြစ်တဲ့အတွက် အဆင့်မြှင့်တင်မယ့်သူတွေများမယ်လို့ ယူဆနိုင်ပါတယ်။ iPhone ထဲကို iOS 11 ရောက်လာပြီဆိုတာနဲ့ ပုံမှန်ထက်ကွဲပြားနေတဲ့ကိစ္စတွေကိုတွေ့ရမှာဖြစ်ပြီး OS နဲ့ ပတ်သက်တဲ့အတွေ့ အကြုံနဲ့ ခံစားချက်ကတော့ အတူတူပဲဖြစ်ပါလိမ့်မယ်။ ဥပမာ Control Center ဟာ လုံးဝပုံစံကွဲပြားနေ ပြီး notification ဟာလည်း မသိမသာပြောင်းလဲလာခဲ့ပါတယ်။ ပြောင်းလဲမှုတွေရှိပေမယ့် လုံးဝကြီး အသစ်ဖြစ်သွားတာမျိုး မဟုတ်ပါဘူး။ iPad မှာတော့ ဒီလိုပြောမရဘဲ Apple ဟာ အပြောင်းအလဲ တွေကို ကြီးကြီးမားမားလုပ်ခဲ့ပါတယ်။ Apple dock ကိုမိတ်ဆက်ပေးခဲ့ပြီး app တွေကို မြန်မြန်ဆန် ဆန်သုံးစွဲနိုင်လာပါတယ်။ Multitasking အလုပ်လုပ်ပုံကိုလည်း ပြောင်းလဲပစ်ခဲ့ပြီး split screen apps တွေသုံးရာမှာ ပိုမိုကောင်းမွန်လာခဲ့ပါတယ်။ iOS 11 မှာပါတဲ့ အပြောင်းအလဲတွေထဲက အဓိကကျတဲ့ အပြောင်းအလဲတွေကိုကြည့်ရင် ဒီအတိုင်းတွေ့ရမှာ ဖြစ်ပါတယ်။

Control Center
>>>>><<<<<
iOS 11 မှာ စတင်သိထားရမယ့်အရာကတော့ အသစ်ဖြစ်လာတဲ့ Control Center ပဲဖြစ်ပါတယ်။ ဒီဇိုင်းအသစ်ပြင်ဆင်ခဲ့ပြီး screen တစ်ခုတည်းမှာပဲ အားလုံးပါဝင်လာတာဖြစ်လို့ အရင်လို နှစ်မျက်နှာ၊ သုံးမျက်နှာဆွဲသွားပြီး ကြည့်စရာမလိုတော့ပါဘူး။ အစပိုင်းမှာ သုံးရတာတစ်မျိုးဖြစ်နေနိုင်ပေမယ့် တချို့ဟာ ရိုးရိုးခလုတ်တွေဖြစ်ပြီး တချို့ဟာ Force touch ကိုသုံးရင် option တွေ ထပ်ရွေးနိုင်တယ် ဆိုတာ သိရှိလာကြမှာဖြစ်ပါတယ်။ အားသာချက်တွေရှိလာပြီး Air Plane mode မှာ Bluetooth ကို ဖွင့်သုံးခဲ့ရင် နောက်တစ်ခါထပ်ဖွင့်ရင် bluetooth ကိုပါ တစ်ပါတည်းဖွင့်ပေးထားတာမျိုးပါ။ Apple ဟာ ဒီအထဲကို third-party developer တွေကိုတော့ ၀င်ရောက်ခွင့် မပေးသေးပါဘူး။ Apple TV remote ပါဝင်လာခဲ့ပြီး Lock screen မှာ Control Center ကို ဖွင့်ထားခဲ့ရင် သင့်ရဲ့ဖုန်းဟာရီမုဒ်ထက်ပိုအသုံး ၀င်နိုင်ပါတယ်။ Screen recording feature လည်းပါဝင်လာခဲ့ပြီး screen ပေါ်မှာလုပ်နေသမျှကို ရုပ်ရှင်အဖြစ် ရိုက်ကူးပေးထားနိုင်ပါတယ်။ Tech support အတွက် အထူးပဲအသုံးဝင်မှာဖြစ်ပါတယ်။ ဒါ့အပြင် ဂိမ်းကစားပုံတွေကိုလည်းမှတ်တမ်းတင်ထားနိုင်ပါတယ်။ WiFi network ကိုတော့ quick access ထဲမှာ မတွေ့ရသေးပါဘူး။

Notification
>>>>><<<<<
Notification တွေကို ဘေးဘက်ကိုပွတ်ကာဖျက်နိုင်လာပြီး အပေါ်ပိုင်းမှာတွေ့ရတဲ့ X ခလုတ်ကိုနှိပ်ပြီး အားလုံးကို ဖျက်ပစ်လို့လည်းရပါတယ်။ Apple ဟာ Android မှာပါဝင်လာတဲ့ ဆန်းသစ်တဲ့ ပုံစံတွေကို လိုက်တုပဖို့ ငြင်းဆန်နေဆဲပဲဖြစ်ပြီး notification တွေကို group တွေနဲ့ ခွဲထားလို့မရပါဘူး။ သဘော ကျစရာအချက်ကတော့ အပေါ်က ဆွဲချလိုက်ရင် screen ဟာ lock screen နဲ့ တူညီတာဖြစ်ပြီး အလုပ်လုပ်ပုံကလည်း တူညီပါတယ်။ ဒါကြောင့်အသစ်သင်ယူနေစရာမလိုပါဘူး။ အထူးသဖြင့် iPhone X မှာ ဖုန်းဟာ သင့်လက်ထဲရှိနေချိန်မှာ unlock ဖြစ်နေမှာဖြစ်တာကြောင့် lock screen နဲ့ notification screen တို့ကို ပေါင်းစပ်ခဲ့တာဟာ အဓိပ္ပာယ်ရှိတဲ့ လုပ်ရပ်တစ်ခုဖြစ်လာခဲ့ပါတယ်။ iPhone X မှာပဲ ပါဝင်တဲ့ နောက်ထပ်အရာတစ်ခုက notification တွေကို screen မှာမမြင်ရအောင် ၀ှက်ထားပေးနိုင်တာပဲဖြစ်ပြီး သင့်မျက်နှာကို မြင်ရမှာပဲ lock screen ပေါ်က ပစ္စည်းတွေကို ပြသပေး မှာဖြစ်ပါတယ်။

The Files App
>>>>><<<<<
iOS 11 မှာ နောက်ထပ်သိထားရမယ့်အရာတစ်ခုကတော့ files app ပါ။ iCloud ကို သေချာသုံးတဲ့သူ အတွက် Files App ဟာ အလွန်ကောင်းမွန်လာခဲ့ပြီး Mac desktop အပါအ၀င် ကျန် devices များမှ စုစည်းထား၍ Folder တစ်ခုတည်းမှာ သိမ်းဆည်းပေးမှာဖြစ်ပါတယ်။ ဒါကိုအရင်ကလည်း ရပြီးသား ဖြစ်ပေမယ့် Apple က အသစ်ထည့်သွင်းခဲ့တာကတော့ အခြား third party cloud storage apps တွေကိုပါ သုံးစွဲခွင့်ပေးခဲ့တာပဲဖြစ်ပါတယ်။ လက်ရှိမှာ ဒီ link တွေဟာ အလုပ်မလုပ်သေးပေမယ့် ကြာတာနဲ့အမျှ လူတွေစိတ်ဝင်စားလာမှာဖြစ်ပါတယ်။ သင်ဘယ် cloud ၀န်ဆောင်မှုကိုပဲသုံးသုံး files App ကနေအလုပ်ဖြစ်၊မဖြစ် ၀င်ရောက်စစ်ဆေးပါတယ်။ အလုပ်ဖြစ်ဖို့ပဲများပါတယ်။ Files app ထဲမှာ iOS ရဲ့နောက်ထပ် feature တစ်ခုဖြစ်တဲ့ drag & drop ကိုလည်း စမ်းသပ်နိုင်တာပဲဖြစ်ပါတယ်။

Drag and Drop
>>>>><<<<<
iPhone ထဲမှာ drag and drop အတွက် သုံးနိုင်တဲ့နေရာနှစ်ခုရှိပြီး တစ်ခုက home screen ဖြစ်ကာ ဒီ icon ကို နည်းနည်းကြာကြာလေးဖိထားခဲ့ရင် jiggly mode လို့ ပတ်ဝန်းကျင်က ပုံစံနဲ့ဆက် လုပ်နေ လို့မဖြစ်ပါဘူး။ Icon တွေကို တစ်ခုချင်းဆီဆွဲထည့်နေရမှာဖြစ်ပြီး အချိန်ကုန်ပါတယ်။ ယခုအခါမှာ တော့ icon ကို တစ်ချက်နှိပ်ပြီး drag Group ထဲကို ပို့ပေးနိုင်တာမို့ screen ကို ရှင်းရတာ ပိုမိုလွယ် ကူစေပါတယ်။ နောက်တစ်နေရာက File app ထဲမှာဖြစ်ပြီး ဖိုင်တွေကို folder တွေကြားမှာ ရွှေ့ယူနိုင် ပါတယ်။ iPad မှာ ပိုမိုအားသာခဲ့ပြီး ဖိုင်တွေ၊ ဓာတ်ပုံတွေရှာတာကို iPad မှာ လက်တစ်ဖက်နဲ့တင် ရနိုင်ပါတယ်။ iPad တကယ်အသုံးဝင်လာဖို့ကတော့ iPad အတွက် drag & drop တွေ နည်းပါး နေဆဲပဲဖြစ်ပြီး iPhone မှာ မရနိုင်သေးတာကတော့ စိတ်ပျက်စရာကောင်းပါတယ်။ iOS ဟာ သုံးစွဲသူ တွေ နှစ်သက်တဲ့ ရှုပ်ထွေးတဲ့ UI ကို ထည့်သွင်းပေးခဲ့ပြီး အရင်လိုဆက်သုံးသွားရင် ရနိုင်ပါလိမ့်မယ်။

Multitasking on the iPad
>>>>><<<<<
iPhone မှာပါတဲ့ multitasking ဟာ အပြောင်းအလဲမရှိလှပါဘူး။ ဒါပေမဲ့ iPad ပေါ်က multitasking အတွေ့အကြုံကတော့ လုံးဝကြီးကိုပြောင်းလဲသွားပါတယ်။ အဓိက iPad နဲ့ အလုပ်လုပ်ဖို့ ကြိုးစားနေ သူတွေအတွက် သိသိသာသာကြီးပြောင်းလဲသွားခဲ့ပါတယ်။ ယခင်ကလိုပဲ split screen ကို ပြုလုပ်နိုင် ပေမယ့် အခုအခါမှာ ပိုမိုလွတ်လပ်မှုရှိလာခဲ့ပါတယ်။ Split screen ပြုလုပ်ရာမှာ apps တွေဟာ multitasking view မှာ အစုံလိုက်မြင်လာရမှာဖြစ်ပါတယ်။ ဒီ့ထက်ပိုကောင်းတာက dock ကတစ် ဆင့် apps တွေကို split screen တစ်ဖက်တစ်ချက်စီကို ဆွဲပို့ပေးနိုင်ပါတယ်။ တတိယမြောက် app ကိုလည်း slide over view မှာ ဖွင့်ထားနိုင်ပြီး ဘေးဘက်ကိုဆွဲကာ ၀ှက်ထားနိုင်သလို ပြန်လည်ခေါ် ယူနိုင်ပါတယ်။ ဒီပုံစံဟာ Mac, PC စတဲ့ system တွေမှာလို သုံးစွဲရတာ လွယ်ကူမှုမရှိသေးတာတော့ သေချာပါတယ်။ ဒါပေမဲ့ iPad မှာ ယခင်ကရှိခဲ့တဲ့ ပုံစံတွေထက်တော့ အများကြီးပိုပြီး စွမ်းဆောင်ရည် မြင့်မားလာတာသေချာပါတယ်။ သင့်အတွက်လုပ်ဆောင်ချက်ဟာ ရှုပ်ထွေးလွန်းတယ်လို့ထင်ရင် လည်း ဒါကိုလျစ်လျူရှုထားပြီး app တစ်ခုပဲ သုံးလို့ရနိုင်ပါတယ်။ ဒီပုံစံကို အကျင့်ရလာပြီဆိုရင်တော့ iPad နဲ့အလုပ်လုပ်ရတာ အရင်ကထက် ပိုလွယ်ကူလာတယ်ဆိုတာကို လက်ခံနိုင်လာပါလိမ့်မယ်။

Siri
>>>>><<<<<
Siri ရဲ့ပြဿနာက လူတွေဟာ Siri ကို စမ်းသုံးပြီး အဆင်မပြေကြတဲ့အတွက် ရပ်တန့်လိုက်တာနဲ့ပဲ အဆုံးသတ်သွားတာပါပဲ။ Siri ဟာ အရင်ကတည်းက လူတွေထင်ထားတာထက် ပိုပြီးစွမ်းဆောင်နိုင်ပါ တယ်။ ဒါကြောင့် Siri ကိုသုံးကြည့်ဖို့ လိုနေပါတယ်။ Apple ဟာ iOS 11 မှာ Siri ကို ထပ်မံ အဆင့်မြှင့်တင်ခဲ့ပြီး Siri ရဲ့ဖြေသံဟာ ပိုမိုအသက်ဝင်လာကာ iOS 11 မှာ Siri ဟာ ဘာတွေ ပိုစွမ်းဆောင်လာနိုင်တယ်လို့ ပြောဖို့ကတော့ ခဲယဉ်းပါတယ်။ အဓိကအကြောင်းက Apple ဟာ Siri ကို server မှာ ပုံမှန် update အမြဲလုပ်ပေးနေတဲ့အတွက်ဖြစ်ပါတယ်။ ဒါကြောင့် စစချင်းမှာ Siri ဟာ အင်္ဂလိပ်ကနေ တရုတ်၊ စပိန်၊ ပြင်သစ်၊ ဂျာမန်၊ အီတလီဘာသာတွေကို ဘာသာပြန်ဆိုပေးနိုင်မှာ ဖြစ်ပါတယ်။ ဒုတိယတစ်ချက်ကတော့ General > Accessibility setting ကနေတစ်ဆင့် Siri ကို စကားနဲ့ပြန်ဖြေမယ့် အစားစာနဲ့ပြန်ဖြေအောင် ပြောင်းလဲပေးနိုင်ပါတယ်။ ဒါပေမဲ့ လက်ရှိကာလမှာ စကားနဲ့ကော စာနဲ့ကော နှစ်မျိုးလုံးတစ်ပြိုင်တည်းဖြေအောင်တော့ မစွမ်းဆောင်နိုင်သေးပါဘူး။ ဘယ် လိုပဲဖြစ်ဖြစ် အသံနဲ့ပြန်ဖြေတာကို မကြိုက်သူတွေများအတွက် ရွေးချယ်စရာရှိလာခဲ့ပြီဖြစ်ပါတယ်။

Inline Drawing
>>>>><<<<<
Notes ထဲမှာ ပုံတွေဆွဲရင် မှတ်စုရေးရင် စာတွေဟာ ဘေးကို အလိုလိုဖယ်ပေးမှာဖြစ်ပါတယ်။ အခု အခါမှာ Notes ထဲက လက်ရေးနဲ့ စာတွေကိုလည်း ရှာဖွေနိုင်စွမ်းရှိလာပြီဖြစ်ပါတယ်။ သင့်ရဲ့ devices ထဲကနေပဲ ရှာဖွေပေးမှာဖြစ်တဲ့အတွက် သင့်ရဲ့ကိုယ်ရေးအချက်အ လက်တွေပေါက်ကြားမှု မရှိနိုင်ပါ ဘူး။ Mail မှာ inline drawing ကိုလည်း ထည့်သွင်းနိုင်လာပါတယ်။

Screenshot
>>>>><<<<<
လွန်ခဲ့တဲ့နှစ်အနည်းငယ်အတွင်းမှာလဲ screenshot ဟာ ဘယ်သူမှ စိတ်မ၀င်စားတဲ့အဆင့်ကနေ လူတိုင်းသုံးတဲ့အဆင့်ကို ရောက်လာခဲ့ပါတယ်။ ဒါကြောင့် Apple ဟာလည်း screen shot ရိုက်တဲ့ပုံစံ တွေကို ပြောင်းလဲလာခဲ့ပါတယ်။ Screenshot ရိုက်တဲ့အခါမှာ ဘယ်ဘက်မှာ thumbnail ပုံလေးမှာ ဖြစ်ပြီး ဘေးကိုဖယ်ထုတ်ထားပြီး save လုပ်ထားနိုင်ပါတယ်။ ဒါကိုသွားနှိပ်ခဲ့ရင်တော့ mini app လေး တစ်ခုပေးလာမှာဖြစ်တယ်။ Crop လုပ်ခွင့်ပေးထားမှာဖြစ်လို့ စာတွေရေးမှတ်ဖို့အတွက် လိုအပ်တဲ့ markers နဲ့ pens tool တွေကိုပေးထားပါတယ်။ iPad နဲ့ ဒါကိုသုံးတာဆိုရင် ပိုပြီး တိတိကျကျရော မှတ်နိုင်ဖို့အတွက် Apple Pencil ကို သုံးနိုင်မှာဖြစ်ပါတယ်။ ဒါကို save လုပ်နိုင်သလို iOS ရဲ့ share sheet ကို သုံးပြီး share လုပ်လို့လည်း ရနိုင်ပါတယ်။

Augmented Reality
>>>>><<<<<
Apple ရဲ့ Augmented Reality System ဟာ iPhone မှာပါဝင်ခဲ့ပြီး အလွန်ကောင်းမွန်မယ်လို့ Apple ကအာမခံထားပါတယ်။ အခန်းကိုတိုင်းထွာကာ အခန်းထဲမှာတင် AR နဲ့ ဂိမ်းတွေ ကစားနိုင်မှာဖြစ်ပါ တယ်။ ဒီစနစ်ကို ARKit ပေါ်မှာ အခြေခံတည်ဆောက်ထားပြီး developer တွေအနေနဲ့ ဒစ်ဂျစ်တယ် ပစ္စည်းတွေကို ဖုန်း screen ပေါ်မှာ မြင်ရအောင်ဖန်တီးနိုင်မှာဖြစ်ပါတယ်။ ခေါင်းမှာစွပ်ထားရတဲ့ Virtual Reality မဟုတ်ပေမယ့် AR အနေနဲ့ ကောင်းမွန်တာကိုတွေ့နိုင်ပါတယ်။ iOS 11 မှာပါလာ မယ့် AR app တွေဟာ ခဏတဖြုတ်အပျော်ကစားပြီး မေ့သွားမလား၊ လူတွေကို ဆက်လက်ဆွဲဆောင် နိုင်မလားကိုတော့ စောင့်ကြည့်ရဦးမှာဖြစ်ပါတယ်။ Apple ဟာ developer တွေကို ဆွဲဆောင်နိုင်လေ့ ရှိတာကြောင့် iOS 11 ရဲ့ AR app တွေကို ကောင်းမွန်လာဖို့ မျှော်လင့်မိပါတယ်။

Live Photos
>>>>><<<<<
ယခင်က iPhone မှာ Live Photos ကို ပိတ်ထားတယ်ဆိုရင် iOS 11 မှာ ပြန်ဖွင့်ပြီး သုံးဖို့အချိန် ရောက်လာပြီဖြစ်ပါတယ်။ iOS 11 မှာ ဓာတ်ပုံနဲ့ ဗီဒီယိုတွေအတွက် encoding စနစ်အသစ် ပါဝင်လာပြီး ဖုန်းရဲ့သိုလှောင်မှုပမာဏကို များစွာ သက်သာစေမှာဖြစ်ပါတယ်။ ဒီ feature အသစ်ဟာ လူစိတ်ဝင်စားမှုသိပ်မခံရပေမယ့် အရေးပါတဲ့အချက်တစ်ခုဖြစ်ပြီး အရင်ကလောက် storage ကို စိတ်မပူရတော့တဲ့အတွက်ဖြစ်ပါတယ်။ Live Photo မှာ အရင်က ဗီဒီယိုအသေးလေးကို ကြည့်နိုင်ပြီး အခုအချိန်မှာတော့ ဒါကိုပြင်ဆင်ခွင့်ရှိပါတယ်။ Loop, Bounce back, Long exposure စသည်ဖြင့် ရွေးစရာများစွာရှိလာခဲ့ပါတယ်။ ဒီ clip လေးတွေကို share လုပ်ရတာ ခက်ခဲဆဲဖြစ်ပေမယ့် အရင်က ထက်ပိုပြီး ကောင်းမွန်လာပါတယ်။ MOV files အဖြစ် save လုပ်ပြီး Social network အများစုမှာ သုံးစွဲနိုင်မှာဖြစ်ပါတယ်။

Instant Markup
>>>>><<<<<
ယခုအခါ PDF (သို့) screenshot တွေကို လွယ်ကူစွာနဲ့ မှတ်စုရေးခြစ်နိုင်ပြီဖြစ်ပါတယ်။ Apple Pencil ကို ကောက်ကိုင်ပြီး တစ်ခါတည်းတန်းရေးခြစ်ရုံပါပဲ။ ဒါကြောင့် Instant Markup ဆိုတဲ့အမည်ဟာ လိုက်ဖက်မှုရှိခဲ့ပါတယ်။

Apple Pencil
>>>>><<<<<
iOS 11 မှာ iPad Pro အတွက် Apple Pencil ဟာ ပိုပြီးကောင်းမွန်ကာ စွမ်းရည်မြင့်မားလာပြီး ပိုမိုသဘာဝကျလာခဲ့ပါတယ်။ တာဝန်များစွာအတွက် ပိုမိုသင့်လျော်လာခဲ့ပြီး notes တွေရေးမှတ်တာ၊ ဖန်တီးမှုတွေအတွက် အထူးသင့်လျော်ခဲ့ပါတယ်။

Scan and Sign
>>>>><<<<<
Notes မှာပါတဲ့ document scanner အသစ်ဟာ document တွေကို အလိုလိုသိရှိကာ scan ဖတ်ယူ ပေးနိုင်ပြီး အစွန်းတွေကို အလိုလို crop လုပ်ပေးနိုင်ကာ အရောင်မညီတာတွေကိုလည်း ဖယ်ရှားပေးပါ တယ်။ ကွက်လပ်နေရာတွေကို Apple Pencil သုံးကာ ဖြည့်စွက်နိုင်သလို လက်မှတ်လည်း ထိုးနိုင်မှာ ဖြစ်ပါတယ်။

Apple Pay
>>>>><<<<<
iOS 11 မှာ Apple Pay ဟာ Message ထဲထိ ရောက်ရှိလာခဲ့ပြီဖြစ်တာကြောင့် သူငယ်ချင်းတွေဆီ ငွေလွှဲနိုင်သလို ကိုယ့်ဆီကိုလည်း ငွေပို့ခိုင်းလို့ ရလာပါတယ်။ ပုံမှန်စကားပြောသလိုပဲ အလွန်လွယ်ကူပါတယ်။ Apple Pay ကို Credit (သို့) Debit Card တွေနဲ့ သုံးနိုင်ပြီး လုံခြုံမှုလည်း အပြည့်အ၀ရှိပါတယ်။


NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal







www.pyaephyo.com