11/22/2016

♪ “NAS Storage နဲ့ Cloud Storage” ♫


ဆက်သွယ်မှုမြန်ဆန်လွယ်ကူတာ၊ data တွေကိုမျှဝေပြီး သုံးနိုင်တာ၊ လုပ်ငန်း တစ်ခုကို ဒစ်ဂျစ်တယ်စနစ် အပြည့်အ၀နဲ့ အလုပ်လုပ်နိုင်တာတွေဟာ စီးပွားရေး လုပ်ငန်းကြီးတွေရဲ့ အောင်မြင်မှုမှာ အခြေခံကျတဲ့ အချက်တွေဖြစ် ပါတယ်။ ကွန်ပျူတာ တစ်လုံးဟာ ရုပ်မြင်သံကြားစက် နဲ့တွဲထားတဲ့ လက်နှိပ်စက်ကြီး မဖြစ်သင့်တော့ပါဘူး။

လုပ်ငန်းစဉ်တစ်ဆင့်နဲ့ တစ်ဆင့်ကြား မှာ မလိုအပ်ရင် စက္ကူမသုံးသင့်ဘူး။ ဒစ်ဂျစ်တယ်ပုံစံပြောင်းထားတဲ့ ဖိုင်တွေနဲ့ လွှဲပြောင်းပြီး အလုပ်လုပ်တာဟာ အဆင့်ကူးပြောင်းမှု မြန်ဆန်စေရုံတင် မက ဘဲ ပြောင်းလွယ်ပြင်လွယ်လည်း ရှိစေပါတယ်။ဒါကြောင့် ၀န်ထမ်းအများကြီး သုံးပြီး အလုပ်လုပ်တဲ့ စီးပွားရေးလုပ်ငန်းကြီးတွေဟာ ကွန်ရက်ချိတ်ပြီး အလုပ်လုပ်ကြရ ပါမယ်။ Data တွေကို ကူးလူးမျှဝေပြီး Team work ပုံစံနဲ့ အလုပ်လုပ်ကြရပါမယ်။ ဒီလိုကိစ္စအတွက် အင်အားကောင်းပြီး Storage ပမာဏကြီးတဲ့ ကွန်ပျူတာတစ်လုံးကို Server အနေနဲ့ ခိုင်းလို့ရပါတယ်။ ဒါပေမယ့် ပြောင်းလဲလာတဲ့ခေတ်ကြီးထဲမှာ လူကြိုက်များပြီး အဆင်ပြေ လွယ်ကူ တာက NAS (Network Attached Storage) နဲ့ Cloud စနစ်တွေဖြစ် ပါတယ်။

NAS ဟာ သိုလှောင်မှု အင်အားကြီးကြီး Hard disk အနည်းဆုံး နှစ်လုံးကနေ အထက်ထည့်သွင်းပေးထားပြီး data တွေ သိုလှောင်မျှဝေရာမှာသုံးတဲ့ ပစ္စည်းဖြစ်ပါတယ်။ အရိုးရှင်းဆုံးပြောရရင် ကိုယ့်ဘာသာ data တွေ သိုလှောင် သိမ်းဆည်းပြီး သက်ဆိုင်သူတွေမျှဝေ သုံးစွဲတဲ့ ကိုယ်ပိုင် အင်တာနက် စနစ်လို့ ပြောနိုင်ပါတယ်။ Cloud ဆိုတာက အွန်လိုင်း Server တွေမှာ data သိုလှောင်သိမ်းဆည်းပြီးဌာနတွင် ၀န်ထမ်းတွေ မျှဝေသုံးစွဲတဲ့ စနစ်ဖြစ်ပါတယ်။ တချို့ပြောသလို မိုးတိမ်တွေ၊ တိမ်တိုက် တွေမဟုတ်ပါဘူး။ ကောင်းကင် ကို မော့မကြည့်ပါနဲ့။စနစ်နှစ်ခုဟာ အားသာချက်တွေ ကိုယ်စီရှိ သလို အားနည်းချက်တွေလည်း ရှိကြပါတယ်။ စီးပွားရေးလုပ်ငန်းကြီးတစ်ခု နေရာကနေ ပထမဆုံး စဉ်းစားမယ်ဆိုရင် data security က ပထမဦးစား ပေးပါ။

ကိုယ့်မှာ အိုင်တီဝန်ထမ်းခန့်ထားပြီး data လုံခြုံရေးနဲ့ စီမံခန့်ခွဲရေး ဆောင်ရွက်မယ်ဆိုရင် NAS စနစ်က အားသာချက်ရှိပါတယ်။ ကိုယ့်လက် ကိုယ်ခြေ လုပ်နိုင်တဲ့ data စနစ်ပါ။ ဒါပေမယ့် တာဝန်ကြီးတော့ ခေါင်းစားပါ တယ်။ Cloud စနစ်က အွန်လိုင်းမှာ သိုလှောင်တဲ့ စနစ်ဖြစ်ပြီး data လုံခြုံရေး တာဝန်ယူသူတွေက အထူးကျွမ်းကျင်သူတွေမို့ သူလည်း အတော်လေး စိတ်ချ ရပါတယ်။ data လုံခြုံရေးအတွက် data သို လှောင်ရေးအတွက် Cloud ၀န်ဆောင်မှုပေးတဲ့သူက တာဝန်ယူရတာမို့ ကိုယ့်ဖက်မှာ တာဝန်တွေ အများကြီး ပေါ့သွားစရာ ရှိပါတယ်။

လုံခြုံမှုပြီးသွားတော့ လုပ်ငန်းစွမ်းဆောင်ရည်နဲ့ မြန်ဆန်မှုအပိုင်းကိုကြည့်ရ အောင်။ အမြန်နှုန်းအပိုင်းကို ကြည့်မယ်ဆိုရင် NAS က အားသာချက်ရှိတာ အမှန်ပါပဲ။ မြန်ဆို NAS က ကိုယ့်ဌာန ထဲမှာ ကိုယ်နဲ့အနီးဆုံးနေရာမှာရှိတာ လည်း ပါတယ်။ ဒါ့အပြင် Hard disk တွေကို ဌာနတွင်း ကွန်ရက်ကတစ်ဆင့် လှမ်းပြီးရေးတဲ့ ဖတ်တဲ့အခါ လိုသလို hardware ပိုင်းမြှင့်နိုင်တာလည်း ပါပါ တယ်။ ကွန်ပျူတာနဲ့ NAS ကြား ဆက်သွယ်အလုပ်လုပ်တဲ့ အမြန်နှုန်းဟာ ဖိုင်အရွယ်အစား အရေအတွက်ပေါ်မူတည်တယ်။ NAS ထဲမှာထိုင်ထားတဲ့ CPU နဲ့ RAM အပေါ်မှာတည်တယ်။ NAS ထဲမှာထည့်ထားတဲ့ HD တွေရဲ့ စွမ်းဆောင်ရည်အပေါ်မှာ လည်း မူတည်တယ်။

Hardware ပိုင်းကို ကိုယ့် စိတ်ကြိုက် အရည်အသွေးအမြင့်ထားနိုင်တာမို့ စွမ်းဆောင်ရည် ပိုကောင်း နိုင်ပါတယ်။ ဗီဒီယို ဖိုင်လိုအရွယ်အစားကြီး ဖိုင်တွေကတော့ အနီးဆုံး အမြန်ဆုံးကွန်ရက်နဲ့ ချိတ်တာက စွမ်းဆောင်ရည်ကောင်းဖို့ အသေချာဆုံးပါ။ Cloud အပိုင်းကိုကြည့်ရင် သူတို့ hardware တွေက ရောင်းတန်းသုံးအဆင့် တွေပါ။ အင်္ကျီမှာ စက်ရုံချုပ်နဲ့ ကိုယ်တိုင်းချုပ် ကွာသလို ကွာပါတယ်။ Cloud ၀န်ဆောင်မှုသုံးသူက အလုပ်ဖြစ်ရုံး hardware နဲ့ software သုံးမယ်၊ ကိုယ့်ဖက်ကလည်း ဒီအတိုင်းပဲရှိမယ်ဆိုရင် စွမ်းဆောင်ရည်ပိုင်းက အကန့် အသတ် ရှိနေပါမယ်။ ဒီကြားထဲမှာ အင်တာနက်အမြန်နှုန်းက 4G ပြောပြီး 1 Mbps ပြည့်အောင်မရတဲ့ဟာမျိုးဆိုရင် ပြီးပါလေရော။

NAS အားကိုးမယ်ဆိုရင် ကွန်ပျူတာတွေနဲ့ NAS ကြားမှာ Gigabit Ethernet connection သုံးပြီး Link ချိတ်နိုင်တယ်။ အလုပ်လုပ်တာ အတော်မြန်ပါတယ်။ 802.11 n Wi-Fi သုံးပြီး ကွန်ရက်ချိတ်မယ်ဆိုရင်တောင် အမြန်နှုန်းက 300-400 Mbps အမြန်နှုန်းရပါမယ်။ 802.11 ac စနစ်သုံးပြီး ချိတ်ဆက်နိုင်မယ် ဆိုရင် 1300 Mbps အထိရနိုင်ပါတယ်။ fiber လိုင်းသုံးပြီး ကွန်ရက်ချိတ်တာ ကလည်း အတော်မြန်ပါတယ်။ ဒါပေမယ့် အမြင့်ဆုံး အမြန်နှုန်း 300 Mbps ပဲရှိပါတယ်။ ပုံမှန်ရလေ့ရှိတဲ့ အမြန်နှုန်းက 100 Mbps ၀န်းကျင်ပါ။

Fiber broadband သုံးရင်ဖြင့် စနစ်က အွန်လိုင်းပေါ် Cloud ပေါ်မှာထားကြတာ များပါတယ်။ ဒီနေ့ခေတ် ကွန်ရက်ထဲမှာ အမြန်ဆုံးလို့ဆိုတဲ့ Fiber စနစ်ဟာ တန်သလောက် အမြန်နှုန်း တည်ငြိမ်တယ်ဆိုပေမယ့် download နဲ့ upload အမြန်နှုန်း မတူညီတဲ့ အားနည်းချက်ရှိပါတယ်။ ကိုယ်ပို့ချင်တဲ့ ဖိုင်တွေကို ဖိုင်ဘာကွန်ရက်ကနေ အွန်လိုင်း ပေါ်ပို့တဲ့အခါမှာ အများဆုံး 30 Mbps လောက်ပဲ ရလေ့ရှိလာပါတယ်။ ပုံမှန်ရလေ့ရှိတဲ့ အမြန်နှုန်းက 7 Mbps အမြန်နှုန်းပါ။ အပြောတခြား၊ အလုပ်တခြား ဖြစ်လေ့ရှိတဲ့ ကျွန်တော်တို့နိုင်ငံ မှာက အခြေအနေပိုဆိုးနိုင်ပါတယ်။ Fiber ကွန်ရက်ထဲမှာ ၀င်ပြီး သုံးသူတွေ များလေ အမြန်နှုန်းနှေးလေဆိုတာလည်း သတိချပ်ဖို့လိုပါတယ်။

ကြိုးမဲ့ကွန်ရက်ကဖြစ်ဖြစ်၊ ကြိုးသွယ်ကွန်ရက်ကဖြစ်ဖြစ် Cloud ၀န်ဆောင်မှု ပေးသူတွေက ပေးနိုင်တဲ့ bandwidth က ကိုယ်ပိုက်ဆံတတ်နိုင်ရင် တတ်နိုင် သလို ကောင်းကောင်းရနိုင်ပါတယ်။ သီဝရီအရပြောရင် Upload နဲ့ download ကို 100 Mbps အထိ ရနိုင်ပါတယ်။ လက်တွေ့ကျွန်တော်တို့ဆီမှာ အများဆုံး ရလှ 15 Mbps ထက် ပိုဖို့မလွယ်ပါဘူး။ ဗီဒီယိုဖိုင်ကြီးတွေနဲ့ အလုပ် လုပ်ရတဲ့ Multimedia လုပ်ငန်းဆိုရင် အပြီးသတ်အဆင့် မရောက်မီစပ်ကြားမှာ ဌာန တွင်း NAS နဲ့သုံးတာ အကောင်းဆုံးပါ။ ဌာနတွင်း ကွန်ပျူတာတွေကို fiber လိုင်းသုံးပြီး NAS နဲ့ချိတ်ရင် အမြန်နှုန်းပိုကောင်း ပါမယ်။မြန်ပါတယ် ဆိုတဲ့ အွန်လိုင်း Cloud စနစ်မှာ ဗီဒီယိုဖိုင် ရုပ်ရှင်တစ်ကားစာလောက်ကို upload တင်ရင် (၇) မိနစ်ဝန်းကျင် ကြာပြီး download ဆွဲရင် သုံးမိနစ်က ခြောက်မိနစ်ကြား ကြာပါတယ်။ Fiber လိုင်း သုံးပြီးဌာနတွင် ကွန်ပျူတာ တွေကို NAS နဲ့ ချိတ်ဆက် အလုပ်လုပ်ရင် ဖိုင်လွှဲပြောင်းမှုဟာ ငါးစက္ကန့် ကျော်ကျော်ပဲကြာပါတယ်။ သူက အသင့်တော်ဆုံးပါ။ Fiber လိုင်းချိတ်ပြီး အွန်လိုင်းနဲ့ချိတ်ဆက် ဆောင်ရွက်ရင် broadband ဆိုတာတောင်မှ download အမြန်နှုန်း 32 Mbps ရပြီး upload 10 Mbps ရပါမယ်။ ကွာခြား ချက် သိသာပါတယ်။

ကုန်ကျစရိတ်အပိုင်းကိုကြည့်ရင် လတ်တလော ရင်းနှီးမြှုပ်နှံစရိတ်မှာ NAS က များပါတယ်။ GTB သိုလှောင်နိုင်တဲ့ Western Digital NAS ဟာ ဒေါ်လာ (၇၀၀) လောက် ကုန်ကျစရိတ်ရှိပါတယ်။ Google Drive ကို လုပ်ငန်းသုံး အဆင့် သုံးမယ် ဆိုရင် 1Tb အတွက် တစ်နှစ်တာ ငှားရမ်းစရိတ် ဒေါ်လာ (၁၂၀) ကျပါတယ်။ data စီမံခန့်ခွဲမှုနဲ့ လုံခြုံမှုကို Google က တာဝန်ယူ ပေးတဲ့ အားသာချက်တော့ ရှိပါတယ်။ ဒါပေမယ့် သုံးနှစ်လောက်ကြာတဲ့အချိန်မှာ NAS စနစ်က 1 Tb အတွက် တစ်နှစ် ကုန်ကျ စရိတ် ဒေါ်လာ (၃၀) ပဲရှိပါ တယ်။ မီတာခ ကုန်ကျစရိတ်ကိုပါ ထည့်တွက်ရင် ဒီထက်နည်းနည်းပိုပါမယ်။ Dropbox ကို Box တို့ ပြောင်းသုံးရင်လည်း သိပ်မထူးပါဘူး။ မိုဘိုင်းခေတ် ထဲမှာ အလုပ်လုပ်ရင် ထည့်စဉ်းစားရမှာက Mobile Access နဲ့ Sync ကိစ္စဖြစ် ပါတယ်။

အရွယ်အစားကြီး ဖိုင်တွေနဲ့ အလုပ်မလုပ်ရဘူးဆိုရင် ဒီကိစ္စက ထည့်စဉ်းစားသင့်တယ်။ Fiber browsing နဲ့ downloading တွေကို Mobile app ကတစ်ဆင့် အဆင်ပြေပြေ ဆောင်ရွက်နိုင်တယ်။ data ကုန်ကျစရိတ်က သင့်တော်မယ်ဆိုရင် Video - streaming လည်း လုပ်နိုင်ပါတယ်။ ကိုယ့် NAS ကို အင်တာနက်ချိတ် လိုက်မယ်ဆိုရင် သူနဲ့တွဲသုံးနိုင်မယ့် Mobile app တွေရှိ နေပါပြီ။ Sync အပိုင်း ကို စဉ်းစားမယ်ဆိုရင်လည်း ဒီနေ့ခေတ်မှာ အကောင်းဆုံး တန်းဝင် NAS တွေဟာ Sync setup လုပ်ရတာကို အလို အလျောက် လုပ်ဆောင် ပေးလာနိုင်ပါတယ်။ ဒါတွေလုပ်ချင်ရင် NAS ကို ဌာနတွင်း ကွန်ရက်မှာ သီးခြားသုံးလို့မရတော့ဘဲ အင်တာနက် ချိတ်ဆက်ရ ပါမယ်။

Cloud ၀န်ဆောင်မှုတွေကတော့ Sync နဲ့ Mobile access မှာ အကောင်းဆုံး ဖြစ်ပါတယ်။ ဒီကိစ္စအတွက် dropbox ကို စဉ်းစားနိုင်ပါတယ်။ တကယ်တမ်း အလုပ်ဖြစ်အောင် စဉ်စားမယ်ဆိုရင် NAS နဲ့ Cloud ကို ပြိုင်ဖက်တွေလို သဘောထားဖို့ မသင့်ပါဘူး။ လုပ်ငန်းလိုအပ်ချက်အလိုက် တချို့နေရာတွေမှာ NAS ကိုသုံးပြီး တချို့နေရာတွေမှာ Cloud ကို မဖြစ်မနေ သုံးရပါမယ်။ ဒါမှသာ ကုန်ကျစရိတ်နဲ့ စွမ်းဆောင်ရည်ကို မျှမျှတတ သုံးနိုင်ပါလိမ့်မယ်။


နောင်စိုး(ထားဝယ်)
Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal





<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 






www.pyaephyo.com