7/11/2015

♪ iPhone 6S ထက် ခြေတစ်လှမ်း သာစေဖို့ Galaxy Note 5 အား သြဂတ်စ်လအတွင်း မိတ်ဆက်ပြသမည် ♫


အထင်ကရ သတင်းစာကြီး တစ်စောင်ဖြစ်တဲ့ Wall Street Journal ရဲ့ အဆိုအရ Samsung ဟာ ယင်းတို့ရဲ့ စူပါစမတ်ဖုန်း အသစ်ဖြစ်လာမယ့် Galaxy Note 5 အား ပုံမှန်ထက် ၁ လ စောပြီး လာမယ့် သြဂတ်စ်လအတွင်းမှာ ထုတ်ဖော်ပြသ သွားလိမ့်မယ်လို့ သိရှိရပါတယ်။

Samsung အနေနဲ့ ယခုကဲ့သို့ ဆောင်ရွက်ရခြင်းမှာ စက်တင်ဘာလအတွင်း ဂျာမနီနိုင်ငံ ဘာလင်မြို့မှာ ကျင်းပမယ့် IFA နည်းပညာ ပြပွဲကြီးမှာ ထုတ်ဖော်ပြသဖို့ ရှိနေတဲ့ မဟာပြိုင်ဖက်ကြီး Apple ရဲ့ iPhone 6S အား အာရုံလွှဲနိုင်စေဖို့ ဖြစ်ပြီး Note 5 အား အမေရိကန် မြို့ကြီးတစ်မြို့မှာ မိတ်ဆက်အခမ်းအနား ပြုလုပ်ပြီး ထုတ်ဖော်ပြသ သွားမယ်လို့ သိရပါတယ်။

ဤသတင်းကို ကြည့်ခြင်းအားဖြင့် Galaxy S6 နဲ့ S6 Edge တို့ရဲ့ ရောင်းအား ထင်သလောက် မကောင်းတာကြောင့် ဖိအားဝင်နေတဲ့ Samsung ရဲ့ စိုးရိမ်ပူပန်မှု အခြေအနေကို တွေ့နိုင်ပြီး Note 5 အား ဈေးကွက်ထဲသို့ အမြန်ဆုံး ဖြန့်ချိပြီး ရောင်းအား ပြန်လည်မြှင့်တင်ဖို့ ကြိုးစားနေဟန် ရှိနေပါတယ်။

Samsung ဟာ အရွယ်အစား ပိုမိုကြီးမားတဲ့ Galaxy S6 Edge ကိုလည်း မကြာမီမှာ ထုတ်ဖော်ပြသမယ်လို့ သတင်းများ ထွက်ပေါ်နေပါတယ်။

အင်တာနက်ပေါ် ပြန့်နှံ့နေတဲ့ ကောလာဟလများအရ Galaxy Note 5 ဟာ ၅.၇ လက်မအရွယ် qHD မျက်နှာပြင် ပါရှိမှာဖြစ်ပြီး Galaxy S6 ထက် စွမ်းရည်ပိုမိုမြင့်မားပြီး စွမ်းအင်သုံးစွဲမှု သက်သာတဲ့ Exynos 7422 All-in-One ပရော်ဆက်ဆာကို သုံးစွဲထားမယ်လို့ သိရပါတယ်။

Exynos 7422 ဟာ ပရောက်ဆက်ဆာ (CPU) ၊ ဗီဒီယိုယူနစ် (GPU) ၊ RAM နဲ့ LTE Modem တို့ကို ပေါင်းစပ်ဖန်တီးထားတဲ့ စနစ်ဖြစ်လို့ All-in-One လို့ ခေါ်ဆိုတာ ဖြစ်ပါတယ်။

ပုံစံဒီဇိုင်းပိုင်းမှာတော့ Galaxy S6 အကြီးစား ဖြစ်လာဖွယ်ရှိနေပြီး သတ္တုနဲ့ ဖန်သား ပေါင်းစပ်မှုပုံစံနဲ့ပဲ ထုတ်လုပ်မယ်လို့ သတင်းများ ထွက်ပေါ်နေပါတယ်။


Credit to ==> Myanmar Consumer Guide


<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 




www.pyaephyo.com