6/12/2016

♪ Apple Store တွေကနေ iPhone အလစ်သုတ်ဖို့အတွက် အပြာရောင်ရှပ်တစ်ထည်ပဲ လိုအပ်နေသလား ♫


လွန်ခဲ့တဲ့တစ်ပတ်၊ ဂျွန်လ ၁ ရက်နေ့တုန်းက နယူးယော့ခ်စီးတီးမှာရှိတဲ့ SoHo Apple Store ကနေ သူခိုးနှစ်ယောက်ဟာ Apple Store ၀န်ထမ်းအယောင်ဆောင်ပြီး၊ iPhone ၁၉ လုံးကို အလစ်သုတ်သွားခဲ့ပါတယ်။

သူခိုးနှစ်ယောက်ထဲက တစ်ယောက်ဟာ Apple Store ၀န်ထမ်းယူနီဖောင်းဖြစ်တဲ့ ပန်းသီးတံဆိပ်ပါအပြာရောင်ရှပ်အင်္ကျီနဲ့ ဆင်တူတဲ့ အပြာရောင်ရှပ်အင်္ကျီဗြောင်တစ်ထည်ကို ၀တ်ဆင်ပြီး၊ “Repair Room” အခန်းထဲထိဝင်ကာ iPhone 6s အသစ်စက်စက်တွေကို အလစ်သုတ်သွားခဲ့တာပါ။

အဆိုပါ Apple Store ၀န်ထမ်းအယောင်ဆောင်ထားတဲ့သူခိုးဟာ Repair Room ထဲမှာရှိတဲ့ အံဆွဲထဲကနေ iPhone ၁၉လုံးကို ဆွဲယူကာ၊ အပြင်ကို ခပ်တည်တည်နဲ့ ပြန်ထွက်လာပါတယ်။

ထို့နောက် အသင့်ပါလာတဲ့အဖော်ဆီ ဖုန်းတွေလွှဲပေးပြီး၊ အဆိုပါအဖော်ဖြစ်သူက ရှပ်အင်္ကျီအောက်မှာ ဖုန်းတွေကို ဖွက်ယူသွားကာ၊ စတိုးအပြင်ဘက်ထိ အေးအေးဆေးဆေး လမ်းလျှောက်ထွက်သွားခဲ့တာ ဖြစ်ပါတယ်။ တန်ဖိုးအားဖြင့် ဒေါ်လာ ၁၆၁၃၀ တန်ဖိုးရှိတဲ့ ဖုန်းတွေဟာ စက္ကန့်အနည်းငယ်အတွင်း အလစ်သုတ်ခံခဲ့လိုက်ရပါတယ်။

လုံခြုံရေးတွေကို ဖြတ်ပြီး၊ Apple Store အပြင်ဘက်ထွက်သွားနိုင်တဲ့အကြောင်းရင်းကတော့ အခိုးခံလိုက်ရတဲ့ iPhone အသစ်တွေမှာ ဆန်ဆာတွေ မတပ်ထားဘဲ၊ unlocked လုပ်ပြီးသားဖုန်းတွေဖြစ်နေတာကြောင့် ဖြစ်ပါတယ်။ ဒီ့အပြင် အဆိုပါစတိုးဟာလည်း “သင်တန်းပေးနေရာ” တစ်ခုဖြစ်နေတာကြောင့်၊ ရှပ်အင်္ကျီအပြာဝတ်မျက်နှာစိမ်းတစ်ယောက်ဆို ဘယ်သူဘယ်ဝါ မေးမြန်းတာမျိုး သိပ်လုပ်လေ့မရှိတာကြောင့်၊ အခုလို လွယ်လွယ်အခိုးခံခဲ့ရတာ ဖြစ်တယ်လို့ သိရပါတယ်။

အလားတူဖြစ်ရပ်မျိုး၊ ယခုနှစ်အစောပိုင်းတုန်းကလည်း တစ်ကြိမ်ဖြစ်သွားခဲ့ပါသေးတယ်။ Apple Store ၀န်ထမ်းအယောင်ဆောင်ထားတဲ့ သူခိုးအဖွဲ့ဟာ နယူးယော့ခ် မှာပဲရှိတဲ့ Apple Store ကနေ iPhone ၅၉ လုံး ခိုးယူသွားခဲ့ပါသေးတယ်။ အဆိုပါ iPhone တွေဟာလည်း “Repair Room” မှာထားတဲ့ အလုံးတွေဖြစ်တာကြောင့်၊ စတိုးကနေအပြင်ကိုယူသွားတာနဲ့ လုံခြုံရေးသတိပေးမယ့်ဆန်ဆာတွေ မတပ်ထားဘူးလို့ သိရပါတယ်။

ဒီသတင်းတွေကြောင့် Apple Store တွေကနေ တန်ဖိုးကြီး iPhone တွေအလစ်သုတ်ဖို့အတွက် အပြာရောင် ရှပ်တစ်ထည်ပဲလိုအပ်သလားလို့ မေးခွန်းထုတ်စရာဖြစ်နေပါတယ်။

ယခုအပြာရောင်ရှပ်အင်္ကျီဟာ ၂၀၁၅ ခုနှစ်တုန်းက ပြောင်းခဲ့တဲ့ ယူနီဖောင်းဖြစ်ပြီး၊ Apple တံဆိပ်က အနည်းငယ်သေးသွားကာ၊ ရင်ဘတ်အလည်တည့်တည့်နေရာကို ရောက်သွားပါတယ်။ ဒီလို Apple Store ယူနီဖောင်းရှပ်တွေဟာ ebay မှာ ပုံနေသလို၊ မိမိကိုယ်တိုင်လည်း ပရင့်ရိုက်လို့ရတဲ့ဒီဇိုင်းမျိုးပါ။

Apple Store ယူနီဖောင်းတွေဟာ ရာသီအလိုက်ပြောင်းလေ့ရှိပေမယ့်၊ ကုမ္ပဏီအနေနဲ့ ဒီထက် ပိုရှုပ်ထွေးတဲ့ ဒီဇိုင်းမျိုးကို မြန်မြန်ပြောင်းရင်ပြောင်း၊ ဒါမှမဟုတ် “Repair Room” တွေမှာ လုံခြုံရေးပိုမြှင့်ဖို့ လိုအပ်လျက်ရှိကြောင်း The Next Web ရဲ့ အယ်ဒီတာတစ်ဦးဖြစ်သူ Natt Garun ရေးသားထားတဲ့ “ Stealing iPhones from the Apple Store is apparently as easy as wearing a blue shirt” သတင်းဆောင်းပါးကို ဆီလျော်အောင် ဘာသာပြန်တင်ဆက်လိုက်ပါတယ်။


Credit to ==> Digital Times

<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 




www.pyaephyo.com